စစ်အာဏာသိမ်း ၁၀ လပြည့်မှာ ကဏ္ဍပေါင်းစုံ ကျပ်တည်းလာ

2021.11.30
စစ်အာဏာသိမ်း ၁၀ လပြည့်မှာ ကဏ္ဍပေါင်းစုံ ကျပ်တည်းလာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ဟာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းတာ ၁၀ လတင်းတင်း ပြည့်တဲ့နေ့ဖြစ်ပါတယ်။

၁၀ လပြည့်ချိန်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လွတ်လပ်စွာရေးသားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်တွေကတော့ အာဏာမသိမ်းခင် ၁၀ လကထက် အဆပေါင်းများစွား ဆိုးလာတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

NLD မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၀‌ ရွေးကောက်ပွဲမှာ မဲမသမာမှု၊ မဲလိမ်မဲခိုးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ဆိုရင် စစ်တပ်က အာဏာသိမ်းလိုက်တာ ၁၀ လတင်းတင်း ပြည့်ပြီဖြစ်ပါတယ်။

အာဏာသိမ်းပြီးစ အစောပိုင်းကာလမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ တစ်နိုင်ငံလုံးက ရဟန်းရှင်လူ ကျောင်းသားပြည်သူမှန်သမျကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာ ကြောင့် ပြီးခဲ့တဲ့ မေလကစလို့ ချင်း၊ ကယားနဲ့ မကွေးတိုင်း တို့မှာ လက်နက်ကိုင် ခုခံမှုတွေ စတင် ပေါ်ပေါက် လာပါတယ်။ အခု ၁၀ လပြည့်ချိန်မှာတော့ တစ်နိုင်ငံလုံးက မြို့နယ်တိုင်းနီးပါးမှာ လက်နက်ကိုင်‌တော်လှန်တဲ့ PDF အဖွဲ့တွေ တိုးလာပါတယ်။

နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့လို လူထုထောက်ခံမှုများတဲ့ နိုင်ငံရေး ပါတီတွေ ကန့်ကွက်နေတဲ့ကြားကပဲ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့ ကြိုးစား နေပါတယ်။

ဒီလိုကြိုးစားတာဟာ နဂိုကတည်းက လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ စစ်တပ်အနေနဲ့ ကြံ့ခိုင်ရေး၊ တစည စတဲ့ စစ်တပ်ထောက်ခံတဲ့ အင်အားစုတွေနဲ့ ပူးပေါင်းပြီး အစိုးရဖွဲ့နိုင်ရေးကို ရည်ရွယ် နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။

"လွှတ်တော်တွင်း နိုင်ငံရေးမှာ၊ ဥပဒေပြုရေးကိစ္စမှာ၊ သမ္မတ ရွေးချယ်ရေးနဲ့ အစိုးရဖွဲ့ရေးကိစ္စတွေမှာ တပ်က သူ့ရဲ့အရေးပါမှုက PR စနစ်ကျင့်သုံးလိုက်ရင် အရင်စနစ်ထက် ပိုပြီး အရေးပါ အရာရောက်မှာကို သဘောပေါက်တယ်။ ဆိုကြပါစို့ NLD လို ပါတီကြီးတစ်ခုက လွှတ်တော်ထဲမှာ ၅၀ ရာခိုင်နှုန်းကျော် မနိုင်ဘူးဆိုရင် တပ်က သူ့ကိုလိုလားတဲ့ ပြည်ခိုင်ဖြိုးတို့ တခြားတိုင်းရင်းသားပါတီအချို့နဲ့ပေါင်းပြီး သူက သမ္မတရွေးတာမှာ ဦးဆောင်နိုင်တာပေါ့"

တိုင်းပြည်တည်ငြိမ်မှုနဲ့ စစ်ရေးအခြေအနေကို ကြည့်မယ်ဆိုရင်လည်း စစ်အုပ်ချုပ်ရေး အခိုင်အမာ တည်ဆောက်ဖို့ ကြိုးပမ်းချက်ကို ပြည်သူလူထုက ခုခံတွန်းလှန်ရင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင် တော်လှန်မှု တွေဟာ ဒီ ၁၀ လအတွင်းမှာ ပိုတိုးလာပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ စာရင်းတွေအရ အရင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေသာ ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ၁၀ လအတွင်း PDF လို့ ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း ၃၈၀ ခန့် ပေါ်ပေါက်လာပါတယ်။

