အာဏာသိမ်း လ ၂၀ ကျော်အတွင်း နိုင်ငံရေးအကျဉ်းသား ၃၃ ဦး ထောင်ထဲမှာသေဆုံး

2022.10.24
အာဏာသိမ်း လ ၂၀ ကျော်အတွင်း နိုင်ငံရေးအကျဉ်းသား ၃၃ ဦး ထောင်ထဲမှာသေဆုံး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား ကိုမောင်ငယ်၏ နာရေး ပြင်ဆင်ထားမှုကို တွေ့ရစဉ်။
Photo: PKPF

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ လူ့အခွင့်အရေးဌာနကို အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေ အရ စစ်တပ်အာဏာသိမ်းထားတဲ့ လ ၂၀ ကျော်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၃ ဦး အသက်ဆုံးခဲ့ပါတယ်။

သူတို့ဟာ ထောင်တွင်းမှာ အချိန်မီ ဆေးကုသခွင့် မရတာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာ၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရတာ၊ ထောင်တွင်းမှာပဲ ရုပ်ပိုင်း စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ စစ်ကြောရေးက ပါလာတဲ့ ဒဏ်ရာဒဏ်ချက်တွေ ကြောင့် သေဆုံးခဲ့တာလို့ မိသားစုဝင်တွေနဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့က လွိုင်ကော်အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမောင်ငယ်ဟာ မကွယ်လွန်ခင်မှာ စစ်ကြောရေးကရရှိတဲ့ ဒဏ်ရာတွေကြောင့် ဝေဒနာခံစားခဲ့ရပေမယ့် လုံလောက်တဲ့ ဆေးကုသခွင့် မရခဲ့ဘူးလို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) အဖွဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။

"အကျဉ်းဦးစီးက အကြီးဆုံးသူကစလို့ အောက်ခြေထောင်ဝန်ထမ်းအထိ ဒီလိုကိစ္စတွေမှာ တာဝန်ရှိတယ်"

မိသားစုနဲ့ နီးစပ်သူတစ်ဦးကလည်း ကိုမောင်ငယ်ရဲ့ ရုပ်အလောင်းကို ပြန်သယ်ယူခွင့် မရဘဲ ထောင်တွင်းမှာပဲ သင်္ဂြိုဟ်လိုက်ရတယ်လို့ RFA ကို ပြောပါတယ်။

“ဘာဖြစ်လို့ အလောင်းမရခဲ့လဲဆိုတော့ သူသေတဲ့အချိန်လည်း တစ်ရက်ပေါ့နော် မနက်ဖြန်မှ ထောင်က ဖုန်းဆက်လာတယ်။ အလောင်းလာယူပါဆိုပြီးတော့၊ ဆရာဝန်လည်း ရင်ခွဲရုံမှာ ခွဲပြီးပြီ။ စစ်ပြီးပြီ။ ပြီးတော့ ယူပြန်လို့ရတယ်ဆိုပြီး ပြောကြတော့ ရဲလာတဲ့အချိန်ကျတော့ မရဘူး၊ တရားရုံးခေါ်သွားရမယ်ဆိုပြီး ရဲက တရားရုံးခေါ်သွားတာ။ တရားရုံးရောက်ပြန်လည်း ယူပြန်လို့မရဘူး။ ဒီမှာပဲ သင်္ဂြိုဟ် ရမယ် ယူပြန်လို့ မရဘူးဆိုတော့ သူ့အမေက ရိုးရာဟာပဲပေါ့နော် ခြေသည်း၊ ဆံပင်တို့၊ အဝတ်အစားတို့ပဲ ယူပြန်ခဲ့တယ်။ သူ့အမေ ပြန်လာကျတော့ စိတ်မကောင်းဘူး။ သူ့အမေလည်း သူ့သားထွေးဆိုတော့လေ”

ကိုမောင်ငယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း လွိုင်ကော်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ ရပြီးတဲ့နောက် PDF နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ နဲ့ ထောင်ငါးနှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

မန္တလေးတိုင်း မိတ္ထီလာအကျဉ်းထောင်ထဲမှာ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ ထောင် ခုနစ်နှစ် ချမှတ်ခံထားရတဲ့ ကိုဇော်လပြည့် ခေါ် ဇွန်လပြည့်လည်း ထောင်ထဲမှာ ကျန်းမာရေး အလွန်ဆိုးရွားခဲ့ပေမယ့် အချိန်မီ ဆေးကုသခွင့် မရတာကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကိုဇော်လပြည့်ဟာ သာစည် မီးရထားဌာနမှာ လုပ်သား/တွဲပြင် တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ အဖမ်းခံခဲ့ရတာပါ။

