မဲပေးတယ်ဆိုတာ ဒီမိုကရေစီအခွင့်အရေးပဲလို့ နိုင်ငံရေးသမားတွေ ပြောကြား
2020.07.29
ဒီရက်ပိုင်းအတွင်း လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမပေးကြဖို့နဲ့ မဲပေးရင်လည်း ပယ်မဲဖြစ်အောင် ပြုလုပ်ကြဖို့ လှုံ့ဆော်ပြောကြားသံတချို့ ပေါ်ထွက်နေပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဖြတ်သန်းနေသူတချို့ရဲ့ သဘောထားတွေကကော ဘယ်လိုရှိပါသလဲ။
ရွေးကောက်ပွဲကျင်းပဖို့ တဖြည်းဖြည်းနီးကပ်လာနေချိန်မှာ မဲမပေးကြဖို့အတွက် No Vote ဆိုတဲ့ လှုပ်ရှားမှုတခုကို မြင်တွေ့လိုက်ရသလို မနေ့ကလည်း အနုပညာသည်တဦးက မဲရုံကိုသွားပြီး ပယ်မဲဖြစ်အောင် မဲပေးဖို့ လှုံ့ဆော်ရေးသားလိုက်တဲ့အတွက် ပြည်တွင်းပြည်ပမြန်မာတွေအတွင်း ဝေဖန်သံတွေ ထွက်လာခဲ့ပါတယ်။
ဒီမိုကရေစီစနစ်မှာ လူအများစုရဲ့ဆန္ဒကို လူနည်းစုက လိုက်နာဖို့အတွက် ဆန္ဒမဲခံယူတဲ့နည်း အမျိုးမျိုးကို သုံးစွဲကြရာမှာ စက်ခလုတ်နဲ့မဲပေးနည်း၊ လက်ဝါးထောင်၊ မတ်တပ်ရပ်နည်း၊ အသံအနည်းအများကို နားထောင်တဲ့နည်း စတာတွေအပြင် အကျယ်အပြန့် အသုံးပြုတဲ့နည်းတခုကတော့ ဆန္ဒမဲပေးတဲ့နည်းပါပဲ။ ဆန္ဒမဲပေးရာမှာ အမေရိကန်ပြည်ထောင်စုလို တိုးတက်တဲ့နိုင်ငံတွေမှာတော့ ကွန်ပျူတာမျက်နှာပြင်မှာ မိမိ နှစ်သက်ရာကို မဲပေးရွေးချယ်နိုင်ကြပြီး မြန်မာပြည်မှာတော့ အခုလာမယ့် ရွေးကောက်ပွဲအတွက် မဲကတ်ပြားလက်မှတ်မှာ မိမိဆန္ဒမဲပေးလိုသူကို ရွေးချယ်ပြီးနောက် မဲပုံးအတွင်း ထည့်သွင်းရမယ့်စနစ်ကို အသုံးပြုမှာဖြစ်ပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က မဲပေးခြင်း မပေးခြင်းဟာ လူတယောက်ရဲ့ အခွင့်အရေးပါပဲ။ သူကတော့ မဲပေးမယ်လို့ RFA ကို ပြောပါတယ်။
“ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် မဲပေးခွင့်ရဖို့အတွက် ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ အသက်ပေးခဲ့ကြသူတွေရှိတယ်။ သူတို့ရဲ့မျက်နှာတွေကို ကြည့်ရမယ်လို့ မြင်တယ်။ No Vote ဆိုတဲ့ ကိစ္စကတော့ ကိုယ့်ရဲ့ခံယူချက်အရ ကိုယ်တဦးတည်းတည်း မဲမပေးဘဲ နေခွင့်ရှိတယ်။ ဒါဟာ သူတို့ရဲ့ အခွင့်အရေးပါပဲ။ ဒါပေမယ့် တခြားသူတွေကိုပါ မဲမပေးနဲ့လို့ ပြောတာမျိုးကတော့ မဖြစ်သင့်ဘူး ထင်ပါတယ်”
စာရေးဆရာ ညီပုလေးကတော့ ဒီမိုကရေစီစနစ်ရှင်သန်ရေးအတွက် မဲပေးရမှာပဲလို့ မှတ်ချက်ပေးပါတယ်။
“ကျနော်ကိုယ်တိုင် မဲပေးမှာပါ။ သူများတွေကိုလည်း ကျနော် မဲပေးဖို့ပြောမှာ ဖြစ်တယ်။ စစ်သံခွာအောက် ပြန်မရောက်ချင်ဘူးဗျာ။ နားပြားအောင် အိပ်ချင်သေးတယ်။ ဝဝလင်လင် စားချင်သေးတယ်။ အခုလူတွေ သူတို့စွမ်းသလောက် လုပ်ကြပါတယ်။ အားနည်းချက်တွေတော့ ရှိတာပေါ့ဗျာ။ သို့သော် အမှိုက်ပုံကြီး အမွေရထားတဲ့သူက သိပ်သန့်ရှင်းဖို့ ပြောင်ဖို့ ဆိုတာကတော့ အတော်ခက်ပါတယ်။ ဒါကြောင့်မို့ မဲပေးချင်တယ် ကျနော်က”
No vote လှုပ်ရှားမှုဆောင်ရွက်နေတဲ့ ကိုဇွဲဝဏ္ဏဆိုသူကတော့ လက်ရှိ NLD ပါတီ အစိုးရဟာ ရွေးကောက်ပွဲကတိတွေကို ကျေပွန်ခဲ့ခြင်း မရှိတဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ ကျန်တဲ့ပါတီတွေကလည်း ယုံကြည်အားထားလောက်ခြင်း မရှိကြောင်း ပြောပါတယ်။
ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာရဲ့ အမြင်ကကော ဘယ်လိုရှိပါသလဲ။
“ကျနော့်အမြင်ကတော့ မဲပေးကိုပေးမယ်၊ ကျနော်တို့လူထုတွေကိုလည်း မဲသွားပေးကြပါလို့ ကျနော်တို့က တိုက်တွန်းနေပါတယ်။ မဲပေးရမှာပေါ့လေ ဒါက ဒီမိုကရေစီနည်းအရပေါ့နော် ကျနော်တို့ ရွေးကောက်တယ်ဆိုတာကတော့။ မဲမပေးရင် ကျနော်တို့ဆန္ဒမပါတဲ့ သဘောမျိုးလည်း ဖြစ်တယ်။ နောက်ပြီး ပွင့်နေတဲ့ ဒီမိုကရေစီအခွင့်အရေးကို ကျနော်တို့ အသုံးမချတတ်ဘူးပေါ့နော်။ တဖက်ကလည်း ကျနော်တို့ ဘာတွေများပြင်ဆင်ချင်လဲပေါ့နော်။ ကိုယ့်ဆန္ဒကိုလည်း အကောင်အထည်ဖော်နိုင်အောင်ပေါ့”
လာမယ့်ရွေးကောက်ပွဲမှာ မဲမပေးဖို့ပြောကြားနေသူတွေက လူနည်းစုဖြစ်ပြီး မဲပေးကြမယ်လို့ အတိအလင်း ပြောနေကြသူတွေက အများစုပါ။ မိမိရရှိထားတဲ့ ဒီမိုကရေစီအခွင့်အရေးကို အသုံးပြုမှာလား မပြုဘူးလားဆိုတာ မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။