ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ် ဘာကြောင့်နိုင်စေချင်လဲ

တင်အောင်ခိုင်
2020.09.05

မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ နီးလာချိန်၊ မဲဆွယ်ပွဲတွေမှာ နိုင်ငံစီးပွားရေး တိုးတက်အောင် ဘယ်လိုဆောင်ရွက်ကြမလဲကစပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါပြဿနာနဲ့ ငြိမ်းချမ်းရေးကိစ္စတွေဟာ မဲဆန္ဒရှင်လူထုကို ရွေးကောက်ပွဲဝင်ရောက်မယ့် ပါတီတွေ ရှင်းပြရမယ့် အခြေအနေပါ။

ဒါပေမယ့် နိုင်ငံတကာက စောင့်ကြည့်နေသူတွေအတွက်ကတော့ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားနေတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ထုတ် Asia Time မဂ္ဂဇင်းပါ  BERTIL LINTNER ဘတ်တေးလစ်တနာရဲ့ ဆောင်းပါးမှာ ရေးထားပါတယ်။ သူဟာ မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း တစေ့တစောင်း စောင့်ကြည့်နေသူလည်း ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ ဘယ်လိုဖြစ်လာမလဲဆိုတာကို မေးခွန်းထုတ်ထားပါတယ်။ ဒါဟာလည်း ရွေးကောက်ပွဲရလဒ်အဖြေပေါ်မှာ မူတည်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ တရုတ်နိုင်ငံနဲ့ နီးကပ်သွားတဲ့ အခြေအနေဖြစ်မလား။ ပိုပြီးပွင့်လင်းလွတ်လပ်တဲ့ မူဝါဒဖြစ်လာမလား ဆိုတာပါ။

ဘတ်တေးလစ်တနာရဲ့ သုံးသပ်ချက်အရကတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိတဲ့အမြင်တွေ ဟာလည်း ပြောင်းလွဲလာခဲ့ပါတယ်။ အရင်က တရုတ်ဟာ မြန်မာနိုင်ငံက စစ်အာဏာရှင် အဆက်ဆက်ကိုပံ့ပိုးပြီး ဒီမိုကရေစီသူရဲကောင်း ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားရှိတဲ့ အမြင်ဟာလည်း မကြည်လင်ခဲ့ပါဘူး။ ဒီရူမြင်ချက်အပေါ်မှာ တရုတ် - မြန်မာ ဆက်ဆံရေးကို အထူးပြုလေ့လာသူ တစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းက

“လက်ရှိအစိုးရနဲ့က လုပ်ကိုင်စရာ အကျိုးစီးပွားတွေရှိနေမယ်။ အဆင်ပြေနေကြမယ်လို့ ကျနော် ထင်တယ်။ အဲဒီကြားထဲမှာဘဲ ရွေးကောက်ပွဲအပြီး USDP က အစိုးရဖြစ်သော်ရှိရှိ၊ ညွန့်ပေါင်းအစိုးရ ဖြစ်တာပဲဖြစ်ဖြစ် တရုတ်ဘက်က စဉ်းစားတာက ပိုအလုပ်ရှုတ်မယ်၊ တခြားအရေးပါတဲ့အင်အားစုတွေကို ထပ်ပြီးဆက်ဆံရဦး မှာကို သူတို့မြင်တယ်” လို့ ပြောပါတယ်။

ခုလို တရုတ်နိုင်ငံရဲ့ အနေအထားပြောင်းလဲလာသလို  မြန်မာစစ်တပ်အနေနဲ့ကလည်း ပြောင်းလဲလာတယ်လို့ ဦးအောင်သူငြိမ်းက ယူဆပါတယ်။ တရုတ်နိုင်ငံက လက်နက်ကို အားကိုးရတဲ့ မြန်မာစစ်တပ်ဟာ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

“၁၉၉၀ ပတ်ဝန်းကျင်တွေမှာ တရုတ်လက်နက်တွေကို ကျနော်တို့ဆီက ဝယ်လာခဲ့တယ်။ ကျနော်တို့ ကြားရသလောက်က အောက်ခြေက တရုတ်လက်နက်တွေကို မကြိုက်ကြဘူး။ ဆိုလိုတာ ဈေးချိုပေမယ့် အလုပ်သိပ်မဖြစ်ဘူး၊ နောက်တစ်ခါ အနောက်နိုင်ငံတွေက ဖိအားတွေရှိနေတော့ တခြား အနောက်က လက်နက်လည်း ဝယ်လို့မရဘူး၊ အဲဒီအချိန်မှာ ရုရှားနဲ့ ပိုအဆင်ပြေအောင် လုပ်တယ်၊ လက်နက်ဆို့စ်ကို ရွှေ့လိုက်ပြီ၊ အခု ရုရှားတို့၊ ယူကရိန်းတို့ဆီက ဝယ်နေတယ်”

ဦးအောင်သူငြိမ်း ပြောသွားတာပါ။ ဘတ်တေးလစ်တနာရဲ့ ဆောင်းပါးမှာက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ထင်နေတဲ့ မြန်မာစစ်တပ်ဟာ၊ နောက်ပိုင်း တရုတ်အပေါ် မှီခိုအားထား နေရတာလျော့ဖို့ နည်းလမ်းရှာခဲ့ပါတယ်။ ဒီအချိန်မှာ၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကူအညီရဖို့အတွက် တရုတ်ဘက်ကို လှည့်သွားတယ်လို့  ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အနောက်နိုင်ငံက မိတ်ဆွေတွေဟာ တချိန်က ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်ခဲ့ပြီး၊ အခုနောက်ပိုင်း ရိုဟင်ဂျာအရေးကြောင့် သူနဲ့ ဝေးသွားတဲ့ အတွက်၊ စီးပွားရေးအတွက်ရော၊ တခြား အကူအညီတွေအတွက်ပါ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ တရုတ်နိုင်ငံ ဘက်ကလည်း ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရဖို့ ရည်ညွှန်းတဲ့ တွေ့ဆုံဆွေးနွေးတာတွေကို ပြောင်ပြောင်တင်းတင်းပဲ ဆောင်ရွက်နေတယ်လို့ ဘတ်တေးလစ်နာက သုံးသပ်ပါတယ်။ ဒါဟာ သြဇာလွှမ်းမိုးချုပ်ကိုင်ဖို့ ပိုပိုခက်လာတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စိုးရိမ်မူကိုလည်းဖြစ်စေ ပါတယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။