ကိုဇာဂနာ လူ့အခွင့်အရေးလှုပ်ရှားသူ အနုပညာသမားဆုချီးမြင့်ခံရ
2011.03.16

ကိုဇာဂနာ အကြောင်းရိုက်ကူးခဲ့တဲ့ This Prinson Where I Live ဆိုတဲ့သတင်းမှတ်တမ်းခွေ အတွက် အခုလို ဆုချီးမြင့်တာဖြစ်ပြီး ရုပ်ရှင်ကားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Rex Bloomstein ကို ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဒီဆုကို ပါရီမြို့အခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့က လက်ခံခဲ့တယ်လို့ တာဝန်ခံ ကိုထင်ကျော် က ပြောပြပါတယ်။
ပြီးခဲ့တဲ့လကပဲ အသက် ၅၀ ပြည့်ခဲ့တဲ့ လူရွှင်တော်ဇာဂနာဟာ အာဏာရှင်စနစ်ကို အကြောက်တရား ကင်းကင်းနဲ့ ဝေဖန် သရော်တတ်သူအဖြစ် ထင်ရှားသလို ပြည်ပမီဒီယာတွေကနေ စစ်အစိုးရကို ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်တတ်လို့ အာဏာပိုင်တွေက သူ့ရဲ့ အနုပညာ လုပ်ပိုင်ခွင့်တွေကို ပိတ်ပင် ခဲ့ပါတယ်။
အခုချီးမြှင့်ခဲ့တဲ့ ဆုရွေးချယ်ရေးအဖွဲ့က ပါရီမြို့က ကျောင်းသားလူငယ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဆုပေးခဲ့တာလို့ သိရပါတယ်။ ဒီဆုဟာ ငွေသားမပါပဲ ရုပ်ရှင်ပွဲတော်တွေမှာ ပေးလေ့ရှိတဲ့ ဖန်သားဆု ရုပ်တုကို ပေးခဲ့တာပါ။
လောလောဆယ် ဆုလက်ခံခဲ့တဲ့ ပြင်သစ်ရောက ်မြန်မာတွေက ဒီဆုကို ကိုဇာဂနာလွတ်လာချိန်ဖြစ်စေ၊ မိသားဆုဆန္ဒနဲ့ လက်ခံလိုရင်ဖြစ်စေ လွဲှပြောင်းနိုင်အောင် စီစဉ်ပေးမယ်လို့ ပြောပါတယ်။
ထောင်ဒဏ် ၃၅ နှစ်အပြစ်ပေးခံရပြီး မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေတဲ့ ကိုဇာဂနာဟာ သူထောင်ကျနေစဉ်အတွင်း ဒီဆုနဲ့ဆိုရင် နိုင်ငံတကာက ချီးမြှင့်တဲ့ဆု ၄ ဆု ရှိခဲ့ပါတယ်။
ဒီဆုတွေကတော့ ၂၀၀၈ ခု နိုဝင်ဘာလက ဗြိတိန်နိုင်ငံကပေးတဲ့ လူ့အခွင့်အရေး ဆိုင်ရာ အနုပညာ ဖန်တီးမှုဆုကို ဇင်ဘာဘွေနိုင်ငံက ပြဇာတ်ရေးဆရာနဲ့ ပူးတွဲရခဲ့သလို၊ လန်ဒန် ကလောင်ရှင်တွေရဲ့ Pen ကလောင်ဆုနဲ့ ဂျာမနီက Bremen သွေးစည်းညီညွတ်ရေး ဆုတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုညိုက နော်ဝေးနိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။
![]() |
သတင်းပေးပို့ချက် |
![]() |
အသံဖိုင်ယူရန် |