၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှု အကြောင်းတင်ပြချက်
2015.01.07
ဒီနှစ် အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်ပြုထားပါတယ်။
အဲ့ဒီလို မဲဆွယ်စည်းရုံးခွင့်ပေးထားရာမှာ နိုင်ငံရေးပါတီတွေ တွေ့ကြုံရတဲ့အခက်အခဲတွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေ တွေ့ဆုံစဉ်မှာ ပါတီတွေကို ရေရှည် စည်းရုံးခွင့်အနေ နဲ့ နိုင်ငံရေးပါတီအမည်နဲ့ မဲဆွယ်စည်းရုံးခွင့် ပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုမဲဆွယ်စည်းရုံးခွင့်ဟာ ခန်းမတွေမှာသာ ခွင့်ပြုတယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုစည်းရုံးခွင့်ဟာ ပါတီကိုယ်စားလှယ်လောင်းအနေနဲ့ ခွင့်ပြုတာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင် ဒုတိယ ပြန်ကြားရေး တာဝန်ခံ ဦးသိန်းဦးက အခုလိုပြောပါတယ်။
ဦးသိန်းဦး
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို အတည်ပြုပြီးနောက်မှာမှ ကိုယ်စားလှယ် လောင်းတွေက မဲဆွယ်စည်းရုံးခွင့်ရှိမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲနီးလာပြီဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေက ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ရွေးချယ်ပြီး မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်နေ ပြီဖြစ်ပါတယ်။
အဲ့ဒီလိုမဲဆွယ်စည်းရုံးရာမှာ လက်ရှိအာဏာရပါတီ ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီခေါင်းဆောင်တွေရဲ့ စည်းရုံးမှုအပေါ် ဝေဖန်ထောက်ပြ စရာတွေ ရှိနေပါတယ်။
ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီဝင်အတော်များများဟာ အစိုးရပိုင်းမှာ တာဝန်ယူဆောင်ရွက် နေကြတာကြောင့် အစိုးရအနေနဲ့ ဖိအားပေးမဲဆွယ်စည်း ရုံးနေတယ်ဆိုတဲ့ ထောက်ပြမှုတွေ ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃၁ ရက်နေ့က မှော်ဘီမြို့နယ်က လယ်သမားတွေနဲ့ တွေ့ဆုံပွဲမှာ လယ်သမားတွေရဲ့ထောက်ခံ အားပေးမှုကိုယူပြီး ကျနော်တို့ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ရမှာဖြစ်ကြောင်း ကျနော်တို့ကို ထောက်ခံအားပေးပြီး လယ်သမားတွေကိုကျေးဇူးဆပ်ခွင့်ပြုကြပါလို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလိုပြောကြားချက်ဟာ အစိုးရအနေနဲ့ ပါတီကိုကိုယ်စားပြုပြီး မဲဆွယ်စည်းရုံးပြောကြားတဲ့ စကားဖြစ်တယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
ဦးထွန်းထွန်းဟိန်
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့လည်း ပါတီခေါင်းဆောင်တစ်ချို့က ထောက်ပြကြပါတယ်။
မဲဆွယ်စည်းရုံးရာမှာ နိုင်ငံရေးပါတီကြီးတွေအနေနဲ့ အခက်အခဲနည်းပေမယ့် ပါတီငယ်တွေအနေနဲ့ တိုင်းရင်းသားတွေမှာ မဲဆွယ်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
ပါတီငယ်တွေရဲ့အဓိကအခက်အခဲဟာ ငွေကြေးမလုံလောက်မှုဖြစ်ပြီး တိုင်းရင်းသားပါတီတွေမှာ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲအပြင် ခန်းမဌား ရမ်းဟောပြောဖို့အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိအာဏာရပါတီထဲက ပါတီဝင်တစ်ချို့ဟာ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူနေကြပြီး အခြားပါတီတွေရဲ့ မဲဆွယ်စည်းရုံးခွင့်ကို ချုပ်ကိုင်ထားတယ် လို့လည်း သိရပါတယ်။
မဲဆွယ်စည်းရုံးမယ်ဆိုရင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ယူရမှာဖြစ်တာကြောင့် တိုင်းရင်းသား ဒေသတွေမှာ မြို့နယ်အုပ်ချုပ်ရေးမှုးတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှုးတွေဟာ မဲဆွယ်စည်းရုံးခွင့်ကို ကန့်သတ်နေတယ်လို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်က အခုလိုပြောပါတယ်။
ဦးဇိုဇမ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေကို တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ အဲဒါဟာလည်း မဲဆွယ်စည်းရုံးဖို့အတွက် အခက်အခဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
မဲဆန္ဒနယ်တွေကို မသိရသေးပဲ မဲဆွယ်စည်းရုံးမှုလုပ်နေတာဟာ တိုင်းရင်းသားပါတီတွေနဲ့ ပြည်နယ်ပါတီတွေအတွက် အခက်အခဲရှိနေပြီး အမြန်ဆုံးထုတ်ပြန်ပေးနိုင်ဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။