ဇလွန်မြို့နယ်မှာမြေနေရာ အစားပေးမည်


2017.04.21
land-collapse.jpeg ပြိုကျနေတဲ့မြစ်ကမ်းပါးတစ်ခုကို တွေ့ရစဉ်
Photo: RFA

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဧရာဝတီမြစ်ကမ်းပါးပြိုလို့ ပြောင်းရွှေ့ခဲ့ရတဲ့ ဂုံညှင်းတန်းကျေးရွာနဲ့ အထွဋ်ကျေးရွာတွေ က အိမ်ခြေ ၁၇၀ ကို နေရာပြန်ပေး ဖို့အတွက် တိုင်းဒေသကြီးအစိုး ရအဖွဲ့က မြေနေရာရှာဖွေနေပါတယ်။

မြေနေရာတွေကို နီးစပ်ရာကျေးရွာတွေမှာ ရှာဖွေနေတာဖြစ်ပြီး တကယ်လို့ ရှာတွေ့တယ်ဆိုရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးမြေနေရာဝယ်ဖို့အတွက် ပြည်ထောင်စုအစိုးရရဲ့ လူမှုဖွံ့ဖြိုးရေး ရန်ပုံငွေကနေ ထုတ်ပေး မှာဖြစ်တယ်လို့ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးကျော်နိုင်ထွန်းက ပြောပါတယ်။

"အရှေ့ဘက်ကမ်းမှာရှိတဲ့ အထွဋ်ရွာနဲ့ ဂုံညှင်းတန်းရွာက  ရွှေ့ရပြောင်းရတဲ့ သူတွေအတွက် မြေနေရာ ရှိတယ်ဆိုရင်ရှာခိုင်းတယ်။  ရှာပြီးတော့ အဲဒီမြေပေါက်ဈေးဘယ်လောက်ရှိလဲ ပေါက်ဈေးအတိုင်းကို  တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘယ်နှစ်ဧကလိုလဲ ၅ ဧကလိုလား၊ ၃ ဧကလိုလား၊  ၄ဧကလိုလားအဲ့ဒါ ထုတ်ပေးမယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က  ထုတ်ပေးပြီးပြီဆိုရင် အဲဒီရထားတဲ့မြေနေရာကို ပေးချေ ပြီး ဝယ်မယ်။ ဝယ်ပြီးရင်  မြေစာရင်းဦးစီးဌာနနဲ့ ကျနော်တို့ မြို့နယ် မြေစီအဖွဲ့က အကွက်ရိုက် ပြီး  တောင်သူတွေကို မဲနှိုက်ရွေးခိုင်းမှာ။"

မြေနေရာရပြီဆိုရင် အိမ်ထောင်တစ်စုအတွက် ပေ ၄၀ ၊ ၆၀ ရှိတဲ့ မြေကွက်တွေကို အကွက်ရိုက် ပေးမှာ ဖြစ်ပါ တယ်။

ဂုံညှင်းတန်းကျေးရွာမှာဆိုရင် အထက်တန်းကျောင်းတစ်ကျောင်းကလည်း ကမ်းပါးပြိုတဲ့နေရာနဲ့ သိပ်မဝေးတော့ တာကြောင့် နောက်ထပ်ကျောင်းအသစ်ဆောက်ဖို့ စီစဉ်နေတယ်လို့လည်း ပြောတယ်။

ပြီးခဲ့တဲ့နှစ် မိုးတွင်းမှာ  ဂုံညှင်းတန်းကျေးရွာက အိမ်ခြေ ၁၂၆ လုံးနဲ့ အထွဋ်ကျေးရွာက အိမ်ခြေ ၄၃ လုံးဟာ မြစ် ကမ်းပါးပြိုတာကြောင့် နေအိမ်တွေ ပြောင်းရွှေ့ခဲ့ရပြီး နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ နေနေရတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။