RCSS/SSA ခေါင်းဆောင် ဦးယွက်ဆစ် စကခ (၁) မှူးနဲ့ သွားရောက်တွေ့ဆုံ


2015.12.13
ywat-sit-rcss-ssa-620.JPG RCSS/SSA ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ကိုတွေ့ရစဉ်
Photo: RFA

ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ (RCSS/SSA) အဖွဲ့ခေါင်းဆောင် ဦးယွက်ဆစ်ဟာ မြန်မာ့တပ်မတော် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ကျောက်မဲ) စကခမှူးကို ပြီးခဲ့တဲ့ ရက်ပိုင်းက စကခ(၁) အခြေစိုက်ရာ ခမရ(၅ဝ၂) တပ်ရင်းမှာ တစ်ညအိပ်သွားရောက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း  PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ဖေါ်ပြလိုက်ပါတယ်။

ဘာတွေဆွေးနွေးကြတယ် ဆိုတာကိုတော့ ဖေါ်ပြမထားပါဘူး။ ရှမ်းပြည်တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့တွေ အနေနဲ့  တအာင်းဒေသအတွင်းကို ဝင်ရောက်ရာလမ်းကြောင်းဟာ ကျောက်မဲ စကခ(၁) နယ်မြေအတွင်းတည်ရှိတဲ့ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်တို့ကို ဖြတ်သန်းသွားလာရပါတယ်။ အဲ့ဒီလို ဖြတ်သန်းရာမှာ ပြဿနာတွေ ပေါ်ပေါက် လာနိုင်အတွက် ဆွေးနွေးတယ်လို့ ယူဆရပါတယ်။

အခုအချိန်မှာ RCSS/SSA တပ်ဖွဲ့တွေဟာ သီပေါမြို့နယ်နဲ့ ကျောက်မဲမြို့နယ် ပတ်ဝန်းကျင်နယ်မြေမှာ အင်အား ၂ဝဝ ကျော် ဝင်ရောက်လှုပ်ရှား လာနေတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း  တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာနဲ့ လုံတောက်ကျေးရွာ ကြားမှာ မနေ့က နေ့လည်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA  တပ်ရင်း (၄၃၄) နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇) တို့ နာရီဝက်နီးပါး နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း PSLF/TNLA  က ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။