ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်လာရေး RCSS တိုက်တွန်း

သီဟထွန်း၊ နေမျိုးထွန်း
2020.01.07

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ လက်ရှိ NCA-S EAO (၁၀) ဖွဲ့ထဲနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာ သတိထားဖို့လိုတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  PPST ရဲ့ ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်းပြီး နည်းလမ်းပေါင်းစုံ ရှာဖွေဖော်ထုတ်ဖို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သဘောထား ချမှတ်ခဲ့ပါတယ်။

NCA-S EAO (၁၀) ဖွဲ့ထဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်တာကို သတိထားဖို့လိုတယ်လို့ PPST အစည်းအဝေးအပြီး နိဂုံးချုပ်မိန့်ခွန်းမှာ ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောလိုက်ပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်းပြီး နည်းလမ်းမျိုးစုံ ရှာဖွေ ဖော်ထုတ်ဖို့ သဘောထား ချမှတ်နိုင်ခဲ့တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ မိမိတို့ လက်ရှိ NCA-S EAO (၁၀) ဖွဲ့ထဲနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာကို သတိချပ်ဖို့လိုပါတယ်။”

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းပဋိပက္ခတွေကို ဖြေရှင်းဖို့ ထိုက်သင့်တဲ့ အချိန်ယူရမှာ ဖြစ်ပြီး အဲဒီလို ဖြေရှင်းဆောင်ရွက်ရာမှာလည်း အခက်အခဲတွေနဲ့ မလွဲမသွေ ကြုံတွေ့ရမှာ ဖြစ်ကြောင်းနဲ့ တည်တည်ငြိမ်ငြိမ်၊ စိတ်ရှည်လက်ရှည်နဲ့ အောင်မြင်မှုပန်းတိုင်ရောက်အောင် အရောက်လှမ်းဖို့ လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ နှစ်လယ်လောက်မှာ ကျင်းပနိုင်ဖို့ သဘောထားရှိတာကြောင့် အဲဒီအပေါ်မှာ ဦးတည်ပြီး အဆင့်ဆင့် ဆက်သွားဖို့ရှိတယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

“အားလုံးသိသလိုပဲလေ၊ ငြိမ်းချမ်းရေးလုပ်ငန်းကလည်း တရားဝင်သွားဖို့ကလည်း တစ်နှစ်ကျော် ကျွန်တော်တို့ မကျင်းပနိုင်တဲ့ အနေအထားရှိတယ်။ အဓိက က အဲကိစ္စပါ။ အဲဒီ တစ်ဆို့မှုတွေကို ကျွန်တော်တို့ ဘယ်လို ကျော်လွှားနိုင်မလဲ။ ပြီးတော့ မူအရကြတော့ အားလုံးက ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကိုတော့ ဒီနှစ်ထဲမှာ လုပ်ကြရအောင်ဆိုတဲ့ သဘောထားရှိတယ်ဆိုတော့ အဲဒီအပေါ်မှာ ဦးတည်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ဆက်သွားဖို့ရှိတယ်ဆိုတဲ့ အနေအထား။ ချုပ်ပြီးပြောရရင် မနက်ဖြန်အတွက် JICM အစည်းအဝေးတက်ဖို့ ကျွန်တော်တို့ဘက်က ဆုံးဖြတ်တယ်။ ဆွေးနွေးမယ့် အကြောင်းအရာကိုလည်း သတ်မှတ်နိုင်တယ်။ နောက် ဒီအစည်းအဝေးပြီးတာနဲ့ ရှေ့ဆက် လုပ်ငန်းစဉ်တွေကိုလည်း ဒီမှာချမှတ်နိုင်ခဲ့တယ်။ အဲလောက်ပဲ ပြောနိုင်ပါတယ်နော် ”

JICM အစည်းအဝေးကနေ အားလုံးလက်ခံနိုင်တဲ့ အဖြေရလဒ်တွေ ရရှိဖို့ မျှော်လင့်တယ်လို့လည်း ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုပါတယ်။

မနက်ဖြန်မှာ ၈ ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပသွားမှာဖြစ်ပြီး NCA မှာ ပါနေတဲ့ အခန်း ၃၊ အခန်း ၄ နဲ့ အခန်း ၆ ကိစ္စတွေ အရေးတကြီး ဆွေးနွေးဖို့ ရှိတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီက ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

