ကပ်ဘေးကြောင့် ပါတီငယ်တွေနဲ့ တစ်သီးပုဂ္ဂလတွေ ပိုမိုထိခိုက်

သန့်ဇင်ဦး
2020.09.16

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်မှာပဲနေထိုင်ကြဖို့ အမိန့်ထုတ်ခံထားရတဲ့ မြို့နယ်တွေများနေပြီး ဒီလိုပိတ်ပင်ထားတဲ့ မြို့နယ်တွေမှာ မဲဆွယ်တာကိုပါ ကန့်သတ်ထားတဲ့အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ထိခိုက်နိုင်တယ်လို့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေး ပါတီသစ်တွေက ပြောပါတယ်။ ဒီလို အသွားအလာ ကန့်သတ်ထားတဲ့ မြို့နယ်တွေဟာ နိုင်ငံရေးပါတီအများစု ရုံးစိုက်ရာ ရန်ကုန်မြို့မှာ တည်ရှိနေပါတယ်။

ရန်ကုန်က မြို့နယ်ပေါင်း ၂၈ မြို့နယ်မှာ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ အမိန့် ထုတ်ထားတဲ့အတွက် စက်တင်ဘာ ၈ ရက်နေ့မှာ အစပြုတဲ့ မဲဆွယ်ကာလဟာ ခြောက်ကပ်ကပ် ဖြစ်နေတာပါ။

ရန်ကုန်က တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဌေးက အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကာလတွေကတဆင့် နိုင်ငံရေးပါတီတွေရဲ့ ပါတီအမှတ်တံဆိပ်၊ အလံ၊ ခေါင်းဆောင်၊ မူဝါဒတို့ကို ပြည်သူက သိရှိမှတ်မိထားပြီး ဖြစ်ပေမယ့် တစ်သီးပုဂ္ဂလ အမတ်လောင်းတွေကတော့ မဲဆွယ်ခွင့်ရမှ  ပြည်သူနဲ့ မိတ်ဆက်နိုင်မယ်လို့ ပြောပါတယ်။

“နိုင်ငံရေးပါတီကနေ ရွေးကောက်ပွဲ ဝင်တဲ့သူဖြစ်ဖြစ် တသီးပုဂ္ဂလ ဝင်တဲ့သူဖြစ်ဖြစ် ပြည်သူနဲ့ထိတွေ့ဖို့ လိုတယ်၊ (အမတ်လောင်းတွေရဲ့) ကိုယ်ရေးရာဇဝင်တွေ လေ့လာဖို့လိုတယ်၊ အခုတော့ မဲဆန္ဒရှင်က လေ့လာလို့လည်း မရဘူး၊ မဲပေးဖို့ အသိပညာပေးကလည်း မရှိတော့ မဲပေးတာတွေ မှားသွားနိုင်တယ်ပေါ့နော် အဲဒီအခွင့်အရေးတွေ ဆုံးရှုံးတယ်၊ မဲပေးခြင်း အသိပညာပေး လုပ်ငန်းတွေ ကျွန်တော်တို့က မလုပ်နိုင်ဘူး”


ဦးဌေးဟာ  ကပ်ဘေးကာလ အသွားအလာ ကန့်သတ်ခံထားရတဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ခံမှာပါ။

အခြေခံဥပဒေကို နာဂစ်မုန်တိုင်းကာလမှာ အတင်းအကျပ် အတည်ပြုခဲ့လို့ နာဂစ်အခြေခံဥပဒေလို့ အမည် တွင်ခဲ့သလို ကိုဗစ်ရွေးကောက်ပွဲဆိုပြီး အမည်တွင်နိုင်တာကြောင့် ရွေးကောက်ပွဲကို အလျင်စလို မလုပ်ဘဲ နောက်ဆုတ်သင့်တယ်လို့  ဦးဌေးက ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် ထန်းတပင်မြို့နယ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်ဘုန်းကျော်စံဦး ကတော့  အောင်နိုင်ရေးအတွက် မျှော်လင့်ချက်နည်းပေမယ့် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း နှာခေါင်းစည်းတပ်၊   တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေခွာပြီး မဲဆွယ်မယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ အင်အားနည်းတဲ့ပါတီတွေနဲ့ တစ်သီးပုဂ္ဂလတွေကတော့ မျှော်လင့်ချက် အားနည်းပါတယ်ခင်ဗျ၊ ကိုယ်ကဝင်ပြီးတော့ မပြိုင်တော့ဘူး ဆိုရင်လည်း အင်အားကြီးတဲ့သူတွေက နိုင်ရာစားပုံစံမျိုး လုပ်သွားလိမ့်မယ်လေ၊ အဲဒီလိုလည်း အဖြစ်မခံနိုင်တဲ့အတွက်  ကျွန်တော်တို့က ပြည်သူတွေကိုအားနာနာနဲ့ပဲ မဲဆွယ်ဖို့ကို စီစဉ်ရတာပါ”