ဒါတွေရဲ့ အကျိုးဆက်အနေနဲ့ အရင်က လက်နက်ကိုင်တိုက်ပွဲတွေ လုံးဝမရှိခဲ့ဖူးတဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း လိုဒေသတွေမှာ PDF တွေနဲ့ အာဏာသိမ်း စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေသလို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာခဲ့ပါတယ်။

လက်ရှိအချိန်မှာ မကွေးနဲ့ စစ်ကိုင်းလို နေရာတွေမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ ကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး က သုံးသပ်ပါတယ်။

"နစက ဘက်က စစ်ဆင်ရေးလုပ်တာတွေကို ကျွန်တော်တို့ကြည့်တဲ့အခါ စစ်ဆင်ရေးက စနေပြီ။ ကျွန်တော် ထင်တာကတော့ စစ်ရေးအရ ဆက်ဖြစ်နေဦးမယ်ထင်တယ်။ နံပါတ်တစ် ပြဿနာက နစက တပ်တွေရဲ့ တိုင်းရင်းသား လက်နက်ကိုင်နယ် မြေတွေမှာပဲ။ အဲဒီတော့ မြန်မာပြည်အတွင်းမှာ ဖြစ်တဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့အခါမှာ EAO ဘက်က တပ်တွေကို အများကြီးဆွဲ မထုတ်နိုင်ဘူး။ သူတို့မှာ တပ်အရေအတွက်အရ အကန့်အသတ် ရှိတယ်။ စစ်ဆင်ရေးလုပ်တဲ့ သဘောသဘာဝအရ နေရာတစ်ခုကို ကိုယ်ကရှင်းတယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ အခြေအနေရောက်အောင် ပြန်တည်ဆောက်ရတာ ရှိတယ်။ အဲဒါမျိုးတွေလုပ်ဖို့ ဆိုတာက အရန်တပ်တွေ အများကြီးလိုတယ်"

MIPS ရဲ့ သုတေသနအချက်အလက်တွေအရ မြန်မာနိုင်ငံမြေပုံရဲ့ နယ်မြေ ၆၁ ရာခိုင်နှုန်းဟာ လက်ရှိမှာ မိုင်းပေါက်ကွဲမှုတွေ၊ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။ အဲဒီလိုဖြစ်နေတဲ့ ဒေသတွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ စစ်အာဏာမသိမ်းခင်က တိုက်ခိုက်မှု လုံးဝမရှိခဲ့တဲ့ ဒေသတွေဖြစ်တယ်လို့ ဒေါက်တာ မင်းဇော်ဦး က ပြောပါတယ်။

မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေးဆိုင်ရာ အင်စတီကျု (ISP-Myanmar) ရဲ့ ထုတ်ပြန်ချက်အရတော့ စစ်တပ်နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေအကြား ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၂၀ ရက်အထိ ကိုးလကျော် ၁၀ နီးပါးကာလအတွင်း အပြန်အလှန်ပစ်ခတ်မှုပေါင်း ၁၆၉၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် ၁၀ လအတွင်း ဒုက္ခသည်အသစ် ၃၆၁,၇၂၇ အထိ တိုးလာပါတယ်။ စစ်အာဏာ မသိမ်းခင်က မြန်မာနိုင်ငံမှာ ဒုက္ခသည်ဦးရေ ၄၉၇,၂၀၀ ရှိခဲ့တာကြောင့် အခုဆိုရင် တစ်နိုင်ငံလုံးမှာ စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်းဟာ ၈၅၈, ၉၂၇ အထိရှိလာပြီလို့ (ISP-Myanmar) က စာရင်းထုတ်ပြန်ထားပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေနဲ့အတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ထူပြောလာခဲ့ပါတယ်။ RFA က သီးခြား ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်ဘက်က ပစ်ခတ်ဖြိုခွင်းတာ၊ ဖမ်းဆီးပြီး စစ်ကြောရေးမှာ နှိပ်စက် ညှဉ်းပန်းတာတွေကြောင့် စစ်အာဏာသိမ်း ၁၀ လအတွင်း သေဆုံးသူ အရပ်သားစုစုပေါင်း ၁၂၄၉ ဦး အထိ ရှိခဲ့ပါတယ်။

တဘက်မှာတော့ စစ်တပ်ထောက်ခံသူတွေဟာလည်း ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ PDF တပ်တွေရဲ့ လုပ်ကြံ သတ်ဖြတ်မှုတွေကို ကြုံနေရပါတယ်။ ISP-Myanmar ရဲ့ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အထိ ၁၀ လနီးပါးကာလအတွင်း ဒလန်သတင်းပေးအဖြစ် စွပ်စွဲခံရသူ ၄၀၆ ဦးနဲ့ ကြံ့ခိုင်ရေး ပါတီဝင် ၂၅၃ ဦး စုစုပေါင်း ၆၅၉ ဦး အသတ်ခံခဲ့ရပါတယ်။

