စစ်အာဏာရှင်တွေထဲ စစ်ကောင်စီက ပိုရက်စက်တယ်လို့ ဒီမိုကရေစီ အင်အားစုတွေပြော

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.09.27
စစ်အာဏာရှင်တွေထဲ စစ်ကောင်စီက ပိုရက်စက်တယ်လို့ ဒီမိုကရေစီ အင်အားစုတွေပြော ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ရန်ကုန်မြို့လယ်တွင် ထောင်နှင့်ချီသော သံဃာတော်များနှင့် ပြည်သူများ ချီတက်ဆန္ဒပြနေစဉ်။
Reuters

လောင်စာဆီ ဈေးနှုန်းမြင့်တက်နေတာနဲ့ အထွေထွေအကျပ်အတည်း ဖြေရှင်းပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး စတာတွေအတွက် မကွေးတိုင်း ပခုက္ကူမြို့က သံဃာတော် တွေဦးဆောင်ပြီး ၂၀၀၇ စက်တင်ဘာမှာ မေတ္တာပို့ တောင်းဆိုဆန္ဒပြရာက ရွှေဝါရောင်တော်လှန်ရေး စတင်ပေါက်ဖွားခဲ့ပါတယ်။

အဲနောက် ကျောင်းသားပြည်သူတွေပါ ပါဝင်လာကြပြီး စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၈ ရက်နေ့ကို ရွှေဝါရောင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာ အခုဆိုရင် ၁၆ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ ဒီနေ့ နွေဦးတော်လှန်ရေးရဲ့ အုတ်မြစ်ဖြစ်တယ်လို့လည်း လေ့လာသူတွေက ဆိုကြပါတယ်။ စစ်အာဏာရှင်အဆက်ဆက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီက အရက်စက်ဆုံးဖြစ်တယ်လို့လည်း ရွှေဝါရောင် တော်လှန်ရေးတုန်းက သတင်းမီဒီယာသမားတစ်ဦးအနေနဲ့ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

“ထားပါတော့ ကျွန်တော်က ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်ကို သူတို့ ဖမ်းချင်တယ် ကျွန်တော့်ကို မမိတဲ့အခါမှာ ကျွန်တော့်မိသားစုကိုတော့ သူတို့ ဘာမှမလုပ်ဘူးပေါ့ ယနေ့အချိန်ကျတော့ အဲလိုမဟုတ်တော့ဘဲနဲ့ ကျွန်တော့်ကို မမိဘူးဆိုလို့ရှိရင် ကျွန်တော့်ရဲ့ မိသားစုဝင် တစ်ယောက်ယောက် ဒါမှမဟုတ် ကျွန်တော့်မိသားစုကို ဓားစားခံအဖြစ် ဖမ်းဆီးမယ် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုက မြန်မာနိုင်ငံတင် မဟုတ်ဘူး တစ်ကမ္ဘာလုံးမှာ တောင်မှ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုးကို ဒီအုပ်စုက ကျူးလွန်နေတာဖြစ်တယ်”

ရွှေဝါရောင်တော်လှန်ရေးကာလမှာ ပါဝင်ခဲ့တဲ့ ဆရာတော် သံဃာတော်တွေအနေနဲ့ နွေဦးတော်လှန်ရေးမှာလည်း ဆက်လက်ပါဝင်ကြဖို့ ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်တေဇနန္ဒကလည်း တိုက်တွန်းလိုက်ပါတယ်။

“ဒီလိုအာဏာရူးတွေရဲ့ အိမ်မီးရှို့မှု လူသတ်ဖြတ်မှုတွေသည် ဒါကိုတရားတယ်လို့ မြင်နေရင် အရှင်ဘုရားတို့ရဲ့ နှလုံးသားထဲမှာ အဓမ္မဝါဒီ အဓမ္မဝါဒ ကိန်းအောင်းနေတာ ဖြစ်ပါတယ်၊ အဓမ္မဝါဒ ကိန်းအောင်နေတာ ဖြစ်တဲ့အတွက် အဓမ္မဝါဒီ ရဟန်းဆိုးများသာ ဖြစ်ပါလိမ့်မယ်၊ အဓမ္မဝါဒီ ရန်ဟန်းဆိုးများကို မြတ်စွာဘုရားက ဒီသာသနာက နှင်ထုတ်ကြလို့ မိန့်ဆိုထားတာလည်း ရှိတဲ့အတွက် အရှင်ဘုရားတို့ရဲ့ နှလုံးသားထဲမှာ ဓမ္မကို ကိန်းအောင်းတယ်ဆိုရင် ဓမ္မနဲ့အညီကျင့်ပါ ဖြောင့်ဖြောင့်မှန်မှန် ပြောဆိုပါ ဖြောင့်ဖြောင့်မှန်မှန် လုပ်ကိုင်ပါ ဖြောင့်ဖြောင့်မှန်မှန်ကြံစည်ပါ ဒါမှသာလျှင် အရှင်ဘုရားတို့သည် ရဟန်းရဲ့ဂုဏ်သိက္ခာနဲ့အညီ ဗုဒ္ဓသားတော် ဘုရားသားတော်များ အစစ်အမှန် ဖြစ်ကြပါလိမ့်မယ်လို့ ပြောကြားလိုပါတယ်ဗျ။”

