ပုလဲနဲ့ ယင်းမာပင် စီးနင်းတိုက်ခိုက်ခံရမှု PDF နဲ့ ဒေသခံ ၂၇ ဦး သေဆုံးခဲ့

2022.10.29
ပုလဲနဲ့ ယင်းမာပင် စီးနင်းတိုက်ခိုက်ခံရမှု PDF နဲ့ ဒေသခံ ၂၇ ဦး သေဆုံးခဲ့ ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ရုံးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရုံးအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တိုက်ခိုက်ခံခဲ့ရစဉ်။
Photo: Pale Entertainment

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း စစ်ကောင်စီတပ်က လေကြောင်းရော၊ မြေပြင်ကပါ ဝင်ရောက်စီးနင်းခဲ့ တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (PDF) နဲ့ ဒေသခံတွေ စုစုပေါင်း ၂၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအထဲမှာ အောက်တိုဘာလ ၂၅ ရက်နေ့က ပုလဲမြို့နယ် ဖလံပင်ရွာနားမှာရှိတဲ့ ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ရုံးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရုံး တိုက်ခိုက်ခံရပြီးနောက် တွေ့ရတဲ့ ၁၁ လောင်း၊ ယင်းမာပင်မြို့နယ် ရွှေလှံရွာစီးနင်းခံရမှုမှာ သေဆုံးသူ ၁၀ ဦးနဲ့ ပြားအိုရွာက ဒေသခံ အမျိုးသမီး နှစ်ဦး၊ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့သူ PDF နှစ်ဦးနဲ့ ပုလဲမြို့နယ် သဲပြင်ကျယ်ရွာမှာ အသတ်ခံခဲ့ရတဲ့ ငါးဦးတို့ ပါဝင်ပါတယ်။

"လက်နက်အင်အားလည်း မမျှတဲ့အခါကျတော့ ကျနော်တို့ ကိုင်တာတွေက လက်လုပ်ပဲရှိတာဆိုတော့ လွတ်အောင်ပဲ ရှောင်ရတာပေါ့လေ”

စစ်ကြောင်းပြန်ထွက်သွားချိန် အောက်တိုဘာလ ၂၇ ရက်နေ့ ဝင်ရောက်ရှင်းလင်းရာမှာ အလောင်း ၁၁ လောင်းကို တွေ့ရတာလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

“အစ်ကိုတို့ ပ.အ.ဖ၊ ပ.က.ဖ ရုံးစိုက်ရာ ရုံးထဲမှာ ရုံးအဆောက်အအုံတွေ မီးရှို့တာနဲ့အတူ အလောင်း Death Body ၁၁ ခု တွေ့တယ်။ အဲဒီ ၁၁ ခုက ကလေးရဲ့ ရုပ်အလောင်းတွေ ပါတယ်။ အနေအထားကတော့ အဲဒါ နောက်ဆုံးတွေ့ရှိချက်ပေါ့နော်။ အဓိက အချုပ် သားတွေရယ်၊ ရာဇဝတ် အကျဉ်းသားတွေရယ်ကို စစ်ကောင်စီက ပစ်သတ်သွားတယ်လို့ ခိုင်ခိုင်မာမာ ယူဆတယ်”

တချို့အလောင်းတွေဟာ မီးရှို့သတ်ဖြတ်ခံခဲ့ရတာကြောင့် ဒေသခံလား၊ PDF အဖွဲ့ဝင်လား ခွဲခြားရခက်တယ်လို့ ဆိုပါတယ်။

ပုလဲနဲ့ ယင်းမာပင်နယ်စပ်မှာ လှုပ်ရှားတဲ့ ပုလဲအခြေစိုက် တပ်ရင်း (၁၃) တာဝန်ခံ ဗိုလ်လျှပ်စီးကတော့ လေကြောင်းရော မြေပြင်ကပါ တိုက်ခိုက်ခံရတာကြောင့် ဘေးလွတ်ရာကို ရှောင်ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ တာဝန်ရှိတဲ့သူတွေကတော့ အားလုံးဘေးလွတ်ရာကို ရှောင်လိုက်နိုင်တယ်။ သူတို့အဖွဲ့တွေကတော့ အပိုင်ဝင်ပြီးတော့ လုပ်သွားတာပေါ့ဗျာ။ အပေါ်ကရော၊ အောက်ရော ညှပ်ပစ်တာဆိုတော့ ဘယ်လိုပြောမလဲ လက်နက်အင်အားလည်း မမျှတဲ့ အခါကျတော့ ကျနော်တို့ ကိုင်တာတွေက လက်လုပ်ပဲရှိတာဆိုတော့ လွတ်အောင်ပဲ ရှောင်ရတာပေါ့လေ”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က ယင်းမာပင်မြို့နယ်၊ ပြားအိုရွာကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်စီးနင်းပြီး ဒေသခံ အမျိုးသမီးနှစ်ဦးကို ပစ်သတ်ခဲ့သလို ၂၁ ရက်နေ့ကလည်း ရွှေလှံရွာကို အင်အား ၈၀ နီးပါးနဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် PDF ကိုးဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၅ ရက်နေ့ကစပြီး ပုလဲမြို့နယ်၊ သဲပြင်ကျယ်ရွာကို လေယာဉ်နဲ့ ပစ်ပြီး ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံငါးဦး သေဆုံးခဲ့သလို နှစ်ဖက်တိုက်ပွဲတွေမှာ လည်း PDF နှစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့သူအားလုံးဟာ အရပ်သား လူငယ်၊ လူလတ်ပိုင်းတွေ ဖြစ်တယ်လို့ ပုလဲမြို့နယ် အခြေစိုက် ဂဠုန် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ဂဠုန်က RFA ကို ပြောပါတယ်။