နှစ်ဖက်အပြန်အလှန်ကျူးလွန်နေတဲ့ သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ရေရှည်မှာ အရပ်သားတွေကိုပဲ ပိုပြီး ထိခိုက်နစ်နာစေလိမ့်မယ်လို့ လူ့အခွင့်အရေးသမားတစ်ဦးဖြစ်တဲ့ ကိုနစ်ကီဒိုင်းမွန်းက ထောက်ပြဝေဖန်ပါတယ်။

"စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေက တစ်တိုင်းပြည်လုံးမှာ ဖြစ်ပေါ် နေတာ။ နောက်တစ်ခုက PDF တွေက တော်လှန်ရေးကို မြေပြင်မှာ လက်တွေ့ကျကျ အကောင် အထည် ဖော်နေတဲ့ အင်အားစုတွေဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ကျွန်တော်တို့က စိုးရိမ်ပူပန်တယ်။ ဘာကြောင့်လဲဆိုရင် လူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီး လူ့အသက် တွေကို လက်လွတ်စပယ် သတ်ဖြတ်တာမျိုးတွေ ဖြစ်လာရင် ပြည်သူတွေကပဲ နစ်နာတဲ့ အနေအထား ဖြစ်မှာပေါ့"

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လစဉ်ထုတ်ပြန်နေတဲ့ အစီရင်ခံစာတွေအရ ပြီးခဲ့တဲ့ ဇွန်လကနေ နိုဝင်ဘာ ၇ ရက်အထိ ငါးလကျော်ကာလအတွင်း တိုက်ပွဲနဲ့ ပဋိပက္ခပေါင်း ၂၅၃၀ တိတိ ဖြစ်ပွားခဲ့ပါတယ်။ NUG ရဲ့ ထုတ်ပြန်ချက်တွေအရ ဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ၂၉၄၁ ဦး သေဆုံးပြီး အရပ်သားတွေ ဘက်က ၉၀၈ ဦး သေဆုံးခဲ့တာကို တွေ့ရပါတယ်။ NUG ရဲ့ ထုတ်ပြန်ချက်တွေမှာ အရပ်သား ကာကွယ်ရေး တပ် (PDF) တွေ ဘယ်လောက် ထိခိုက်ကျဆုံးတယ်ဆိုတာကိုတော့ အတိအကျ ဖော်ပြလေ့ မရှိပါဘူး။

kndf.jpg
(ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KNDF က  စစ်ဘေးဒုက္ခသည်တွေဆီ သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်) Photo: KNDF

စစ်တပ်ဘက်ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာတော့ ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အထိ ၁၀ လနီးပါး ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ဝန်ထမ်းတွေအပါအဝင် သေဆုံးသူ စုစုပေါင်း ၁၅၆၄ ဦး ရှိပါတယ်။

စစ်ကောင်စီနဲ့ NUG နှစ်ဖက်စလုံးရဲ့ သေဆုံးထိခိုက် ကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စိစစ်အတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။

အခုလို နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေ လုပ်ငန်းကြီးတွေဟာလည်း မြန်မာနိုင်ငံကနေ တဖြည်းဖြည်းချင်း ပြန်လည်ထွက်ခွာသွားတာကို ဒီ ၁၀ လ အတွင်းမှာ မြင်တွေ့ရပါတယ်။

RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံကနေ ပြန်ထွက်ခွာတာ ဒါမှမဟုတ် လုပ်ငန်းရပ်နားလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီပေါင်း ၂၀ အထိ ရှိနေပါပြီ။ အဲဒီထဲမှာ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ စကော့တလန်၊ နော်ဝေ၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ မလေးရှား စတဲ့ နိုင်ငံတွေက ကုမ္ပဏီကြီးတွေ ပါဝင်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ တိုင်းပြည်ရဲ့စီးပွားရေးကို အကြီးအကျယ်ထိခိုက်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကမ္ဘာမှာရော အရှေ့တောင်အာရှမှာပါ အဆိုးဆုံး အခြေအနေ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦး က သုံးသပ်ပါတယ်။

