မွန်အစိုးရ ဘိလပ်မြေဖျော်စက်ဆောက်တဲ့ ကိစ္စ လွှတ်တော်ကို အသိမပေး
2017.08.25

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အစိုးရက လွှတ်တော်ကို အကြောင်းကြားရ မှာဖြစ်ပေမယ့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကမ်းနားက သစ်ပုံဆိပ်မှာ ပြည်နယ်အစိုးရက ဘိလပ်မြေဖျော်စက် တည်ဆောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကို အသိမပေးထားဘူးလို့ ပြည်နယ်လွှတ်တော် အကြီးအကဲတွေက ပြောပါတယ်။
မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက ဒီဘိလပ်မြေဖျော်စက် တည်ဆောက်တဲ့ ကိစ္စကို ပြည်နယ်အစိုးရက လွှတ်တော်ကို အသိပေးတာမရှိကြောင်း အခုလိုပြောပါတယ်။
"၂၅၁ အရ အန်တီတို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းကြားထားခြင်းမရှိဘူး။ လုပ်တယ် မလုပ်ဘူး ဆိုတာကတော့ ဘာစာရွက်အထောက်အထားမှ မရှိလို့ မဖြေဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရတော့ အန်တီတို့ကို ဘာမှတင်ပြထားခြင်းမရှိဘူး။"
မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ အရ ပြည်နယ်အစိုးရဟာ စီမံကိန်းတစ်ခုတည်ဆောက်မယ်ဆိုရင် ပြည်နယ်လွှတ်တော် အတည်ပြုချက်ရယူမယ် ဆိုတာ ပါရှိပေမယ့် အခုဘိလပ်မြေဖျော်စက် တည်ဆောက်တဲ့ကိစ္စကို ပြည်နယ် လွှတ်တော်ကိုအကြောင်း မကြားထားဘူးလို့ ပြောပါတယ်။
အဲဒီ ဘိလပ်မြေဖျော်စက်ကို မွန်ပြည်နယ်အစိုးရနဲ့ ဇော်ချင်းတွင်း ZCD ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက် ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့ရက်စွဲနဲ့ မွန်ပြည်နယ်အစိုးရကိုယ်စား ပြည်နယ်လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ZCD ကုမ္ပဏီနဲ့ သဘောတူစာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
ဘိလပ်မြေဖျော်စက် တည်ဆောက်ထားတဲ့ သစ်ပုံဆိပ်ဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းကလည်း အိမ်ရာစီမံ ကိန်းတွေ ဆောက်လုပ်ဖို့ လွှတ်တော်မှာတင်ပြခဲ့ပေမယ့် ကန့်ကွက်မှုတွေကြောင့် ပျက်ပယ်သွားခဲ့ရတဲ့ နေရာဖြစ် ပါတယ်။
လွှတ်တော် အကြီးအကဲတွေကတော့ အဲဒီနေရာကို အများပြည်သူ အပန်းဖြေနိုင်ဖို့ ပန်းခြံတစ်ခုအဖြစ် တည်ဆောက်ပြီး ထားရှိသင့်တယ်လို့ ပြောပါတယ်။
ဒီစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ အစိုးရကို မေးခွန်းမေးမြန်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။