ဇော်လပြည့် သေဆုံးမှုနဲ့ ပတ်သက်လို့ ထောင်ထဲက အကျဉ်းသားတွေ ရေးသားပြီး အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ စာတစ်စောင်အရ ကိုဇော်လပြည့်ဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့မှာ စတင်မောပန်းပြီး အသက်ရှူမဝဖြစ်လာတာကြောင့် စက်တင်ဘာ ၁၇ ရက်နေ့မှာ ထောင်ဆေးခန်းကနေ ဆေးတစ်လုံးထိုးပေးပြီး သောက်ဆေးပေးခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ ပိုဆိုးလာပြီး အစားပါ မဝင်တော့တဲ့အတွက် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဆရာဝန်က နောက်ဆေးတစ်လုံး ထပ်ထိုးပေးခဲ့ပြီး “စိတ်ကြောင့် ဖြစ်နေတာ၊ ဘာမှမဖြစ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။

မသက်သာလို့ ဆေးခန်းထပ်ပြချိန်မှာတော့ တာဝန်ကျ ရာဇဝတ်အကျဉ်းသား သုံးဦးက “ဟန်ဆောင်မနေနဲ့ အဆောင်ပြောင်းခံချင်တာလား” ဆိုပြီး အော်ငေါက်ပြန်လွှတ် ခဲ့ပါတယ်။ ဆေးခန်းက ပြန်လာပြီး အိမ်သာတက်ရာကနေ ပြန်အဆင်းမှာ ကိုဇော်လပြည့် လဲကျသေဆုံးခဲ့ကြောင်း အဲဒီစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို လဲကျသွားတဲ့အချိန်ကျမှ ထောင်ဆေးခန်းက အပြင်ဆေးရုံကိုတင်ဖို့ စီစဉ်ခဲ့ပေမယ့် အပြင်ဆေးရုံရောက်ပြီး နာရီဝက်ကျော်အကြာမှာပဲ ကိုဇော်လပြည့် သေဆုံးသွားခဲ့တာလို့ သူ့ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

“ကိုဇော်လပြည့်ဖြစ်တဲ့ အချိန်တုန်းကလည်း ကျနော်တို့ရဲဘော်ကို ဘာမှဆေးကုသမှု မပေးလိုက်ဘူး။ ပုံမှန်အားဖြင့်ပြောရရင် သာမန်သောက်ဆေးလောက်ပေါ့၊ အကိုက်အခဲ ပျောက်ဆေး၊ အိပ်ဆေး အဲဒီလိုမျိုး သောက်ဆေးလောက်ပဲ ပေးလိုက်တာ။ နောက်နေ့ မနက်ခင်းရောက်တော့ ကိုဇော်လပြည့်က သူ့နှလုံးကျန်းမာရေးက တော်တော်လေးကို ဖောက်လာပြီးတော့ လဲကျသွားတယ်ပေါ့။ ကျနော် သိရတာကတော့ မနက် ၈ နာရီ၊ ၁၀ နာရီဝန်းကျင်လောက်လို့ သိရတယ်။ သို့သော် ဆေးရုံကိုပို့တာကတော့ ၁၁ နာရီလောက် မှ ပို့တယ်ပေါ့နော်၊ ၁၁ နာရီအလွန်မှာတော့ ကျသွားတာပေါ့။ ဆုံးသွားတာပေါ့။ အဲဒီလို ဖြစ်သွားတယ်”

ရန်ကုန် အင်းစိန်၊ မန္တလေး အိုးဘို၊ မကွေး၊ မြင်းခြံ၊ ပဲခူး၊ တောင်လေးလုံး၊ ပခုက္ကူ၊ သံတွဲ၊ ဒိုက်ဦး၊ ညောင်ဦး စတဲ့ အကျဉ်းထောင်နဲ့ အချုပ်ခန်းတွေမှာလည်း လုံလောက်တဲ့ ဆေးကုသခွင့် မရတာ၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရတာ၊ အချုပ်ခန်းနဲ့ ထောင်တွင်းမှာပဲ ရုပ်ပိုင်းစိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ သေဆုံး ခဲ့ပါတယ်။

အကျဉ်းဦးစီးဌာနက ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကတော့ ထောင်ထဲမှာ လုံလောက်တဲ့ ဆေးကုသခွင့် မရလို့ အကျဉ်းသားတွေ သေဆုံးတာမျိုး မရှိခဲ့ကြောင်းနဲ့ အကျဉ်းထောင် စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကျန်းမာရေးစောင့်ရှောက် မှု ပေးထားတယ်လို့ RFA ကို ပြောပါတယ်။

