သတင်းထောက် ကိုဇော်မိုးထက် ကို ပုဒ်မ ၆၆(ဃ)နဲ့ ဖမ်းဆီးထား
2017.08.29
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ သားဖြစ်သူ ဒေါက်တာ အောင်မိုင်တို့ကို လူမှုကွန်ယက် Facebook စာမျက်နှာမှာ ဝေဖန်ရေးသားလို့ဆိုပြီး မြစ်ကြီးနားမြို့မှာနေတဲ့ အလွတ်သတင်းထောက် ကိုဇော်မိုးထက် ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ မြစ်ကြီးနားမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ရဲ့ သားဖြစ်သူ ဒေါက်တာအောင်မိုင်က တရားလိုလုပ်ပြီး တိုင်ကြားတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့က ဒုရဲအုပ် ကျော်မျိုးသိန်းက ပြောပါတယ်။
"ကျနော်တို့ မြစ်ကြီးနားမြို့မ ရဲစခန်းပေ့ါ။ ၆၆ ဃ နဲ့ ။ တိုင်ကြားသူကတော့ ဒေါက်တာအောင်မိုင်။ အကြောင်းအရင်းကတော့ ဝန်ကြီးချုပ်နဲ့ သူ့သားကိုပေါ့ အဲ့လိုမျိုး သူ့ပို့စ်မှာ တင်ထားတာပေါ့ဗျာ၊ အခုကတော့ ရဲစစ်ဆေးချက်ပေါ့။ ရဲစစ်ဆေးချက်ဆိုတော့ တရားစွဲတင်ပြီးတော့မှ အာမခံပေးဖို့က တရားသူကြီးက စဉ်းစားပေးမှာပေါ့။"
ကိုဇော်မိုးထက်ကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာ မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကို ဝေဖန်ရေးသားထားတဲ့ စာကို ကိုဇော်မိုးထက်က သြဂုတ် ၂၃ ရက်မှာ သူ့ရဲ့Facebook စာမျက်နှာမှာ ဖြန့်ဝေပြီး အောက်မှာလည်း မှတ်ချက်ရေးသားခဲ့ပါတယ်။ ကိုဇော်မိုးထက်ဟာ ဝန်ကြီးချုပ်တွေထဲမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်က အညံ့ဆုံးဖြစ်ကြောင်း သားဖြစ်သူ ဒေါက်တာနာမည်နဲ့ ကုမ္ပဏီထောင်ပြီး မြေဂရန်တွေ၊ အခြားသော လုပ်ပိုင်ခွင့်တွေ ချထားပေးတယ်လို့ သိရပါတယ် ဆိုပြီး မှတ်ချက်ရေးသားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီရေးသားချက်ဟာ မှားယွင်းတဲ့လုပ်ဆောင်ချက်ဖြစ်တာကြောင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နဲ့ သားဖြစ်သူဒေါက်တာ အောင်မိုင်တို့ကိုလည်း အနူးအညွတ်တောင်းပန်ပါတယ်လို့လည်း ကိုဇော်မိုးထက်ရဲ့ Zaw Moe Htet ဖေ့စ်ဘွတ်မှာ ပြန်လည်ရေးသားထားပါတယ်။