“ကျွန်မတို့ NCA မှာပါနေတဲ့ အခန်း ၃၊ အခန်း ၄၊ အခန်း ၆ ကိစ္စတွေကတော့ အရေးတကြီး ဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကတော့ အခန်း ၃ မှာ အခန်း ၄ မှာ ပါတဲ့အတွက်ကြောင့် အဲဒီကိစ္စတွေကိုလည်း ဆက်လက်ပြီးတော့ ဆွေးနွေးသွားဖို့ရှိပါတယ်။ ရလဒ်ကတော့ ကောင်းလာလိမ့်မယ်လို့ ကျွန်မတို့ အများကြီး ပြင်ဆင်ထားပါတယ်။ ဒီ JICM အစည်းအဝေး မဖြစ်ခင်မှာ ကျွန်မတို့ ကြိုတင်ပြီးတော့မှ ဆွေးနွေးထားတဲ့ ဆွေးနွေးချက်တွေ၊ ပြီးရင် အလွတ်သဘော ဆွေးနွေးမှုတွေလည်း ရှိခဲ့ပါတယ်။ အဲဒါကြောင့် လာမယ့် JICM အစည်းအဝေးက အကောင်းဆုံး လမ်းပွင့်သွားမယ် အစည်းအဝေးလို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်။”

NCA စာချုပ် အခန်း ၃ မှာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအတွက် လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကို ထည့်သွင်း ရေးဆွဲထားပြီး အခန်း ၄ ကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ရမယ့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ လုပ်ငန်းစဉ်တွေကို ထည့်သွင်း ရေးဆွဲထားပါတယ်။ အခန်း ၆ မှာတော့ ယုံကြည်မှု တည်ဆောက်ရေးနဲ့ စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ထည့်သွင်းရေးဆွဲထားတာ ဖြစ်တယ်လို့သိရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းကတည်းက တရားဝင် မကျင်းပနိုင်ခဲ့ဘဲ ဒီကြားထဲမှာ အလွတ်သဘော ဆွေးနွေးမှုတွေသာ ရှိခဲ့တာကြောင့် မနက်ဖြန်မှာ ကျင်းပမယ့် JICM အစည်းအဝေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို တရားဝင် ပြန်လည်စတင်နိုင်ဖို့ အရေးပါတဲ့ အစည်းအဝေးဖြစ်ပါတယ်။

တိုင်းရင်းသားအရေးနဲ့ စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ NCA နဲ့ ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် အဓိပ္ပါယ်ဖွင့်ဆိုချက် မတူတာတွေကို ကြေကြေလည်လည် ဆွေးနွေးဖြေရှင်းသွားမယ်ဆိုရင်တော့ နောက်ပိုင်း UPDJC လို၊ JMC လိုဆွေးနွေးပွဲတွေမှာ ဆက်ဆွေးနွေးနိုင်ရင် အဆင်ပြေသွားနိုင်တယ်လို့ ပြောပါတယ်။

“NCA ပါ အခန်းတွေနဲ့ ပတ်သက်ပြီးတော့ ခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးတာကတော့ ကောင်းတဲ့ကိစ္စလို့ မြင်ပါတယ်။ NCA နဲ့ ပတ်သက်ပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် အဓိပ္ပါယ်ဖွင့်ဆိုချက် မတူတာတွေနဲ့ ပတ်သက်ပြီး ကျေကျေလည်လည် ဆွေးနွေးနိုင်မယ်ဆိုရင်တော့ နောက် UPDJC ဆွေးနွေးပွဲတွေလို၊ JMC ဆွေးနွေးပွဲတွေလို ဆက်ပြီးဆွေးနွေးသွားနိုင်ရင် အဆင်ပြေလိမ့်မယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်လုပ်မယ့် JICM ဆွေးနွေးပွဲဟာ NCA လုပ်ငန်းစဉ်ပါ တရားဝင် ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး လမ်းပွင့်သွားတယ်လို့ပဲ ပြောရပါမယ် ”


JICM အစည်းအဝေးကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော် ခရီးစဉ်ပျက်ခဲ့ပြီးနောက်မှာ ပြန်လည်စတင်နိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

PPST ယာယီအဖွဲ့ခေါင်းဆောင်ဖြစ်သလို RCSS ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ  ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပြီးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းကတော့ တကယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖြစ်ရင် အဓိက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တာတွေ ဆွေးနွေးသွားမှာဖြစ်ပြီး တခြား တပ်ပိုင်းဆိုင်ရာ ကိစ္စအချို့လည်း ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တပ်မတော်က ဖမ်းဆီးထားတဲ့ RCSS တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရေး ကိစ္စတွေကိုလည်း ဆွေးနွေးနိုင်ခြေရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။