ရေးမြို့နယ် ငါးလုပ်ငန်း ဦးစီးမှူး ဦးဇော်နိုင်လင်း ပစ်သတ်ခံရ

RFA Burmese
2023.10.18
ရေးမြို့နယ် ငါးလုပ်ငန်း ဦးစီးမှူး ဦးဇော်နိုင်လင်း ပစ်သတ်ခံရ မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်း ဦးစီးမှူး ဦးဇော်နိုင်လင်းအား တွေ့ရစဉ်။
People's Spring

မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်း ဦးစီးမှူး ဦးဇော်နိုင်လင်းကို အောက်တိုဘာလ ၁၇ ရက် ဒီနေ့မနက်ပိုင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့က လာရောက်ပစ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၇ နာရီဝန်းကျင်က ရေးမြို့လယ်၊ ရန်ကြီးအောင် ရပ်ကွက်၊ ကမ်းနားလမ်းက လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ဦးဇော်နိုင်လင်း ထိုင်နေချိန် မော်တော်ဆိုင်ကယ် စီးလာတဲ့ ရေးဘီလူး အဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ပစ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသတွင်းအခြေစိုက် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ရဲ့ ခေါင်းဆောင်ကလည်း သူတို့အဖွဲ့ကလုပ်ခဲ့တာ မှန်တယ်လို့ ပြောပါတယ်။

“အခုအချိန်အထိ ငါးဦးစီးဆိုတဲ့ရာထူးကို တာဝန်ထမ်းဆောင်ပြီးတော့ စစ်ကောင်စီရဲ့ ယန္တရား ပုံမှန်လည်ပတ်နေအောင် ပြုလုပ်ပေးနေတယ်။ မွန်ပြည်နယ် ရေပိုင်နက် တော်တော်များများကို သူက (ဦးဇော်နိုင်လင်း) ဩဇာလွှမ်းမိုးမှုရှိတယ်။ ဥပမာ- ငါးဖမ်းပိုက်လှေ၊ ငါးဖမ်းသင်္ဘောကြီးတွေကအစ သူ့ကို အခွန်ဆောင်ရတယ်။ အခွန်ကိုလည်း မတရားယူတယ်။ ငါးဖမ်းလှေ အသေးတွေကိုလည်း မတရားဖိနှိပ်မှုတွေ ရှိတယ်။ ဒါကြောင့် ဦးစီးမှူးကို ရှင်းလင်းလိုက်ခြင်းဖြစ်တယ်”

စစ်ကောင်စီ သတင်းတွေကို ရေးသားဖော်ပြလေ့ရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ရေးဘီလူးအဖွဲ့ဝင် တစ်ဦးက ပစ္စတိုသေနတ်နဲ့ သုံးချက်ပစ်ခတ်တာကြောင့် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ရေးမြို့ထဲမှာ စစ်ဆေးမှုတွေ လုပ်နေပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ပစ်သတ်ခံရတဲ့အပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။