နိုင်ငံတကာဖိအားကြောင့် အသွင်ကူးပြောင်းရေး လမ်းလွဲစေနိုင်ကြောင်း အတိုင်ပင်ခံရုံးပြော


2018.09.21
zawhtay-622.jpg နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာကို ICC တင်ဖို့ နိုင်ငံတကာက ဖိအားပေးနေတာတွေကြောင့် မြန်မာပြည်တွင်းမှာ ကြီးမားတဲ့ ဖိအားတွေကြုံနေရပြီး ဒီဖိအားတွေထဲမှာ အသွင်ကူးပြောင်းရေးကို လမ်းလွဲသွားစေနိုင်တဲ့ အချက်တွေ ပါဝင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ခေါင်ဆောင်တွေကို ICC တင်ဖို့တောင်း ဆိုမှုတွေကြောင့် မြန်မာနိုင်ငံရေးအပြောင်းအလဲမှာ ထိခိုက်မှုတွေရှိနိုင်ပါသလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့တာကို ဦးဇော်ဌေးက ဖြေကြားခဲ့တာဖြစ်ပါတယ်။

"အထူးသဖြင့်ကတော့ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လမ်းလွဲစေနိုင်တဲ့ အခုနကလို အချက်တွေပါလာတယ်၊ ပါလာတဲ့ဟာနဲ့ပတ်သက်လို့တော့ လက်ရှိ ကျနော်တို့နိုင်ငံကတော့ အခုဦးတည်ချက် ရှိတယ်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ အဲအပေါ်မှာလည်း ကြားထဲမှာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်၊ စိန်ခေါ်မှုတွေရှိနေတဲ့အချိန်မှာပဲ ဒီလိုမျိုး ကျနော်တို့နိုင်ငံအတွင်းမှာ အရေးကြီးတဲ့လူတွေကြားမှာ စည်းလုံး ညီညွတ်မှုတွေ ဖြိုခွဲပျက်စီးသွားတယ်၊ တကယ့်တိုင်းရင်းသားပြည်သူတွေကြားမှာ စည်းလုံးညီညွတ်မှု ဖြိုခွဲဖျက်ဆီးမှုမှန်သမျှကို ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်သတ်တယ်ဆိုတဲ့ဟာ ပြောထားပြီးသားပါ"

ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုကိစ္စရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ ပုံရိပ်ထိခိုက်မှုတွေရှိခဲ့သလို စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ငြိမ်းချမ်းရေးနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဘာကြောင့် မတွေ့ခဲ့တာလဲလို့ RFA က မေးမြန်းခဲ့ရာမှာတော့ ဦးဇော်ဌေးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ အခုလ ၁၉ ရက်နေ့ကနေ  ၂၃ ရက်နေ့အထိ ပြည်တွင်းခရီးတစ်ခု သွားနေတယ်လို့ သိထားကြောင်း ပြောပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဘက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ သတင်းတွေထွက်ပေါ်ထားပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မနေ့က လက်ခံတွေ့ဆုံရာမှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွါဒုက္ခသည်အရေး၊ ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှု အနေအထားနဲ့ ကုလသမဂ္ဂမှာ ရခိုင်အရေးဆွေးနွေးနေမှု အနေအထားတွေကို ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာက ဧည့်သည်တွေလာရောက်တဲ့အခါ ဖွံ့ဖြိုးရေးကိစ္စရပ်တွေကို မဆွေးနွေးနိုင်ဘဲ ရခိုင်အရေးကိုသာ ရှေ့တန်းတင်ပြီး ဆွေးနွေးနေရကြောင်း၊မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။