PTTEP ကုမ္ပဏီကို အရေးယူပေးဖို့ အလုပ်ထုတ်ခံရသူတွေ တောင်းဆို
2016.09.20

မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ဒေသမှာ ရေနံတူးဖော်နေတဲ့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက ဇောတိက ကမ်းလွန်ရေနံနှင့်သဘာဝ ဓာတ်ငွေ့ အလုပ်သမားများ အဖွဲ့ (ZOMO) အဖွဲ့ဝင်တွေကို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်လိုက်တာကို အစိုးရအနေနဲ့ စိစစ်အရေးယူပေးဖို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ က တောင်းဆိုလိုက်ပါတယ်။
အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေကို အလုပ်မထုတ်ဖို့ အစိုးရက ညွှန်ကြားထားတာကို အလုပ်ရှင်က လိုက်နာမှုမရှိဘဲ အလုပ်ထုတ်လိုက်တာဖြစ်ကြောင်း ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က Orchid ဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ZOMO အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌ ဦးကိုင်ခိုလတ်က ပြောပါတယ်။
ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီပိုင် ဇောတိကဓာတ်ငွေ့တွင်းမှာ အလုပ်သမား ၁၀၀ ကျော်ရှိပြီး အလုပ်သမား ၃၀ လောက်ဟာ ဇောတိက ကမ်းလွန်ရေနံနှင့်သဘာဝ ဓာတ်ငွေ့အလုပ်သမားများ အဖွဲ့ဝင်တွေဖြစ်သလို အလုပ်သမား အခွင့်အရေးတွေရရှိဖို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက တောင်းဆိုခဲ့ပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ အလုပ်ချိန် ၈ နာရီထက်ကျော်တဲ့ အချိန်တွေကို အချိန်ပိုကြေးပေးဖို့၊ အစိုးရရုံးပိတ်ရက်တွေမှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေကို အချိန်ပိုကြေးပေးဖို့၊ အလုပ်သမား ဥပဒေ အရ ပေးထားတဲ့ ခွင့်ရက်တွေကို ခံစားခွင့်ပေးဖို့နဲ့ အလုပ်ရှင် အလုပ်သမားသဘောတူ စာချုပ်ချုပ်ဆိုဖို့တွေကို ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ခုံသမာဓိကောင်စီက ဆုံးဖြတ်ခဲ့ပါတယ်။
ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်က လိုက်နာမှုမရှိဘဲ အလုပ်သမားအဖွဲ့အစည်းဝင်တွေကို အလုပ်ကနေ ထုတ်ပယ်လိုက်တဲ့အပြင် ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကျဆင်းစေတယ်ဆိုပြီး ဒေါ်လာ ၁သိန်း ခွဲ လျော်ကြေးပေးဖို့ တောင်းဆိုထားကြောင်း အလုပ်သမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံနေတဲ့ PTTEP ကုမ္ပဏီဟာ ပြည်တွင်း အလုပ်သမားဥပဒေတွေကို လိုက်နာမှုမရှိတာကြောင့် နိုင်ငံတကာ တရားရုံးတွေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်- ILO တွေကို တိုင်းကြားဖို့ စီစဉ်နေကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မုတ္တမကမ်းလွန်ဒေသမှာ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက ရေနံတူးဖော်နေတဲ့ M3, M4, M7, M9 နဲ့ M11 လုပ်ကွက် ၅ ခုရှိပြီး အဲ့ဒီလုပ်ကွက်တွေမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE က အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပြီး ကျန်တဲ့ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကျော်ကို ထိုင်းကုမ္ပဏီက ရယူထားတာဖြစ်ပါတယ်။
အဲ့ဒီထဲက ဇောတိက ဓာတ်ငွေ့တွင်းဖြစ်တဲ့ M9 လုပ်ကွက်မှာ ၂၀၁၃ ခုနှစ်ကစပြီး တနေ့ကို ကုဗပေ သန်း ၃၀၀ အထိ ထုတ်လုပ်နေပြီး ကုဗပေ သန်း ၂၄၀ ကျော်ကို ထိုင်းနိုင်ငံဘက်ကို တင်ပို့နေတာဖြစ်ပါတယ်။