“အထဲမှာ နေမကောင်းဖြစ်နေတာကြီးကို ပစ်ထားလိုက်တယ်၊ နေမကောင်းဖြစ်နေတာ ကြီးကို ကုသမပေးဘူးဆိုတာမျိုး လုံးဝမရှိပါဘူး။ ဥပဒေမှာလည်း ပြဌာန်းထားပါတယ်၊ ကျနော်တို့ လက်တွေ့မှာလည်း ဒီအတိုင်းပဲ အကောင်းဆုံး လုပ်ပေးပါတယ်။ တစ်ခုတော့ရှိတာပေါ့ အိမ်တွေမှာကတော့ နေမကောင်းဘူးဆိုရင် ချက်ချင်းကားခေါ်ပြီး၊ ကားပေါ်တင်ပြီး ဆရာဝန်ရှိရာကို ချက်ချင်းသွားလို့ရတာမျိုးတော့ ရှိတာပေါ့လေ။ ကျနော်တို့က ထောင်လည်းဖြစ်နေတယ်၊ ဌာနလည်း ဖြစ်နေတယ်ဆိုတော့ အဲဒီမှာတော့ သတင်းပို့တာတွေ၊ တင်ပြတာတွေ၊ စိစစ်တာတွေကတော့ ကျနော်တို့မှာ ရှိကောင်းရှိမယ်။ ဒါကလွဲလို့ မကုသပေးတာတို့၊ ပစ်ထားတာတို့ ဆိုတာမျိုးကတော့ မရှိပါဘူး”

ICRC (မြန်မာ) ရုံးခွဲရဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက် ထုတ်ပြန်ချက်မှာတော့ အကျဉ်းချခံ ထားရသူတွေကို ဂုဏ်သိက္ခာရှိရှိ လူသားဆန်စွာ ဆက်ဆံဖို့ လိုအပ်ပြီး၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရေးဟာ အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။ အကျဉ်းသားတွေရဲ့ အခြေအနေကို လေ့လာစစ်ဆေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် အကျဉ်းထောင်တွင်း ဝင်ရောက်ခွင့်ကို အာဏာပိုင်တွေက ၂၀၂၀ မတ်လကတည်းက ရပ်ဆိုင်းထားတယ်လို့လည်း ICRC က ဆိုပါတယ်။

RFA ကပြုစုထားတဲ့ စာရင်းတွေအရ အကျဉ်းထောင်တွင်း သေဆုံးသူတွေထဲမှာ နိုင်ငံရေး ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်၊ ဆန္ဒပြသူ၊ ဆရာဝန်၊ ကျောင်းဆရာမ၊ အရပ်သားနဲ့ ကလေးသူငယ် စသဖြင့် အလွှာမျိုးစုံ၊ အရွယ်မျိုးစုံ ပါဝင်ပါတယ်။

NLD လူ့အခွင့်အရေးမှတ်မှတ်တမ်းဌာနရဲ့ စာရင်းအရ NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်းနဲ့ ပဲခူးမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေတို့ဟာ ဖမ်းဆီးခံထားရစဉ် အကျဉ်းထောင်ထဲမှာ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ဆေးကုသခွင့် မရတာကြောင့် အသက်ဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်မှာလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မငြိမ်းအိဖြိုးကျော်ရဲ့ သမီးဖြစ်သူ အသက် နှစ်နှစ်အရွယ် မရွှေယွန်းအိမ်လေးဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထောင်ထဲမှာပဲ သေဆုံးခဲ့ပါတယ်။ မရွှေယွန်းအိမ်ဟာ ခွဲစိတ်ကုသမှု ခံယူထားရတဲ့ ကလေးငယ်ဖြစ်ပြီး အကျဉ်ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာကြောင့် သေဆုံးခဲ့ရတာလို့ AAPP စာရင်းမှာ ဖော်ပြထားပါတယ်။

အကျဉ်းထောင်ဥပဒေတွေမှာ အကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ အတိအကျ အသေးစိတ် ဖော်ပြထားပေမယ့် ထောင်အာဏာပိုင်တွေက လက်တွေ့လိုက်နာမှု မရှိဘူးလို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက မှတ်ချက်ပေးပါတယ်။

