ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ မရှိသေးဟု တပ်မတော်ပြောကြား

သီဟထွန်း၊ သက်စုအောင်
2020.06.23

စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ လူမျိုးရေး အမုန်းတရားတွေကို အင်တာနက်ကနေ လှုံ့ဆော်မှုတွေ ရှိနေတာကြောင့် ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ အစိုးရကို တိုက်တွန်းမှာ မဟုတ်သေးဘူးလို့၊ တပ်မ တော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောလိုက်ပါတယ်။ ရခိုင် လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့၊ ဒီယူဆချက်ကို လက်မခံဘဲ ငြင်းပယ်လိုက် ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၇ မြို့နယ်နဲ့၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက် ဖြတ် တောက်ထားတာ တစ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက်၊ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုကို အဆုံးသတ်ပေးဖို့ ဒေသခံတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေက ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြတာပါ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရခိုင်မှာ အင်တာနက် ဖြတ်တောက်ထားတာကို အဆုံးသတ်ဖို့ အစိုးရကို အဆိုပြုတိုက်တွန်းမှာ မဟုတ်ဘူးလို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

"ကျနော်တို့ကတော့ အခုလောလောဆယ်ထိတော့ ဒါနဲ့ပတ်သက်ပြီး အဆိုပြုစရာအကြောင်း မရှိသေးပါဘူး၊ ဒါနဲ့ပတ်သက်ပြီးတော့ အင်တာနက်ပေါ်မှာ ရခိုင်ဒေသနဲ့ပတ်သက်ပြီး တက်လာတာ၊ ယခင်ကတည်းက သိ ပြီးသားပါ။ စစ်ရေးဆိုင်ရာလျို့ဝှက်ချက်တွေ တက်လာတယ်၊ လူမျိုးရေးနဲ့ပတ်သက်ပြီး အမုန်းတရား ဖြစ်စေတဲ့ဟာတွေတက်လာတယ်။ ပြီးရင် လူမျိုးရေးအစွန်းရောက်ကိစ္စတွေ တက်လာတာမျိုးရှိပါတယ် ဒီလူမျိုးရေးနဲ့ ပတ်သက်ပြီး အမုန်းတရားနဲ့ပတ်သက်ပြီး လှုံဆော်မှုတွေ ဒါတွေရှိလာတဲ့အခါ အဲဘက်မှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ အမုန်းတရားတွေ ပိုပြီးတော့ အစွန်းရောက်မှုတွေ ပိုပြီများလာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့က ပိတ်ပင်ရခြင်းဖြစ်ပါတယ်။"

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း “ရခိုင်မှာ လုံခြုံရေး အခြေအနေတွေကြောင့် အင်တာနက် ဖြတ်တောက်ပေးဖို့၊ တပ်မတော်က တောင်းဆိုခဲ့တဲ့အတွက် အစိုးရက ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ ဒီလို အင်တာနက် ဖြတ်တောက်မှုက အကျိုးရှိပါတယ်” လို့ မကြာသေးခင်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ဖူး ပါတယ်။

ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ထုမေကတော့ တပ်မတော်ရဲ့ ဒီအကြောင်းပြချက်က ယုတ္တိမတန်ဘူးလို့ ချေပပါတယ်။

"အင်တာနက် ပိတ်ထားလိုက်တဲ့အတွက်ကြောင့်မလို့ အမုန်းတရား ဘယ်လိုများလျော့သွားသလဲဆိုတာကို ဘယ်လိုမှတိုင်းတာလို့မရတဲ့အတွက်ကြောင့်မလို့ ဒါဟာယုတ္တိရှိတဲ့ ယူဆချက်မဟုတ်သလို ယုတ္တိရှိတဲ့အဖြေ လည်း မဟုတ်ပါဘူး၊ ဒါကြောင့်မလို့ ကျမတို့အနေနဲ့ ဒါကို ဘယ်လိုမြင်လဲဆိုလို့ရှိရင် အကြောင်းပြတာပဲဖြစ် ပါတယ်ရှင့်၊ ပြည်သူလူထုကနေပြီးတော့ အခုဆိုလို့ရှိရင် တစ်နှစ်ကြာခဲ့ပြီ၊ အင်တာနက်ပိတ်တာကြားထဲမှာ အမုန်းတရားတွေလျော့သွားတဲ့အတွက်ကြောင့်မလို့ ပြည်သူလူထု ထိခိုက်မှုတွေ လျော့သွားသလား။ နောက် တစ်ခုက တိုက်ပွဲတွေလျော့သွားသလား။ ဒါဟာ ခွဲခြားဆက်ဆံပြီးတော့ ပြောတဲ့စကားဖြစ်သလို ဒါဟာ ဘယ်လိုမှ ယုတ္တိမရှိသလို အခြေအမြစ်မရှိတဲ့ သုံးသပ်ချက်ပဲဖြစ်တယ်ရှင့်"

