စစ်ကောင်စီတပ်စီးနင်းထားတဲ့ ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာမှာ အရပ်သား ရှစ်ဦး သတ်ဖြတ်ခံရ

RFA Burmese
2024.02.07
စစ်ကောင်စီတပ်စီးနင်းထားတဲ့ ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာမှာ အရပ်သား ရှစ်ဦး သတ်ဖြတ်ခံရ မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျားကျေးရွာမှ နေအိမ်တချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
ShweBo People Defence Force

အင်အားတစ်ရာကျော်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်စီးနင်းအထိုင်ချနေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာထဲမှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သား ရှစ်ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့က ဇီးဖြူကုန်းရွာတောင်ပိုင်း ဘုန်းကြီးကျောင်းထဲမှာ အသက် ၃၅ နှစ်ခန့် ကိုဝင်းမိုးနဲ့ သူ့ရဲ့ ဇနီးဖြစ်သူ အသက် ၃၂ နှစ်အရွယ် မဝါဝါမြင့်၊ အသက် ၄၀ ကျော် ဦးပိုနဲ့ အသက် ၅၂ ခန့် ဦးစိုးနိုင်ဦးတို့ လေးဦးရဲ့ ရုပ်အလောင်းတွေကို မီးရှို့ခံထားရတဲ့အနေအထားနဲ့ စတွေ့ခဲ့တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်မှာလည်း ရွာအလယ်နားနဲ့ အနီးတစ်ဝိုက်မှာ အသက် ၃၅ နှစ်အရွယ် မသဲနုဝါနဲ့ အသက် ၄၀ အရွယ် ကိုဇော်ထွန်း၊ စိတ်ကျန်းမာရေး ချို့တဲ့သူတွေဖြစ်တဲ့ အသက် ၆၀ ကျော်အရွယ် ဦးညိုကြီးနဲ့ အသက် ၅၀ ကျော်အရွယ် ဦးဖိုးတာတို့ ရုပ်အလောင်းတွေကို တွေ့ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေ ဇီးဖြူကုန်းရွာမှာ စခန်းချနေဆဲဖြစ်တာကြောင့် တတ်နိုင်သမျှ ရွာနားအထိ ဝင်ရောက်ပြီး ဒရုန်းအကူအညီနဲ့ အဲဒီရုပ်အလောင်းတွေကို တွေ့ရှိအတည်ပြုနိုင်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ရွှေဘိုမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဘုန်းကြီးကျောင်းထဲက လေးလောင်းက ကျည်ကုန်မခံဘူးဆိုပြီး ပေါက်ဆိန်နဲ့ ထုသတ်သွားတာဗျ။ ပြည်သူတွေ ပြောကြားချက်အရ ရွာထဲမှာအဖမ်းခံရပြီး ကျောင်းမှာခေါ်သတ်သွားတာ။ နောက် ဇီးဖြူကုန်းရွာလယ် မကျတကျမှာ အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ပစ်သတ်သွားတယ်။ အမျိုးသားတစ်ယောက်ကိုလည်း အဲလို သေနတ်နဲ့ ပစ်သတ်တယ်။ အနောက်ပိုင်းနဲ့ မြောက်ပိုင်းက တစ်ယောက်စီကကျတော့ စိတ်မအောင်တဲ့ အမျိုးသား နှစ်ယောက်။ သူတို့ကိုပါ သတ်သွားတယ်။ နှစ်ရက်နေ့မှာ ရွာကို ကပ်လို့မရသေးဘူး။ သုံးရက်နေ့မှာ ကပ်ရသလောက် ကပ်ပြီး ဝင်ကြည့်တဲ့အခါမှာ ရွာတောင်ဘက်က ကန်သာယာကျောင်းမှာ မီးလောင် အလောင်းလေးလောင်း စတွေ့တယ်။ ကျန်တာက ဒရုန်းနဲ့ပဲ ကြည့်ရတာ။ လုံးဝကပ်လို့ မရဘူးဗျ”

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဇီးဖြူကုန်းရွာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ထွက်မပြေးနိုင်တဲ့ အရပ်သား ငါးဆယ်ခန့် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အရပ်သား ရှစ်ဦး သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျန်တဲ့ ဖမ်းဆီးခံရသူအားလုံးကိုတော့ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးလိုက်ပြီလို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်ညနေပိုင်းမှာ တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့ပေမယ့် ဒီရက်ပိုင်းမှာ အခြေအနေစောင့်ကြည့်နေသလို စစ်ကောင်စီတပ်ကလည်း အနီးအနားရွာတွေက ပျူစောထီးတွေနဲ့ အင်အားထပ်ဖြည့်နေတယ်လို့ ဒေသအခြေပြု တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်မှာ ဇီးဖြူကုန်းရွာထဲ မီးရှို့နေတာတွေ တွေ့နေရပြီး အိမ်ခြေ ရှစ်ရာခန့်၊ လူဦးရေ သုံးထောင်ကျော်ရှိတဲ့ ဇီးဖြူကုန်းရွာ အပါအဝင် မြို့သာ၊ ရွာဆိုး၊ ပေါက်ချိုင်နဲ့ အနီးအနားရွာတွေက ပြည်သူ ရှစ်ထောင်ကျော်လည်း တောတွေနဲ့ နီးစပ်ရာရွာတွေဆီ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း နိုင်ငံတစ်ဝန်းက အရပ်သား (၄၄၈၅) ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။