"နိုင်ငံရေးနဲ့ စီးပွားရေးဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ ပန်းလိုပဲ၊ နိုင်ငံရေးကောင်းရင် စီးပွားရေး ကောင်းမယ်၊ ရာခိုင်နှုန်းပေါ့။ အဲဒီလောက်အထိ ကျဆင်းသွားမယ်။ ဒါက ကမ္ဘာမှာရော အရှေ့တောင်အာရှ မှာရော အဆိုးဆုံးအခြေအနေပေါ့။ လက်ရှိ ရှိနေတဲ့ စီးပွားရေးကလည်း မတည်ငြိမ်တော့ဘူး။ ဘဏ် လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ဖြစ်တယ်။ နောက်စီးပွားရေး လုပ်ငန်းရှင်တွေ ရပ်တည်ရ ခက်ခဲလာတယ်။ ဒါကြောင့် တချို့လည်း ထွက်သွားရတယ်။ အသစ်လာဖို့လည်း ဒီအခြေအနေမှာ မလွယ်ဘူး။ ခြုံပြောရရင် စီးပွားရေးဟာ ကျဆင်းမယ်"

မြန်မာနိုင်ငံဟာ ၂၀၂၀ မတ်လမှာ စတင်ကူးစက်ခဲ့တဲ့ Covid ကပ်ရောဂါကြောင့် နလံမထူနိုင် ဖြစ်ခဲ့ရာကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားတာ၊ အနာဂတ် မရေရာ မသေချာမှုတွေကြောင့် နောက်ထပ်ဝင်လာမယ့် ပြည်ပရင်းနှီးမြှုပ်နှံသူ တွေ နောက်ဆုတ်သွားတာတွေကြောင့် အခု ၂၀၂၁ နှစ်ကုန်ပိုင်းမှာ စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့ဝင်သွားမယ်လို့ ကမ္ဘာ့ဘဏ်က ကြိုတင်ခန့်မှန်းခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ကဏ္ဍပေါင်းစုံ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်ရဲ့ အခြေအနေမှန်တွေကို မှန်မှန်ကန်ကန် ရေးသားထုတ်လွှင့်ဖို့ ကြိုးစားနေတဲ့ သတင်းမီဒီယာတွေဟာလည်း စစ်တပ်ရဲ့ အကြီးအကျယ် နှိပ်ကွပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်တပ်ဟာ အာဏာသိမ်း ၁၀ လအတွင်းမှာ သတင်းမီဒီယာနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး ပြစ်ဒဏ်တိုးမြှင့်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

စစ်တပ်ရဲ့ဖိနှိပ်မှုတွေကြောင့် သတင်းမီဒီယာ လွင့်လပ်ခွင့် ဆုံးရှုံးသွားသလို သတင်းသမားတွေမှာလည်း ဥပဒေ အကာအကွယ် လုံးဝ မရှိတော့ဘူးလို့ သတင်းစာဆရာ ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

"သတင်းလွတ်လပ်ခွင့်အပိုင်းမှာ တစ်ခုက သတင်းအချက်အလက်မေးဖို့ အတွက် ခက်ခဲတာ။ ရှုထောင့် စုံအောင် မေးဖို့ ခက်ခဲလာတာရှိတယ်။ တည်ဆဲဥပဒေတွေကလည်း အရင်လို ကိုးကားစရာ၊ အသုံးပြုစရာ မဟုတ်တော့ဘူး။ ဥပမာ သတင်းမီဒီယာဥပဒေမှာ သတင်းအချက်အလက် ရပိုင်ခွင့်တို့၊ ဝေဖန်ရေးသား ပိုင်ခွင့်တို့ ဒါတွေအားလုံးက ဆိုင်းငံ့ထားခံရတယ်။ ကိုယ်ရေးသားထုတ်လုပ်လိုက်တဲ့ သတင်းက မှန်ကန် နေပါစေဦး၊ ဥပဒေကြောင်းအရ အကာအကွယ်ရဖို့က မလွယ်တော့တဲ့ အနေအထားဖြစ်တာပေါ့” လို့ ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ၁၀ လအတွင်း သတင်းမီဒီယာ ကိုးခု လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပိတ်သိမ်း ခံခဲ့ရပါတယ်။ သတင်းသမား ၁၀၇ ဦး အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၇၀ ပြန်လွတ်လာခဲ့ပေမယ့် သတင်းသမား ၃၇ ဦးကတော့ အခုချိန်ထိ အကျဉ်းထောင်အသီးသီးမှာ အဖမ်းခံထားရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ သိသိသာသာ ဆိုရွားလာခဲ့ပြီး၊ စစ်အစိုးရက အမှီအခိုကင်းတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတွေကို တရားမဝင်ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ သတင်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Committee to Protect Journalists (CPJ) ရဲ့ အရှေ့တောင်အာရှအကြီးတန်း ကိုယ်စားလှယ် Shawn Crispin က ဝေဖန်ပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်အာဏာသိမ်း ၁၀ လအတွင်း ကဏ္ဍပေါင်းစုံမှာ ဆုတ်ယုတ်လာတယ်ဆိုတဲ့အချက်ကို လက်မခံပါဘူး။