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ခြောက်ဦးသာရှိသေးပေမယ့်၊ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့်၊ အရပ်သား သေဆုံးမူက ၂၀၀ ကျော်ရှိနေပါပြီ။ အင်တာနက်ဖြတ်တောက် ပြီးနောက်ပိုင်း အရပ်သားထိခိုက်သေဆုံးရတဲ့ အရေအတွက်နဲ့ မဖြတ်တောက်ခင် ထိခိုက်သေဆုံးရမှုကို၊ နှိုင်းယှဉ် ကြည့်ရင် ကွာခြားတာကို တွေ့နိုင်တယ်လို့ ဒေါ်ထုမေက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉  ဇွန်လကစပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက်ပိုင်း၊ အစိုးရက လုံခြုံရေးအကြောင်းပြချက်နဲ့ ရခိုင်မြောက်ပိုင်းမှာရှိတဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေမှာ အင်တာနက်ပိတ်ခဲ့ပါတယ်။

မေလ ၉ ရက်နေ့မှာ မောင်တောမြို့နယ်ကို အင်တာနက် ပြန်ဖွင့်ပေးခဲ့ပေမယ့်၊ ကျန်တဲ့မြို့နယ်တွေကို အင်တာ နက် ဆက်ပိတ်ထားခဲ့တာဟာ အခုဆိုရင် တစ်နှစ်ရှိနေပြီဖြစ်ပါတယ်။

လူ့အခွင့်ရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က နစ်ကီဒိုင်းမွန်းက၊ အင်တာနက်ဖြတ်တောက်ထားတာဟာ ရခိုင်ပြည်သူတွေနဲ့ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေ၊ သတင်းမီဒီယာတွေအတွက် ဘယ်လိုကောင်းကျိုး မှ ရှာမတွေ့ဘူးလို့ ထောက်ပြ‌ဝေဖန်ပါတယ်။

"အင်တာနက်ဖြတ်တောက်ထားတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုလို့ရှိရင် စစ်တပ်က ကျနော်တို့ ဒီခြေ လွန်လက်လွန် ခုနတုန်းက သတ်ဖြတ်လိုက်တာပဲဖြစ်ဖြစ်၊ ဖမ်းဆီးချုပ်နှောင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်လို့ရှိရင် သူတို့ အရပ်သားတွေနေထိုင်တဲ့ရွာတွေ အိမ်တွေကို မီးရှို့တာပဲဖြစ်ဖြစ် လုပ်လာတဲ့အခါမျိုး ဖြစ်လာပြီဆိုလို့ ရှိရင် ကျတော်တို့ နိုင်ငံတကာ သတင်းမီဒီယာတွေကော နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကော လွယ်လွယ်ကူကူ သတင်းမရတော့ဘူးပေါ့နော်၊ အောက်ခြေမှာ ဘာတွေဖြစ်နေလဲဆိုတာ လက်လှမ်းမမှီသလို ဖြစ်နေတယ်ပေါ့၊ ဒီအင်တာနက် ဖြတ်တောက်ထားတဲ့အတွက်ကြောင့် အင်တာနက်ဖြတ်တောက်လို့ ဆိုးကျိုး တွေပဲရှိတယ် ကောင်းကျိုးမရှိဘူးပေါ့နော်၊ ဒေသခံ ရခိုင်တိုင်းရင်းသားတွေအတွက်လည်း ကောင်းကျိုး မရှိဘူး။"

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း က‌တော့၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ အင်တာနက် ဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ “ဆက်သွယ်ရေးဥပဒေအရ အများပြည်သူအကျိုးကို မထိခိုက်ဘူးလို့ သုံးသပ်နိုင်တဲ့အချိန်မှသာ အင်တာနက် ပြန်ဖွင့်ပေးမှာဖြစ်ပြီး၊ လောလောဆယ် သြဂုတ်လ ၁ ရက်နေ့ထိ အင်တာနက် ဖြတ်တောက်ထားမယ်” လို့ ဇွန်လ ၁၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ တိုက်ပွဲအခြေအနေပေါ် မူတည်ပြီး၊ တိုက်ပွဲတွေ လျော့နည်းသက်သာလာမှသာ အင်တာနက်ပြန်ဖွင့်ဖို့ကို စဉ်းစားမယ်လို့လည်း သူက ဆိုပါတယ်။

နိုင်ငံတကာ လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ကတော့ “ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ဖြတ်တောက်မှုကြောင့်၊ ဒေသခံ တစ်သန်းကျော်လောက် ထိခိုက်နစ်နာမှုတွေ ခံစားနေရတဲ့အတွက်၊ ပြန်ဖွင့်ပေး” ဖို့ ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

HRW ရဲ့ အာရှဥပဒေရေးရာအကြံပေး Linda Lakhdhir က ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာအစိုးရရဲ့ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုဖြစ်သလို ချက်ချင်းပြန်ဖွင့်ပေးသင့်ကြောင်းနဲ့ ဒေသခံတွေ လုံခြုံစွာနေထိုင်နိုင်ဖို့ သတင်းအချက်အလက်ရရှိဖို့ဟာ အရေးကြီးကြောင်း တိုက်တွန်း ပြောကြားထားပါတယ်။

HRW အဖွဲ့ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး၊ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့်၊ တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီနေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ သတ်ဖြတ်မှု ကိစ္စအပေါ်  စစ်တရားရုံးက ဆောင်ရွက်နေတဲ့ အခြေအနေ၊ AA နဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့သူတွေ ရိုက်နှက်ခံရ တဲ့ကိစ္စအပေါ် စုံစမ်းစစ်ဆေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ၊ အဲဒီကိစ္စတွေကို စစ်ခုံရုံးက ပိုပြီးတိတိကျကျ စစ်ဆေးနေဆဲဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။