ကိုဇေယျာလွင် စာမေးပွဲဖြေခွင့်ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါချုပ် က ခွင့်ပြု


2015.09.12
zayyarlwin-paingyethu-court-620.jpg တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ပန်းဘဲတန်းမြို့နယ် တရားရုံးတွေမှာ ဇူလိုင်လ ၁၅ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ်
Photo: Kyaw Lwin Oo/ RFA

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုဇေယျာလွင် စာမေးပွဲ ဖြေဆိုခွင့်ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်က ပါမောက္ခချုပ်က ခွင့်ပြုပေးလိုက်ပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်နဲ့ အင်းစိန်ထောင်က တာဝန်ရှိသူတွေက ကိုဇေယျာလွင်စာမေးပွဲဖြေ ဆိုဖို့ လိုအပ်တဲ့ကိစ္စတွေ တာဝန်ယူပေးမယ်ဆိုပြီး ပြောထားတယ်လို့ ကိုဇေယျာလွင်ရဲ့ အဒေါ်ဖြစ် သူ ဒေါ်ဝင်းဝင်းလှိုင်က ပြောပါတယ်။

"စီးပွားရေးတက္ကသိုလ်အနေနဲ့ကတော့ အဆင်ပြေတယ်တဲ့ သူကစာမေးပွဲဖြေဖို့ အကုန်လုံးလုပ်ပေးမယ်ပေါ့နော် ၊ ဖြေတာကတော့ ထောင်မှာဖြေမှာဖြစ်တဲ့အတွက်ပေါ့နော်၊ ဒါပေမယ့် စီးပွားရေးတက္ကသိုလ်ဆိုတာကလည်း ပညာရေးဝန်ကြီးဌာန လက်အောက်မှဖြစ်တဲ့အတွက် အဆင့်မြင့်ပညာဦးစီးဌာနကိုတော့ လောလောဆယ် တရားရုံနဲ့ စီးပွားရေးတက္ကသိုလ်ရဲ့ အဆုံးအဖြတ်ကို ပေါင်းပြီးတော့ အဆင့်မြင့်ပညာဦးစီးဌာနကို တင်ထား တယ်၊ အဆင့်မြင့်ပညာဦးစီးဌာနကမှ သူ့အတွက် ဆောင်ရွက်ပေးလိုက်ပါဆိုတာကတော့ လောလောဆယ် မကျသေးဘူး"

လက်ရှိ အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဟာ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ နှစ်ဦးဖြစ်ပေမယ့် ကိုပိုင်ရဲသူကတော့ စာမေးပွဲဖြေဆိုခွင့် မတင်ထားဘူးလို့ သိရပါတယ်။

တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာ လာမယ့် ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ စာမေးပွဲဖြေဆို ကြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်က ကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူနဲ့ ကိုဇေယျာလွင်တို့ ဦးဆောင် တဲ့ ကျောင်းသား ၃ဝ နီးပါးလောက်ဟာ လွှတ်တော်ထဲက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ကနေ မြို့တော်ခန်းမရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါကြောင့် ပန်းပဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးတွေက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို တရားစွဲဆိုဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။