“အကျဉ်းထောင်လက်စွဲဥပဒေထဲမှာရော၊ အကျဉ်းထောင်ဥပဒေထဲမှာရော အကျဉ်းသား တွေနဲ့ ပတ်သက်တဲ့ ဆေးဝါးကုသမှုအပိုင်းကို တော်တော်အလေးအနက်ထားပြီး ပြဌာန်း ထားတာရှိပါတယ်။ အကျဉ်းသားတွေ၊ အချုပ်သားတွေ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ အသေးစိတ် ပြဌာန်းချက်တွေရှိပါတယ်။ ကျနော်ဆိုလို ချင်တာက ဥပဒေအရရော၊ ရုပ်ဝတ္ထုပစ္စည်း ဆေးဝါးတွေအရရော ကုသပေးမယ့် ပညာရှင်တွေရော ပြည့်ပြည့်၀၀ ရှိပါတယ်။ သို့သော် အဲဒီလိုရှိနေတဲ့အထဲကနေမှ ဒီလိုမျိုး ဆေးဝါးကုသခွင့်တွေ အချိန်မီ မခံရလို့ သို့မဟုတ် လုံလောက်အောင် ကုသမှု မရလို့ သေဆုံးမှုတွေ ဖြစ်တယ်ဆိုတာကတော့ သက်ဆိုင်ရာ ထောင်အာဏာပိုင်များရဲ့ အကျဉ်းသား၊ အချုပ်သားတွေပေါ်မှာထားတဲ့ စေတနာရယ်၊ အုပ်ချုပ်ရေး စနစ်အရ လည်း ဒါမျိုး ကုသမှုအပိုင်းတွေကို တမင်လစ်လျူရှုပြီး ဆောင်ရွက်တာမျိုးတွေ ရှိလို့သာလျှင်ဖြစ်တယ်လို့ ဒီလိုပြောရမှာ ဖြစ်ပါတယ်”

meiktila-prison.JPG
မန္တလေးတိုင်း၊ မိတ္ထီလာ အကျဉ်းထောင်အား တွေ့ရစဉ်။ (Photo: Kyaikmayaw / Mudon News)

ဆေးကုသမှု မရလို့၊ နှိပ်စက်ညှဉ်းပန်းခံရလို့ အကျဉ်းထောင်တွင်း လူသေဆုံးမှုတွေဖြစ် လာရင် ဒါဟာ ဆိုးရွားပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တာကြောင့် ဖမ်းဆီးဖို့ အမိန့်ပေးစေခိုင်းသူကစလို့ ပါဝင်ပတ်သက်ခဲ့သူ အားလုံးမှာ တာဝန်ရှိတယ်၊ တာဝန်ခံ ရလိမ့်မယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီလိုမျိုးအသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားတယ်ဆိုတာ အင်မတန် ဆိုးဝါးတဲ့၊ အင်မတန် ရက်စက်ကြမ်းကြုပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ ဒါတွေနဲ့ပတ်သက်လို့ အကျဉ်းထောင်မှာ တာဝန်ရှိသူအားလုံး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတယ်။ အကျဉ်းဦးစီးက အကြီးဆုံးသူကစလို့ အောက်ခြေ ထောင်ဝန်ထမ်းအထိ ဒီလိုကိစ္စတွေမှာ တာဝန်ရှိတယ်။ တာဝန်ရှိတဲ့အပေါ်မှာ အကြီးအသေး ကွာသွားတာပဲရှိမယ်။ တစ်ယောက်မှတော့ မလွတ်ဘူး။ အဲဒီတော့ စပြီးတော့ ဖမ်းဆီးချိန်ကစလို့ နောက်ဆုံး အကျဉ်းထောင်တွင်း ရောက်တဲ့အချိန်ထိ အားလုံးဒီလိုမျိုး ဖမ်းဆီးချုပ်နှောင်မှုတွေ ဖြစ်အောင် အမိန့်ပေးစေခိုင်းသူတွေအားလုံး အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု မရနေတဲ့ကိစ္စကို မျက်ကွယ်ပြုနေတဲ့သူတွေအားလုံး ဒီအပေါ်မှာ တာဝန်ရှိတယ်လို့ ပြောရမယ်”

ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ခိုင်ခိုင်မာမာ မှတ်တမ်းတင်ထားဖို့လိုပြီး နောင်တစ်ချိန် အသွင်းကူးပြောင်းရေးကာလ တရားမျှတမှု ပြန်လည်ရှာဖွေတဲ့အချိန်မှာ အပြစ်ရှိသူတွေကို ပြန်လည်အရေးယူရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၁ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ လ ၂၀ ကျော်အတွင်း အကျဉ်းထောင် အသီးသီးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးအကျဉ်းချခံထားရသူ ၁၂,၇၁၂ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။