ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ မျှော်မှန်းသလောက် မရခဲ့

ခင်မောင်စိုး
2020.11.09

၂ဝ၂ဝ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတချို့က သူတို့ မျှော်မှန်းသလောက် အနိုင်မရခဲ့ဘူးလို့ပြောပါတယ်။ ဒီအတောအတွင်း  တပ်မတော်မိသားစုဝင်တွေ၊ တပ်ကထွက်ပြီး အငြိမ်းစားယူတဲ့ တပ်သားဟောင်းတွေ အများအပြားရှိတဲ့ မှော်ဘီမြို့နယ်မှာတော့ NLD ကထပ်မံအနိုင်ရခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ NLD က ပြတ်ပြတ်သားသား ထပ်မံအနိုင်ရရှိခဲ့တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ တိုင်းရင်းသားပါတီတွေကတော့ သူတို့ မူလ မျှော်မှန်းသလောက် မရရှိခဲ့ပါဘူး။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ၂ဝ၁၅ နဲ့ အတူတူလောက်ပဲ အောင်မြင်ခဲ့တယ်။  ရှမ်းပြည်က မဲရုံအချို့မှာ မသမာမှု ရှိခဲ့လို့ သက်ဆိုင်ရာကို တိုင်ကြားထားတယ်လို့ ပြောပါတယ်။  

“၂ဝ၂ဝ ရွေးကောက်ပွဲဟာ လူထုအနေနဲ့ လွတ်လွတ်လပ်လပ်မဲပေးနိုင်တဲ့ အနေအထားကို ၂ဝ၁၅ ထက်ပိုပြီးတော့ ထူးထူးခြားခြားဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးတာကို တွေ့ရတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းက မဲပေးရတဲ့ အခြေအနေတွေက လုံးဝမကောင်းတာ။ ဘာမှ အထောက်အထားမရှိတဲ့သူတွေကိုလည်း မဲပေးခွင့်ပေးထားတယ်။ အသက်မပြည့်တဲ့သူတွေကိုလည်း  မဲပေးခွင့်ပေးထားတယ်။ အဲဒါတွေကို ရွေးကောက်ပွဲကော်မရှင် UEC က ဘာတခုမှ တာဝန်ယူပေးနိုင်တဲ့ အနေအထားမရှိဘူး။ မနေ့က မိုင်းတုံမှာရော မိုင်းဆတ်မှာရော အဲလိုဖြစ်တယ်။”

မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး နိုင်လယိတမ ကတော့ ၂ဝ၁၅ ရွေးကောက်ပွဲထက် သူတို့ ဒီပွဲမှာ လွှတ်တော်ကိုယ်စားလှယ်ပိုရခဲ့ပေမယ့် မျှော်လင့်သလောက်တော့ မရဘူးလို့ပြောပါတယ်။ ဘာကြောင့် အဲဒီလို မရတာလဲလို့ သူက ယူဆပါသလဲ။

“ကျနော်တို့ ပြည်နယ်ထဲကို ရောက်လာနေတဲ့ ပြည်နယ်ပြင်ပကရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မဲစာရင်းက ကျနော်တို့ပြည်နယ်မှာ သိန်းဂဏန်းလောက်ရှိနေတယ်။ နောက်တခုက ကျနော်တို့ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူ အတော်များများက နိုင်ငံတကာမှာ ရောက်ရှိနေတယ် သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ အနေအထားတွေရှိတယ်။ အဲဒါက အဓိက အချက်ပါ။”

ဒီရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်ဒွဲဘူက ကိုဗစ် ၁၉ ဖြစ်ပွားမှုကြောင့် စည်းရုံးရေးဆင်းရတာ အဟန့်အတားတွေဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျမတို့ ကချင်ပြည်နယ်တခုလုံးမှာ ယှဉ်ပြိုင်တဲ့အခါ အနိုင်မရရှိသော်လည်း ကျမတို့ ပြည်သူတွေရဲ့ အသိအမှတ်ပြုမှု အများကြီးရခဲ့ပါတယ်။ ကျမတို့ လွှတ်တော်ထဲ မရောက်ရင်လည်းပဲ ကျမတို့အနေနဲ့ ပြည်သူ့အရေးအတွက် ကျမတို့ပါတီက ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ လွှတ်တော်ထဲ ရောက်ရင်လည်း ကျမတို့က အစိုးရကိုတိုက်တွန်းနှိုးဆော်တဲ့အလုပ်တွေ လုပ်ရတာဖြစ်သလို လွှတ်တော်ပြင်ပမှာလည်း ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ကျမတို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို လူမှုအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းပြီး အစိုးရကို တိုက်တွန်းနှိုးဆော်တာတွေ၊ ကျမတို့ဒေသအတွက် တိုးတက်ဖို့တွေ ပြောဆိုတာတွေ ဆောင်ရွက်သွားပါ့မယ်။ ပြည်သူအားလုံးကို  ကျမတို့ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင့်။”

ဒီရွေးကောက်ပွဲမှာ ထူးခြားမှုတခုကတော့ စစ်တပ်တွေ၊ တပ်မတော် စစ်မှုထမ်းဟောင်း မိသားစုတွေ အများအပြား ရှိတဲ့ မှော်ဘီမြို့နယ်မှာ NLD က ထောက်ခံမဲ ၉ သောင်းကျော် ရရှိခဲ့ပြီး USDP က မဲ ၃ သောင်းခန့်ပဲ ရရှိခဲ့တာပါ။ မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဗိုလ်ကြီးဟောင်း ဦးအောင်ဝင်း ဖြစ်ပါတယ်။  

“၂ဝ၁၅ ထက်စာလို့ရှိရင် ဒီရွေးကောက်ပွဲမှာ တပ်ထဲက ကျနော်တို့ မဲ သိသိသာသာရတာရှိတယ်။ တချို့ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောတာတွေရှိတယ် ကျနော်တို့ကို ထောက်ခံပါတယ်ဆိုတာ။ ဒီလို အောင်မြင်တာဟာ ကျနော်တို့ ခေါင်းဆောင်ကြောင့်ပဲလို့ ကျနော်ထင်တယ်။ ခေါင်းဆောင်က reconciliation ကို တကယ့်ကို နှစ်နှစ်ကာကာလုပ်တာ။ ကြာလာတဲ့အခါ သူ့ကို နည်းနည်းပိုပြီး ယုံကြည်လာတယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ဆီမှာတော့ ကျနော်ကလည်း တပ်ကလာတဲ့သူ ကျနော့်ရဲ့အခု ရွေးကောက်ပွဲကိုယ်စားလှယ်ကလည်း တပ်ကပဲ။  ဗိုလ်ကြီးကျော်ဆွေဆိုတာ။ ကျနော်တို့က တပ်အကြောင်းလည်း ကောင်းကောင်းသိတယ်။ တပ်ရဲ့အထာကိုလည်း သိတယ်။ အခုလက်ရှိလည်း တပ်ထဲမှာ ကျနော့်တပည့်တွေရှိသေးတယ်၊ သူငယ်ချင်းတွေရှိတယ်။ အဲဒီတော့ ကျနော်က သူများထက်ပိုပြီး နီးစပ်တဲ့သဘောရှိတယ်။ နောက်တခုကလည်း ကြာလာတဲ့အခါကျတော့ ကျနော်တို့ နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဘယ်လိုကွာတယ်၊ ခေါင်းဆောင်ခြင်းကွာတယ်ဆိုတာကို သိလာတဲ့သဘောရှိတယ်ဗျ။”

ဗိုလ်ကြီးဟောင်း ဦးအောင်ဝင်းက တပ်မတော်မိသားစုတွေနဲ့ သူတို့ပါတီအကြား နားလည်မှုတွေ ပိုမိုရရှိခဲ့တာဟာ ဝမ်းသာစရာဖြစ်တယ်လို့လည်း ပြောပါတယ်။

----------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။