ပလက်ဝမြို့ဒေသခံ ၂၀ ပျောက်ဆုံးနေ
2020.08.04
ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေကြောင့် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ဇူလိုင်လအထိ ဒေသခံအရပ်သား ၂၀ ပျောက်ဆုံးနေပြီး အဲဒီထဲက ငါးဦးဟာ AA အဖွဲ့က ဖမ်းဆီးသွားတာလို့ ချင်းစစ်ဘေးရှောင်များ ကူညီရေးကော်မတီ CISC ရဲ့ အတွင်းရေးမှူး ဆလိုင်းကျော်အောင်က ပြောပါတယ်။
“လောလောဆယ် ကျွန်တော်တို့ ပျောက်ဆုံးတာကတော့ ၂၀ ဦးပေါ့။ အဲဒီထဲက ငါးယောက်ကတော့ AA ရဲ့ ဖမ်းဆီးမှုခံနေရတယ်။ ကျန်တဲ့ ၁၅ ဦးကတော့ သူတို့ကျန်ရစ်တဲ့မိသားစုတွေက ဘယ်အဖွဲ့အစည်းက ဖမ်းသွားတယ်ဆိုတာတော့ နည်းနည်းတော့ သိမယ်ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကော်မတီအနေနဲ့က ဒီဟာကို သက်သေအထောက်အထား ခိုင်လုံမှုမရှိတဲ့အခါ ဘယ်သူကဆိုတာ ပြောဖို့ခက်တယ်။”
ပျောက်ဆုံးနေသူတွေနဲ့ ဖမ်းဆီးခံရသူတွေအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး အသက် ၃၅ နှစ်အောက် လူငယ် ၁၂ ဦးနဲ့ အသက် ၃၅ နှစ်အထက် လူကြီး ၈ ဦးပါဝင်ပါတယ်။
CISC အနေနဲ့ တိုက်ပွဲတွေကြောင့် အဓိက အရပ်သားတွေ ဘယ်လိုထိခိုက်နေလဲဆိုတာကို တိတိကျကျသိရဖို့ စာရင်းပြုစုထားတာဖြစ်ပြီး ဒီစာရင်းဟာ AA အဖွဲ့က ဖမ်းဆီးသွားပြီး ပြန်လွတ်လာသူတွေ ထည့်သွင်းထားတာ မရှိသေးကြောင်းနဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေ၊ သတ်ဖြတ်ခံရသူတွေ တော်တော်များများရှိနေပေမယ့် လက်ရှိပြုစုနေဆဲဖြစ်တာကြောင့် အရေအတွက် အတိအကျ မပြောနိုင်သေးဘူးလို့လည်း ဆလိုင်းကျော်အောင်က ပြောပါတယ်။
၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလက သုံးဦး၊ ၂၀၁၉ ခုနှစ် ဇွန်လက နှစ်ဦး၊ ဇူလိုင်လက လေးဦး၊ သြဂုတ်လက တစ်ဦး၊ စက်တင်ဘာလက သုံးဦး၊ ၂၀၂၀ ပြည့်နှစ် ဧပြီလက နှစ်ဦး စုစုပေါင်း ၁၅ ဦးဟာ လက်ရှိအချိန်အထိ အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ သြဂုတ်လ ၁ ရက်နေ့က CISC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ပလက်ဝမြို့က ဆလိုင်းစိုးအောင် အပါအဝင် လူငယ် လေးဦးနဲ့ ဧပြီလ ၁၂ ရက်နေ့တုန်းက ပက်လက်ဝမြို့က ဦးမြင့်မောင်ကို AA အဖွဲ့က ဖမ်းဆီးထားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်ကနေ သူငယ်ချင်းတွေနဲ့ ပလက်ဝကို ပြန်အလာမှာ AA အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာ ကြားသိရပြီး မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဆလိုင်းစိုးအောင်ရဲ့ ယောက်ဖတော်စပ်သူက ပြောပါတယ်။
“ရန်ကုန်ကိုသွားပြီးတော့ အပြန်လမ်းမှာပဲ သူက သူငယ်ချင်းတွေနဲ့ မထင်မှတ်ဘဲ အဖမ်းခံရတယ်လို့ပဲ ကြားသိရပါတယ်။ အသေးစိတ်ကို အထူးအထွေတော့ မသိပါဘူး။ သူနဲ့တော့ လုံးဝအဆက်အသွယ်ကို မရပါဘူး။ သူ့အပေါ်မှာ အပြစ်လည်းရှိမယ်လို့ မထင်တဲ့အတွက် အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ သူရဲ့မိဘတွေ၊ ညီအစ်တွေကလည်း အရမ်းစိုးရိမ်နေကြတယ်။”
တခြားပျောက်ဆုံးဖမ်းဆီးခံနေရတဲ့ မိသားစုဝင်တွေကိုတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် RFA က ဆက်သွယ်လို့ မရခဲ့ပါဘူး။
အလားတူ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ကလည်း ဆလိုင်းစိုးအောင်၊ ဆလိုင်းဘင်ဂျဗင်၊ ဆလိုင်းအောင်ထွန်းကိုနဲ့ ဆလိုင်းခင်မောင်ထွန်းတို့ လေးဦးကို AA အဖွဲ့က ဖမ်းဆီးသွားတယ် လို့ ဇူလိုင်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့က ချင်းလူငယ် ခုနှစ်ဦးဟာ ကျောက်တော်မြို့ကနေ ပလက်ဝမြို့နယ်ထဲကို ပြန်လာကြရာမှာ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အစပ် ငသရိုင်းကျေးရွာဘက်အရောက်မှာ လေးဦး ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းလူငယ်လေးဦး ဖမ်းဆီးခံရတဲ့နေရာမှာ ပြီးခဲ့တဲ့ဇွန်လကလည်း ပလက်ဝမြို့နယ် တုန်းမဝကျေးရွာက ဆန်လာရှာတဲ့ ချင်းအမျိုးသား ဦးလှကျော် သတ်ဖြတ်ခံခဲ့ရတဲ့နေရာဖြစ်တယ်လို့ KACC ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
