ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချင်းသူရဲကောင်းဘွဲ့ ပေးတဲ့ကိစ္စ ဇိုမီး ချင်းအရပ်ဖက်အဖွဲ့ ၂၂ ခု ကန့်ကွက်


2018.12.06
minaunghlaing-chin-award-622.jpg ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ ချင်းပြည်နယ် တီးတိန် (ဇိုးမီး) အဖွဲ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ချင်းသူရဲကောင်းဘွဲ့ ပေးအပ်ခဲ့စဉ်
ဓာတ်ပုံ - တီးတိန်(ဇိုမီး)အသင်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  ရန်ကုန်အခြေစိုက် ချင်းပြည်နယ် တီးတိန် (ဇိုးမီး) အဖွဲ့က ချင်းသူရဲကောင်းဘွဲ့ကို ပေးအပ်ခဲ့တာဟာ ဇိုမီး ချင်းအမျိုးသားထုရဲ့ သဘောထားမဟုတ်ကြောင်း ဇိုမီး ချင်းတိုင်းရင်းသားအရပ်ဖက်အဖွဲ့ ၂၂ ခုက သဘောထားထုတ်ပြန်လိုက်ပါတယ်။

အဲလို ချင်းသူရဲကောင်းဘွဲ့ကို ချီးမြှင့်ခဲ့တာနဲ့ပတ်သက်ပြီး တီးတိန်(ဇိုမီး) အဖွဲ့အမည်ခံ လူတစ်စုကပေးခဲ့တာသာဖြစ်ပြီး  ဇိုမီးချင်းလူမျိုးတွေ၊ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင် ဆရာတော်ကြီးတွေ၊ ယဉ်ကျေးမှုအဖွဲ့အစည်းတွေ၊ လူမျိုးစုခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက သိရှိသဘောတူတာဆုံးဖြတ်ခဲ့တာ၊ ကိုယ်စားစေလွှတ်တာ လုံး၀ မဟုတ်ခဲ့ကြောင်း ချင်းလူမျိုးအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

တီးတိန် (ဇိုမီး) အသင်းက ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီး ဂျိုးဇက်ထန်နင့် ဇိုမုန် ဦးဆောင်တဲ့အဖွဲ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မြောက်ပိုင်း ချင်းတိုင်းရင်းသားတွေရဲ့ အမြင့်ဆုံးသူရဲကောင်းဘွဲ့ဖြစ်တဲ့ ချင်းသူရဲကောင်းဘွဲ့ဂုဏ်ပြုလွှာနဲ့ ချင်းသူရဲကောင်းတွေ ကိုင်ဆောင်ခဲ့တဲ့ ဓားနဲ့ပုံစံတူ ဓားရှည်တစ်လက်ကို နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ဒီဇင်ဘာ ၄ ရက်နေ့က သွားရောက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုတွေ့ဆုံပြီး ခရစ်စမတ်ဆုတောင်းစကားပြောဖို့ စီစဉ်ရာကနေ ချင်းသူရဲကောင်းဘွဲ့ကို ပေးဖြစ်ခဲ့တာဖြစ်တယ်လို့ တီးတိန်(ဇိုမီး)အသင်း (ရန်ကုန်) က အထွေထွေအတွင်းရေးမှူး ဦးကပ်ခင်းပေါင်က RFA ကို ပြောပါတယ်။

"ခရစ်စမတ်သတင်းကောင်းသွားပို့ရင်းနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပါစေ ငြိမ်းချမ်းရေးအတွက် တပ်ချုပ်ကြီးရော ခေါင်းဆောင်တွေဆီ ဆုတောင်းပေးဖို့သွားတာပါ၊ သွားရင်းနဲ့ ကိုယ်ရဲ့လူကြီးအိမ်မှာ သွားမယ်ဆိုတော့ တစ်ခုခုဂုဏ်ပြုလွှာလေးလုပ်ရင် ကောင်းမယ်ဆိုပြီးတော့မှ တပ်ချုပ်ကြီးကို မြန်မာနိုင်ငံရဲ့တပ်မတော်မှာ အကြီးဆုံးဖြစ်တဲ့အတွက် သူရဲကောင်းဘွဲ့ပေးရင်ကောင်းမယ်ဆိုပြီး ပေးလိုက်တာပါ၊ ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံ အခက်အခဲမျိုးစုံကနေ ကာကွယ်ပေးတယ်၊ ၂၀၁၀ ရွေးကောက်ပွဲလည်း သွေးထွက်သံယိုမှုမရှိဘဲနဲ့ ချောချောမောမောနဲ့လုပ်ပေးတယ်၊ ဒီနေ့ထိလည်း ကျနော်တို့ တိုင်းပြည်မှာ ဆိုးဆိုးရွားရွား သွေးထွက်သံယိုမှုတွေ မရှိဘူးဆိုတဲ့ဟာ သူ့ရဲ့ကာကွယ်မှု လုံခြုံမှု သူရဲ့ဦးဆောင်မှုနဲ့ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တယ် ဆိုတဲ့ဟာကို ကျနော်တို့ အဓိကထားပါတယ်"

