ဇရပ်ကြီးတိုက်ပွဲကြောင့် လူဦးရေ ၃၅၀၀ ခန့် ထွက်ပြေးနေရ
2024.02.08

ပဲခူးတိုင်းအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က စစ်ကောင်စီရဲ့ အမှတ် ၇၃ ခြေလျင်တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ၃၅၀၀ ခန့် ထွက်ပြေးနေရတယ်လို့ အဲဒီမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
အဲဒီက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဇရပ်ကြီးမြို့စွန်ဘက်မှာ လူစုပြီး တစ်နာရီခန့်သွားရတဲ့ တောင်ငူမြို့ကို ကားနဲ့ပို့ဆောင်ပေးနေတယ်လို့ အဲဒီက ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဇရပ်ကြီး တိုက်ပွဲဖြစ်တဲ့ဆီက ထွက်လာတဲ့သူတွေကို ကြိုပေးနေတာပါ၊ တိုက်ပွဲက တစ်နေ့ညပိုင်းကတည်းက ဖြစ်တာ။ မနေ့မနက်ခင်းပိုင်းကျတော့ ကားအကူအညီတောင်းလို့ လိုက်ပြီးကူညီပေးနေတာပါရှင့်။ မနေ့က မိုးချုပ်ထိ လူဦးရေ ၃၅၀၀၊ ဒီနေ့ ကြိုပေးနေတာကတော့ ကားအစီးရေးလည်း များတယ်။ လူလည်းများမယ်ရှင့်။ မနေ့က လူ ၃၅၀၀ ကို ကား ရှစ်စီးပဲ သယ်တာလေ၊ ဒီနေ့ကတော့ ကားအစီး ၃၀ လောက်ရှိတယ်"
လက်ရှိအချိန်အထိ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရပြီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ပြောပါတယ်။
အဲဒီက ထွက်ပြေးလာတဲ့ ဒေသခံတွေကို တောင်ငူမြို့က ဘုန်းကြီးကျောင်းတွေမှာ ယာယီစစ်ဘေးဒုက္ခသည် စခန်းတွေဖွင့်ပြီး စားသောက်နေထိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေကိုလည်း လူနာတင်ယာဉ်တွေနဲ့ သယ်ဆောင်နေတာကိုလည်း တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာမှာတော့ ဇရပ်ကြီးနယ်မြေခံ စစ်ကောင်စီတပ်ရင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့က KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီတိုက်ပွဲမှာ လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်တာကြောင့် ဆုတ်ခွာသွားတယ်လို့ ရေးသားထားပါတယ်။
ဇရပ်ကြီးတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာ ဝန်ကြီး ဦးတင်ဦးကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းရာမှာတော့ ဒေသခံတွေ ဘေးလွတ်ရာရှောင်နေတာတွေရှိပြီး မြို့ကနေ ထွက်ပြေးနေတာတွေ မရှိဘူးလို့ ပြောပါတယ်။
"လူဦးရေက ထွက်ပြေးတယ်လို့ မဟုတ်ပါဘူး။ ဒီ PDF အဖွဲ့တွေကတော့ ရွာကလူတွေကို ထွက်ခိုင်းပြီးတော့ အိမ်ပေါ်တက် ရွာသားတွေရဲ့ ပစ္စည်းတွေ မတရားလုယက် ဖျက်ဆီးတာတွေလည်း ရှိနေပါတယ်။ ထွက်ပြေးတဲ့ အနေအထားတော့ မရှိပါဘူး။ စစ်ရှောင်တဲ့ အနေအထားတော့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီ သွားပြီးတော့ စစ်ရှောင်ခိုလှုံနေတဲ့ အနေအထားတော့ရှိပါတယ်"
အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ မရှိဘူးလို့လည်း သူက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၆ သန်းကျော်အထိ ရှိလာပြီဖြစ်ပါတယ်။