"သဲပြင်ကျယ်ရွာကတော့ ဒီနေ့မနက်ကို ငါးလောင်းထပ်တွေ့တယ်။ ဖြစ်တာက ၂၅ ရက်နေ့က စဖြစ်တာ။ စဖြစ်တဲ့နေ့ကတည်းက ရွာသူရွာသားတွေတချို့ လေယာဉ်ပေါ်က နေပစ်လို့ မှန်တဲ့သေတဲ့သူကသေတယ်။ တချို့ကတော့ ဓားစာခံမိပြီးမှ အသတ်ခံရတာ။ ရုပ်အလောင်းတွေမှာတော့ ခုနက လက်နက်ကြီး ဒဏ်ရာတွေရယ်၊ အောက်ရောက်မှ သူတို့ သေနတ်နဲ့တေ့ပစ်တဲ့ ဒဏ်ရာတွေတွေ့ရတယ်။ လူငယ်ပိုင်းတွေပါတယ် နှစ်ဆယ်၊ အစိတ်ဝန်းကျင် သုံဆယ့်ငါး၊ လေးဆယ် ဝန်းကျင်တွေရောဗျ"

စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆို တာ မရှိပါဘူး။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ဂန့်ဂေါမြို့နယ် နယ်မြေခံတပ်ရင်းက ပျောက်သွားတဲ့ အရာရှိရဲ့ဇနီး ရင်ပေါင်တိုင်နဲ့ ရွှေလှံရွာတစ်ဝိုက်မှာ ဖမ်းဆီးခံထားရတယ်လို့ ယူဆပြီး အောက်တိုဘာ ၁၉ ရက်နေ့ကစလို့ အဲဒီနှစ်ရွာတစ်ဝိုက်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ တာလို့ ဆိုပါတယ်။

အဲဒီက PDF စခန်းကို ဝင်ရောက်စီးနင်းပြီးနောက် အမျိုးသမီး ခုနစ်ဦး၊ အမျိုးသား ၁၅ ဦးနဲ့ ကလေးလေးဦး စုစုပေါင်း ၂၆ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

shwehlan-village.jpg
ယင်းမာပင်မြို့နယ် ရွှေလှံရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီတပ်ဟာ လူစုလူဝေးရှိတာ နဲ့ PDF ဆိုပြီး စွပ်စွဲနေတာပဲလို့ ဝေဖန်ပါတယ်။

“သူတို့အနေနဲ့ကတော့ ပြည်သူတစ်ရပ်လုံးနဲ့ တိုက်ပွဲဝင်နေရတယ်ဆိုတာကို သူတို့လည်း သဘောပေါက်ပါတယ်။ အဲဒါကြောင့် စုစုဝေးဝေးရှိလို့ရှိရင် အဲဒီလူ စုစုဝေးဝေးကို PDF လို့ စွပ်စွဲပြီးတော့ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်မှုကို တရားမျှတမှုရှိတယ်လို့ ထင်ရအောင် ကမ္ဘာကြီးကို လိမ်လည်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ အဲဒီလို ကြိုးစားချက် တွေဟာ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ပါဘူး။ ပြည်သူတွေဘက်က အထောက်အထား အမြောက်အမြား ရှိပါတယ်”

ဒေသခံ ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးသလို လက်ရှိ ပုလဲနဲ့ ယင်းမာပင်နယ်ထဲက ရွာအချို့ကိုလည်း တယ်လီဖုန်းတွေ ခေါ်ဆိုလို့မရတာကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံရွာသားတွေနဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP - Myanmar) ရဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီး ၂၁ လအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၁,၅၁၂ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။