ရွှေဝါရောင်တော်လှန်ရေး မေတ္တာပို့လှည့်လည်ဆန္ဒပြချိန်မှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်အချို့ဟာ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မပူးပေါင်းဖို့ ပြည်သူတွေဘက်က ရပ်တည် ပေးကြဖို့ မိန့်ကြားသွားတာပါ။

စစ်အာဏာရှင်တွေကို တော်လှန်တဲ့နေရာမှာ ရွှေဝါရောင်စိတ်ဓာတ်လို့ခေါ်တဲ့ စည်းလုံးညီညွတ်မှုကို ပြသကြဖို့ လိုအပ်တယ်လို့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကိုက ပြောပါတယ်။

“မတရားမှု စစ်အာဏာရှင်ကို မပြောဘဲနဲ့ နှစ်ပေါင်းများစွာ ကြာပြီးတော့ တိမ်မြုပ်နေတဲ့ နိုင်ငံရေး အသက်ကို ပြန်နှိုးပေးလိုက်တာကတော့ ရွှေဝါရောင်တော်လှန်ရေး ဖြစ်တယ်ပေါ့နော် အခုအချိန်မှာတော့ နိုင်ငံရေး အသက်က ရှင်ရုံတင်မကဘဲနဲ့ ဆူပွက်နေပြီ ကျွန်တော်တို့ရဲ့ အသက်သွေးခုန်နှုန်း အရမ်းကို ပြင်းထန်နေပြီ မြန်ဆန်နေပြီ အထွတ်အထိပ်ကို ရောက်နေပြီ ဒီအခြေအနေကို စိတ်ထိန်းထားပြီးတော့မှ ကျွန်တော်တို့ လိုချင်တဲ့ တော်လှန်ရေးပန်းတိုင်သွားဖို့အတွက် လိုတယ်ပေါ့ ရွှေဝါရောင်က ရတဲ့သင်ခန်းစာက ပြည်သူအချင်းချင်း သွေးစည်းညီညွတ်မှုနဲ့ ခေါင်းငုံ့ခံမနေဘဲနဲ့ ဆန့်ကျင့်တော်လှန်ရမယ် ပြောရဲရမယ်ဆိုတဲ့ သတ္တိပေါ့ အဲနှစ်ခုပေါင်းစပ်ပြီးတော့ ရွှေဝါတော်လှန်ရေးဆိုတာ ဖြစ်ပေါ်လာတာဖြစ်တယ် အခုလည်းပဲ ပေါင်းစပ်ရမှာက ကျွန်တော်တို့ရဲ့ သွေးစည်းညီညွတ်မှုနဲ့ ကျွန်တော်တို့ရဲ့ မဟုတ်မခံစိတ် သတ္တိနဲ့ ပေါင်းစပ်ပြီးတော့ အခု ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကို ဆက်ပြီး ဆင်နွှဲရမယ် ဆိုတာမျိုးကျွန်တော်တို့ ပြောချင်တယ်။”

စစ်တပ်ဟာ ရွှေဝါရောင်တော်လှန်ရေးကထက် နွေဦးတော်လှန်ရေးမှာ ပိုပြီးရက်စက်ကြမ်းကြုတ် လာတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ လိုအပ်တယ်လို့ ရွှေဝါရောင်တော်လှန်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဗကသ ကျောင်းသူဟောင်းတစ်ဦးက ပြောပါတယ်။

