ကိုဇာဂနာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီထောက်ပံ့
2011.11.12

နိုင်ငံရေး အကျဉ်းသားတွေရှိတဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက ရွှေဘိုနဲ့ သထုံအကျဉ်းထောင်တွေက လွဲပြီး ကျန်တဲ့ အကျဉ်းထောင်တွေ အားလုံးနီးပါး ပေးပို့ ကူညီခဲ့တယ်လို့ ကိုဇာဂနာက ပြောပါတယ်။
“ရွှေဘိုကလည်း လာမယ့် သောကြာနေ့ကို သွားဖို့ စီစဉ်ထားပြီးပါပြီ။ ကျနော်တို့ ပုံမှန်ပို့တဲ့ ပစ္စည်းကတော့ ပိုက်ဆံ၊ စာအုပ်စာတမ်း ဂျာနယ်တွေရယ်၊ အင်္ကျီတွေရယ် ပို့ပါတယ်။ နောက်ပိတ်ဆုံး တခေါက်မှာ ထူးထူးခြားခြား ဘာတွေ ပါလာလဲဆိုတော့ မင်းသား ကိုဝေဠုကျော် လှူတဲ့၊ ထောင်ထဲမှာလည်း ရုပ်ရှင်ကြည့်ခွင့်ရတော့၊ ဒီဗီဒီအချပ်တွေ ပါလာသလို ဝေဠုကျော်ရဲ့ ရှူဆေးဗူးတွေ ပါတယ်ဗျ”
ရန်ကုန် အင်းစိန်ထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုတော့ လူစုံအောင် မပို့ပေးနိုင်သေးဘူးလို့ ကိုဇာဂနာက ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသား တဦးကို အနည်းဆုံး ကျပ်ငွေ ၁ သောင်းနှုန်း ကူညီနိုင်ခဲ့ပြီး တချို့အကျဥ်းထောင်တွေမှာတော့ တဦးကို ကျပ် ၃ သောင်းကနေ ၅ သောင်းအထိ ပေးပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေအတွက် အခုအချိန်ထိ ငွေသားချည်း သိန်း ၇ဝ ကျော် ကူညီနိုင်ခဲ့တဲ့အပြင် စာအုပ်စာတမ်းနဲ့ အသုံးအဆောင် ပစ္စည်းတွေလည်း ပေးပို့နိုင်ခဲ့ကြောင်း၊ လာမယ့်ရက်ပိုင်းမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆက်လက်ပေးပို့ ကူညီသွားမယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ဟာသသရုပ်ဆောင် ကိုဇာဂနာက ပြောပါတယ်။