ချင်းအရပ်ဖက်အဖွဲ့အစည်း ၂၂ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ဇိုမီး ကျောင်းသားနဲ့ လူငယ်အဖွဲ့က နာယက ပူပူထန်ကတော့ ဒီဆုဟာ ချင်းအမျိုးသားထုကို ကိုယ်စားမပြုကြောင်း သူတို့ရဲ့ သဘောထားကို RFA ကို အခုလိုပြောပြပါတယ်။

"အခုဟာက ကျနော်တို့ တိုင်းရင်းသား အချင်းချင်းကြားမှာ နားလည်မှုလွဲစေနိုင်တယ်လေ ။ သူတို့က ကျနော်တို့ လူမျိုးနာမည်ကို သုံးထားတာကိုး ဆိုတဲ့အခါကျတော့ ကျနော်တို့ ကို ဒါက ကိုယ်စားမပြုပါဘူး ဆိုတာကို အဓိက ပြောချင်တာပါ"

ချင်းအမျိုးသားဒီမိုကရက်ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင်း ကတော့ အခုလို ပေးအပ်လိုက်တာဟာ ချင်းတစ်မျိုးသားလုံးကို နိုင်ငံရေးအရ အိုးမဲသုတ်ခံလိုက်ရတယ်လို့ ခံစားရကြောင်း သူ့အမြင်ကို အခုလိုပြောပါတယ်။

"တကယ်တော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပေ့ါနော်၊ သူတို့ရဲ့ ဒီလုပ်ရပ်ကတော့ ချင်းတစ်မျိုးသားလုံးကို နိုင်ငံရေးအရ အိုးမည်းသုတ်တယ်လို့တော့ ယူဆတယ်၊ ကျနော်တို့အနေနဲ့ တလျှောက်လုံးမှာ ငြိမ်းချမ်းရေး အတွက် ဆန္ဒဖော်ထုတ်တာတွေ၊ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်မှုတွေကိုရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း တပ်မတော်ရဲ့သဘောထားက ရှေ့မရောက်အောင် လုပ်ဆောင်နေ တာမြင်နေရတော့ ကျနော်တို့က ဝမ်းနည်းနေတဲ့အချိန်မှာ၊ တပ်ချုပ်ကိုသွားပြီးတော့ ချီးမွမ်းခန်းဖွင့်တာကတော့ မဖြစ်သင့်ဘူးပေါ့"

အခုကာလဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား ပစ်ခတ်မှုတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြည်သူတွေ ပင်ပန်းဆင်းရဲစွာ ဒုက္ခကြုံတွေ့နေရချိန်လည်းဖြစ်သလို နိုင်ငံတဝန်း လယ်ယာမြေသိမ်းခံ တောင်သူလယ်သမားတွေ တရားစွဲထောင်ချခံနေရချိန် ဘိုးဘွားပိုင်မြေယာတွေ လက်လွတ်ဆုံးရှုံးနိုင်တဲ့ အခြေ အနေတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလတွေဖြစ်တဲ့အတွက် အခုလို ဆုချီးမြှင့်လိုက်တာဟာ တိုင်းရင်းသားစည်းလုံးရေးကို ထိခိုက်စေနိုင်တယ်လို့ ရှုမြင်ကြောင်း ချင်းအရပ်ဖက်အဖွဲ့တွေရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အခုလို ချင်းသူရဲကောင်းဘွဲ့ပေးလိုက်တဲ့အတွက် ဝေဖန်ကန့်ကွက်မှုတွေ ရှိနေတဲ့အပေါ်မှာ တီးတိန်(ဇိုမီး)အသင်းက အထွေထွေအတွင်းရေးမှူး ဦးကပ်ခင်းပေါင်ကတော့ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိတဲ့အတွက် ဒီပေါ်မှာ ဘာမှ တုံ့ပြန်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကတော့ ခေါင်းဆောင်တစ်ဦးအဖြစ် သူ့ကိုအသိအမှတ်ပြုတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးဟာ အရေးကြီးပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက် မှာဖြစ်ကြောင်း၊ ချင်းပြည်နယ်ဟာ အရင်ကတည်းက လက်နက်ကိုင် ပဋိပက္ခတွေ မရှိခဲ့ဘဲ ဖြူစင်ပြီးသားနယ်မြေဖြစ် လို့ အရောင်မစွန်းစေလိုကြောင်း စတဲ့ အချက်တွေကို ပြောကြားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

တီးတိန်(ဇိုမီး)အသင်းနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အခုလို တွေ့ဆုံတာက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ တီးတိန်(ဇိုမီး) အသင်းကို ဖွဲ့စည်းထားတာ နှစ် ၂၀ ကျော်ရှိပြီး အသင်းအနေနဲ့ ရိုးရာယဉ်ကျေးမှု စာပေမပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်ဆောင်ရွက်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့လိုက်တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။