“သားသမီးကို ဖမ်းလို့မရလို့ မိဘကိုလာဖမ်းတယ် ပစ်သတ်တယ် နောက်မိန်းမကို မရလို့ ယောက်ျားကို ဖမ်းတယ် နောက်ဆုံးရှင်းရှင်းပြောရရင် အသက်ငါးနှစ်တောင် မပြည့်သေးတဲ့ ကလေးတွေကိုကအစ ဖမ်းဆီးချုပ်နှောင်မှုတွေ လုပ်တယ်ဆိုခါကျတော့ပေါ့နော် အဲဒါတစ်ချက် နောက်တစ်ခါ အမျိုးသမီးငယ်လေးတွေကို မတော်မတရားပြုကျင့်ပြီးတော့ သတ်ပြစ်တယ် ပြောစရာစကားလုံးမရှိလောက်အောင်ကို သူတို့ရဲ့ ယုတ်မာရက်စက်မှု ကြမ်းတမ်းမှုက အဆုံးစွန်ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်ရှင့်”

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် မန္တလေးမြို့၌ သံဃာတော်များနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ ဆန္ဒပြခဲ့စဉ်။ (Photo: AFP)
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် မန္တလေးမြို့၌ သံဃာတော်များနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ ဆန္ဒပြခဲ့စဉ်။ (Photo: AFP)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နွေဦးတော်လှန်ရေးနဲ့ ရွှေဝါရောင်တော်လှန်ရေးကို NLD ပန်းဘဲတန်း လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူမောင်က နိူင်းယှဉ်ပြပါတယ်။

“ရွှေဝါရောင်တော်လှန်ရေးရဲ့ တောင်းဆိုချက်ကို ကျွန်တော်က ပြန်သတိပြုမိစေချင်တယ် ရွှေဝါရောင် တော်လှန်ရေး တောင်းဆိုချက်ကျတော့ သူကအစိုးရကြီးတစ်ခုလုံးပြုတ်ကျရေး မပါဘူး ဆိုလိုတာက စစ်အုပ်စု တစ်ခုလုံးပြုတ်ကျရေး မပါဘူး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာပါ အမျိုးသားပြန်လည်သင်မြတ်ရေးလုပ်ပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တွန်းအားပေးတဲ့ နိုင်ငံရေး လှုပ်ရှားတောင်းဆိုမှု ဒီဘက်မှာကျတော့ စစ်အာဏာရှင်စနစ် အလိုမရှိဆိုတာမျိုးအထိ ပါတယ် ဒါရွှေဝါရောင်နဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ ကွာခြားချက်က အဲဒါပဲ နောက်တစ်ခုက ကျွန်တော်တို့ အမြဲတမ်း ဆွေးနွေးသလို ဒီမိုကရေစီရရှိရေး တောင်းနေတာ မဟုတ်တော့ဘူး ဒီမိုကရေစီအရေး သက်သက်နဲ့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းလို့မရတော့ဘူး ဖက်ဒရယ်အရေးဆိုတာပါ ပါလာပြီ ဒီတိုင်းပြည်မှာ စစ်ကြီးစိုးရေးဝါဒကို အဆုံးသတ်နိုင်ဖို့ ဆိုတဲ့ တောင်းဆိုမှုက နွေဦးတော်လှန်ရေးမှာပါ ဒီဖက်ဒရယ်ဆိုတဲ့ ခရီးတစ်ခုကပါ ပါလာတယ်လို့ နှိုင်းယှဉ်လို့ရပါတယ်။”

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့က စတင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး အကြမ်းဖက်ဖြိုခွဲမှုအတွင်း ဆန္ဒပြတဲ့ ရဟန်းသံဃာနဲ့ ကျောင်းသားပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ယူဆရကြောင်း အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးရာ ကော်မတီက ၂၀၀၇ အောက်တိုဘာ ၃ ရက်နေ့ ပြုလုပ်တဲ့ ကြားနာပွဲမှတ်တမ်းမှာ ဖော်ပြထားပြီး RFA အနေနဲ့လည်း သီးခြားစာရင်း ကောက်ယူထားခြင်း မရှိပါဘူး။

အဲကြားနာပွဲ ကျင်းပချိန်အထိ ၉ ဦးသာ သေဆုံးခဲ့ကြောင်း စစ်အစိုးရက ပြောကြားတယ်လို့ အမေရိကန် အထက်လွှတ်တော်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။