ဒီ ၁၀ လအတွင်းမှာ နိုင်ငံရေးအရ တိုးတက်မှုတချို့ ရှိခဲ့ပြီး ဒီဇင်ဘာလ ဒါမှမဟုတ် လာမယ့် ဇန်နဝါရီလထဲမှာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ စီးပွားရေး ပုံမှန်အတိုင်းပြန်ဖြစ်လာလိမ့်မယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

"နိုင်ငံရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုအနေနဲ့ကတော့ နောင်လာမယ့် ရွေးကောက်ပွဲမှန်သမျှမှာ သမိုင်း မှတ်တိုင် ဖြစ်သွားလိမ့်မယ်။ မည်သည့်ရွေးကောက်ပွဲကော်မရှင်က ကွပ်ကဲရသည်ဖြစ်စေ မဲမသမာမှု နောက်ထပ် မဖြစ်ပွားအောင် ဂရုစိုက်ပြီးလုပ်နိုင်မယ့် နိုင်ငံရေးအကျိုးအမြတ်တော့ ရှိတယ်။ လုံခြုံရေး ပိုင်းဆိုင်ရာတွေကို ပြန်လည်ပြီး အမြန်ဆုံး တည်ငြိမ်ရေး ဆောင်ရွက်လျက် ရှိတယ်။ စီးပွားရေးပိုင်း ကတော့ ကိုဗစ် တတိယလှိုင်း ခံစားရတဲ့အချိန်မှာ ပိုပြီးတော့မှ ကျဆင်းသွားတာ ရှိတယ်။ သို့သော် ဒီ ၁၁ လပိုင်းထဲမှာပဲ တရုတ်နိုင်ငံနဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တာ ရှိတယ်။ ကျွန်တော်တို့ မျှော်လင့်တာကတော့ ၁၂ လပိုင်း ၁ လပိုင်းထဲမှာတော့ ပုံမှန်အနေအထား ပြန်လည်ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"အထွေထွေပျက်သုဉ်းရေးဆိုတာထက် ကျဆုံးနိုင်ငံဖြစ်နေပြီဆိုတဲ့ဟာမျိုး သုံးသပ်လို့ရတယ်"

စစ်ကောင်စီဘက်က အခုလို ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ တိုင်းပြည်ဟာ ကျရှုံးနိုင်ငံတစ်ခုအဖြစ်ကို ဦးတည်နေပြီလို့ နိုင်ငံရေးအကဲခတ် ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

"ကဏ္ဍတိုင်းမှာ ယိုယွင်းမှုတွေ တွေ့ရတယ်။ စီးပွားရေး ယိုယွင်းတာ၊ နောက် လူမှုရေးအရ နိုင်ငံရေးအရ ဝေဝါးမှုတွေကြောင့် တဘက်နဲ့ တဘက် သံသယတွေ ပွားလာတယ်။ နောက် Public Service မရှိတော့ဘူးလို့ ပြောရလောက်အောင်ကို ရှားပါးသွားတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ဆိုင်တဲ့ကိစ္စတွေမှာ တရားမျှတမှုတွေ ဖော်ဆောင်ဖို့ အရမ်းခက်ခဲသွားတယ်။ ပညာရေးအရ မျှော်မှန်းချက်တွေ သိပ်အများကြီး ထားလို့ မရတော့ဘူး။ အထွေထွေ ပျက်သုဉ်းရေးဆိုတာထက် ကျဆုံးနိုင်ငံဖြစ်နေပြီဆိုတဲ့ဟာမျိုး သုံးသပ်လို့ ရတယ်"

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေး ဆုတ်ယုတ်မှု၊ အပြန်အလှန်တိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးအခြေအနေ ဆိုးရွားလာမှု စတဲ့ အဘက်ဘက်က ဆုတ်ယုတ်မှုတွေကို အချိန်မီ မတားဆီးနိုင်ဘူး ဆိုရင် လာမယ့် လအနည်းငယ်အတွင်းမှာ ပိုဆိုးတဲ့ အထွေထွေအကျပ်အတည်းတွေကို ထပ်ကြုံရဖို့ ရှိနေတယ် လို့လည်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စတဲ့ နယ်ပယ်အသီးသီးရှိ ပညာရှင်တွေက တညီတညွတ်တည်း ခန့်မှန်း ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။