ဦးအောင်ဘုန်းကျော်စံဦးဟာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထန်းတပင်မြို့နယ် ကိုယ်စားလှယ်ဖြစ်ပေမယ့် ပါတီက သူ့ကို အမတ်လောင်းအဖြစ် ထပ်မံ ရွေးချယ်ခြင်း မပြုတဲ့အတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ့်သူပါ။

ရန်ကုန်မြို့က ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ အမတ်လောင်း နော်အုန်းလှကလည်း ကရင်တိုင်းရင်းသား အများအပြားရှိရာ အင်းစိန်မြို့ကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံ မဲဆွယ်ဖို့ စီစဉ်ထားပေမယ့် အင်းစိန်ဟာ အိမ်မှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်ခံထားရတဲ့နယ်မြေထဲ ပါဝင်သွားတာကြောင့် အစီအစဉ်တွေ ဖျက်လိုက်ရတယ်လို့ ပြောပါတယ်။

“သွားလို့မရတော့တဲ့အခါကျတော့ ဖုန်းနဲ့ပဲပြန်ပြီးတော့ ဆက်သွယ်ရတာပေါ့နော်၊ ကိုယ်သွားမှ ပိုသိလာမှာ။ ကိုယ်မသွားတော့ ကိုယ့်ကိုတော့ သိပေမယ့် သေသေချာချာ တိတိကျကျ မသိရတဲ့တော့ အခက်အခဲတစ်ခု ဖြစ်တာပေါ့”


နော်အုန်းလှက ၂၀၁၉ ခုနှစ်မှာမှ ပါတီတည်ထောင်ခွင့်ရခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီကနေ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နေရာမှာ ဝင်ရောက် အရွေးချယ်ခံမှာပါ။

ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ ဆက်ဆံရေးတာဝန်ခံ ဦးကျင်ဝမ်းကတော့ ပါတီရဲ့ မူဝါဒ ၁၂ ရပ် ပုံနှိပ်ဖော်ပြထားတဲ့ စာရွက်ကို ရပ်ကွက်၊ ကျေးရွာ ရုံးခွဲတွေကတဆင့် အိမ်တိုင်ရာရောက် ဖြန့်ဝေထားပြီး ဖြစ်တဲ့အတွက် မဲဆွယ်ခွင့်မရတဲ့ အခြေအနေအတွက် စိတ်ပူစရာ မလိုဘူးလို့ ပြောပါတယ်။

“မူဝါဒ အချက်အလက်တွေ ပို့ပြီးသားဖြစ်တယ်ဆိုတော့ ပါတီရဲ့ သဘောထားတွေ သိထားတဲ့အတွက် ကျွန်တော်တို့က မဲဆွယ်စရာ သိပ်မလိုသလောက်ဖြစ်နေတာဗျ”


တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ဝင်ပြိုင်မယ်လို့ ဦးကျင်ဝမ်းက ပြောပါတယ်။

ကပ်ဘေးကာလ လူစုလူဝေး မလုပ်သင့်တဲ့ အခြေအနေကြောင့်  နိုဝင်ဘာ ၈  ရွေးကောက်ပွဲကို ဒီဇင်ဘာလ နောက်ဆုံးပတ်အထိ ရွှေ့ဆိုင်းဖို့ နိုင်ငံရေးပါတီအချို့က တောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ နယူးမြန်မာဖောင်ဒေးရှင်းက ဒေါ်မြနန္ဒာသင်းကတော့ မဲဆန္ဒရှင်တွေက ကပ်ဘေးကာလထဲမှာ အန္တရာယ်များလို့ မဲသွားမပေးတော့ဘူးဆိုတဲ့ ပြဿနာတွေ ရှိလာနိုင်တာကြောင့် နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင် အမြန်ဆုံး တွေ့ဆုံဆွေးနွေးသင့်တယ်လို့ အကြံပြုထားပါတယ်။

“တစ်သီးပုဂ္ဂလတွေ၊ နောက်ပါတီအသစ်တွေ၊ အခုမှစပြီးတော့ ပါတီထောင်ထားတဲ့ အသစ်တွေ ဆိုလို့ရှိရင်တော့ သူတို့က လူမှုကွန်ရက် ဆိုရှယ်မီဒီယာကို သုံး၊ သို့မဟုတ် တခြားသော နည်းလမ်းတွေကို ရှာဖွေရမယ် ထင်တယ်၊ မဟုတ်လို့ရှိရင်တော့ သူတို့အတွက်က ဒါ တော်တော်လေး အခက်အခဲရှိနိုင်တာပေါ့”

အိမ်မှာပဲနေထိုင်ဖို့ ညွှန်ကြားခံထားရတဲ့ မြို့နယ်တွေမှာ လှည့်လည်မဲဆွယ်တာ၊  အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးတာတွေ လုံးဝမလုပ်ဖို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ကပ်ဘေးကာလ လိုက်နာရမယ့် အချက်တွေထဲမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။