KNU ဒုဥက္ကဌ နော်စီဖိုးရာစိန် တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ် ထိုးပွဲ တက်ရောက်မည်မဟုတ်


2015.10.13
naw-zipporah-sein-620.jpg ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်ပုံ
photo: Kyaw Zaw Win/RFA

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရတို့ အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော် မှာပြုလုပ်မယ့် အပစ်ရပ်စာချုပ်လက်မှတ်ထိုးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်က သူ့အနေနဲ့ တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းဆီကို အောက်တိုဘာလ ၁၂ ရက်နေ့က စာရေးသားအကြောင်းကြားလိုက်ပါတယ်။

ဒီအကြောင်းကြားစာ ဟုတ်မှန်တယ်လို့ KNU ထိပ်တန်း ဗဟိုကော်မတီတစ်ဦးကလည်း RFA ကို အတည်ပြု ပြော ဆိုပါတယ်။

NCA စာချုပ် လက်မှတ်ထိုးတော့မယ့်ကာလမှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ၊ ထိုးစစ်တွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် တစ်နိုင်ငံလုံးအပစ်ရပ်ဖို့ မျှော်မှန်းချက်ကို မရောက်သေးသလို၊ ပြည်သူတွေ လည်း ကြောက်ရွံ့မှုတွေဆက်ရှိနေပြီး ဘဝလုံခြုံမှုမရသေးတဲ့အတွက် သူ့အနေနဲ့ လက်မှတ်ထိုးပွဲတက်ဖို့ ခွန်အား မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်ရဲ့ ဝန်ကြီးဦးအောင်မင်း ဆီကိုပေးပို့တဲ့ စာထဲမှာဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က အဖွဲ့အားလုံးပါဝင်မယ်ဆိုရင် သူတို့အဖွဲ့အနေနဲ့ NCA တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ဝ ရက်နေ့ကနေ ၁၂ ရက်နေ့အထိပြုလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကထိုးစစ်ကို ချက်ချင်းရပ်တန့်ပေးဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ဗဟိုကော်မတီက ဒီနေ့တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။