“အခုစစ်ပွဲဖြစ်လာတဲ့နောက်ပိုင်းမှာ ဒီလိုမျိုးဖြစ်စဉ်တွေက အရမ်းများလာတယ်။ အယောက် ၂၀ ဆိုတာ ကျွန်မတို့ အချက်အလက်ရထားတာဟာတွေပဲ ရှိသေးတယ်။ ကျွန်မတို့ဆီမှာ မရောက်နိုင်တဲ့ အချက် အလက်တွေ အများကြီးရှိသေးတယ်ပေါ့နော်။ ပျောက်ဆုံးနေတဲ့သူတွေအတွက်ဆိုရင် AA ဘက်ကလည်း သူတို့ မဖမ်းထားဘူးလို့ ပြောတယ်။ မြန်မာစစ်တပ်ဘက်လည်း သူတို့ မဖမ်းထားဘူးလို့ ပြောတယ်ပေါ့နော်။ ဖမ်းဆီးခံလူငယ်တွေကိုလည်း စစ်ဘက်နဲ့သက်ဆိုင်တဲ့သူတွေမဟုတ်ဘူး။ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆို ချင်ပါတယ်”
လူငယ်လေးဦး ဖမ်းဆီးခံထားရတဲ့ကိစ္စအပေါ် သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေထံကို သတင်းပေးပို့ထားတယ် လို့လည်း KACC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပလက်ဝဒေသခံတွေ ဖမ်းဆီးခံရတာတွေရှိနေတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက
“ကျွန်တော်တို့ တွေ့ရှိထားတာတောမရှိဘူး။ တွေ့ရှိထားတာရှိရင်လည်း သတင်းထုတ်ပြန်နေကြပဲလေ။ တချို့ ပျောက်ဆုံးနေတာတွေကလည်း AA က ဖမ်းဆီးခေါ်ဆောင်မှုကြောင့် သူတို့မသိလိုက်လို့လည်း ဖြစ်နိုင်ပါ တယ်။ ကျွန်တော်တို့ အဲဒီဘက်အပိုင်းမှာက ပလက်ဝဒေသခံအများစုက သောင်းကြမ်းသူကို အားပေးနေတဲ့ သူတွေလည်း မဟုတ်ဘူး။ အကြမ်းဖက်မှုကို အားပေးနေတဲ့သူတွေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကလည်း သူတို့ပတ်သက်ပြီး စစ်ဆေးတာတို့ ဖမ်းဆီးတာတို့ တော်တော်လေးရှားပါတယ်။” လို့ ပြောပါတယ်။
ဒေသခံတွေ ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ မိသားစုဝင်တွေက ရဲတပ်ဖွဲ့ကို တိုင်ကြားပြီး ရဲတပ်ဖွဲ့က အကူအညီလိုလို့ တပ်ကို အကြောင်းကြားလာရင် တပ်မတော်အနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
AA အဖွဲ့က ဖမ်းဆီးထားတဲ့ ပလက်ဝဒေသခံ ငါးဦးအပါအဝင် ဒေသခံ ၂၀ ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်သွယ်မရခဲ့ပါဘူး။
ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းတေရ ကတော့ ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ AA ကို တောင်းဆိုလိုတယ်လို့ ပြောပါတယ်။
“အခုလိုမျိုး အစအန ပျောက်ဆုံးတယ်ဆိုတာက ဆိုးရွားတဲ့အဖြစ်အပျက်ပေါ့နော်။ အဲဒီလိုမဖြစ်အောင် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက သူတို့ရဲ့လက်ထဲမှာရှိရင် လွှတ်ပေးစေချင်တာပေါ့နော်။ နောက်နောင် မှာလည်း အကြောင်းမဲ့ ပြည်သူတွေကို ဖမ်းဆီးချုပ်နှောင်ပြီးတော့ အခုလိုမျိုး အစအနဖျောက်တာမျိုး မဖြစ်အောင် အစိုးရတပ်မတော်ပဲဖြစ်ဖြစ်၊ အေအေ လက်နက်အဖွဲ့အစည်းပဲဖြစ်ဖြစ် ကျွန်တော်တို့ အနူးညွှတ်တောင်းဆိုချင်ပါတယ်။”
ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ အရပ်သားတွေ ပျောက်ဆုံးတာ၊ သတ်ဖြတ်ခံရတာတွေရှိနေသလို ပလက်ဝမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် လေးထောင်နီးပါး၊ ဆမီးမြို့မှာ သုံးထောင်နီးပါး၊ မီးဇာကျေးရွာမှာ နှစ်ထောင်ကျော်နဲ့ ရန်ကုန်မြို့ကို ရောက်ရှိ လာတဲ့ စစ်ဘေးဒုက္ခသည် နှစ်ရာနီးပါးရှိနေပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာလည်း AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်အထိ ဖမ်းဆီးခံရပြီး တရားရုံမှာ အမှုရင်ဆိုင်နေရသူ ၃၀၈ ဦးရှိတယ်လို့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။