ရန်ကုန်တိုင်းက ခြောက်မြို့နယ်မှာ လူ ၉၂ ယောက် သေဒဏ် ချမှတ်ခံထားရ

2021.12.20
ရန်ကုန်တိုင်းက ခြောက်မြို့နယ်မှာ လူ ၉၂ ယောက် သေဒဏ် ချမှတ်ခံထားရ စစ်ကောင်စီပိုင် မြဝတီသတင်း ဝက်ဘ်ဆိုဒ်မှာ ဖော်ပြတဲ့ ၂၀၂၁၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်က သေဒဏ် ချမှတ်ခံရသူ ငါးဦးထဲက လေးဦးကို တွေ့ရစဉ်
Photo: MWD

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းထားတဲ့ ၁၀ လကျော်အတွင်း စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ရန်ကုန်တိုင်းက မြို့နယ် ခြောက်မြို့နယ်မှာ သေဒဏ်ချမှတ်ခံရတဲ့သူ ၉၂ ယောက်အထိ ရှိလာနေပါတယ်။

တောင်ဒဂုံမြို့နယ်က ကိုထက်ပိုင်စိုး အပါဝင် လူငယ် ငါးယောက်ဟာ ရာအိမ်မှူးတစ်ယောက်ကို သေနတ်နဲ့ လုပ်ကြံပစ်ခတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ သေဒဏ် ချမှတ်ခံလိုက်ပါတယ်။

အလားတူ မြောက်ဒဂုံမြို့နယ် မှာဆိုရင်လည်း ကိုဟိန်းထက်အောင်နဲ့ ကိုအာကာသိန်း ခေါ် အာကာတို့ နှစ်ယောက် ဟာ ဒီဇင်ဘာ ၃ ရက်နေ့က သေဒဏ် ချမှတ်ခံခဲ့ရသလို၊ နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ဒဂုံမြို့သစ် တောင်ပိုင်းက ကိုထက်ပိုင်စိုး ခေါ် ဖိုးထက် အပါအဝင် ခြောက်ယောက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်က မခင်ဝင့်ကျော်မောင် နဲ့ ကိုဇင်မင်းကျော် အပါအဝင် ၁၅ ယောက်ဟာလည်း သေဒဏ်အမိန့်တွေ ချမှတ်ခံရတာ ကြောင့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလလယ်ထိ တစ်လကျော်အတွင်းမှာ သေဒဏ် ချမှတ်ခံရသူပေါင်း ၂၈ ယောက် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေပေါက်ကံ၊ တောင်ဒဂုံ စတဲ့ မြို့နယ်တွေမှာ သေဒဏ်ချမှတ်ခံရသူ ၆၄ ယောက် ရှိခဲ့တာကြောင့် အခုဆိုရင် စစ်ခုံရုံးက သေဒဏ် ချမှတ်ခံရသူ ပေါင်းဟာ ၉၂ ယောက်အထိ ရှိလာနေပါပြီ။

သူတို့အတွက် ကိုယ်ချင်းစာမိပြီး စိတ်မကောင်းဖြစ်ရတယ် တောင်ဒဂုံမြို့နယ်က သေဒဏ် ချမှတ်ခံထားရတဲ့ သားလေးယောက်ရဲ့ မိခင် ဒေါ်စမ်းစမ်းအေးက ပြောပါတယ်။

"ကိုယ်ချင်းစာတာပေါ့လေ။ ကိုယ်တွေတောင်မှ ဒီလိုမျိုးကြီးဖြစ်တာ ခံစားရသေးတာပဲ။ သူတို့လည်း ဒီလိုပဲနေမှာပဲ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်သားသမီး ဒီလိုဖြစ်တာကတော့ လူတိုင်းခံစားရမှာပဲ။ ကိုယ့်မှာ သားအရင်းနှစ်ယောက် မွေးစားသား နှစ်ယောက် ပါသွားတာတောင် ကိုယ့်မှာ တော်တော်လေးလည်း ခံစားရတယ်။ ခက်ခက်ခဲခဲလည်း ရုန်းကန်နေရတယ်ဆိုတော့ နောက်လူတွေလည်း မဖြစ်စေချင်ဘူး ပေါ့လေ။ ဒီလိုမျိုးကြီးဖြစ်တာဆိုတော့ ကိုယ်ချင်းစားပါတယ်။ ကိုယ်လိုပဲခံစားရမှာ"

သူ့ရဲ့ သားလေးယောက်ထဲက မွေးစားသားတွေဖြစ်တဲ့ ကိုစိုးပြည့်အောင် ခေါ် ကိုအောင်အောင် က မြင်းခြံထောင်၊ ကိုအာင်မျိုးလင်း ခေါ် ကိုကြက်ဖက ကျိုက်မရောထောင်မှာ အပို့ခံထားရပြီး၊ သားအရင်းဖြစ်တဲ့ ကိုခိုင်မြဲ ခေါ် ကိုသော်ဇင်နိုင်က တောင်ငူထောင်၊ ကိုနိုင်းနိုင်း ခေါ် ကိုရွှေငါးက မန္တလေးထောင်တွေဆီ အသီးသီး အပို့ခံထားရတာကြောင့် လေးနေရာကိုသွားပြီး လစဉ် ထောင်ဝင်စာပို့ နိုင်ဖို့အတွက် ဒေါ်စမ်းစမ်းအေး တစ်ယောက် ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။

(ရန်ကုန်မြို့ အနော်ရထာလမ်းမှာ ၂၀၂၁၊ ဒီဇင်ဘာ ၂၀ ရက်နေ့က လူငယ်တွေ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြစဉ်)
(ရန်ကုန်မြို့ အနော်ရထာလမ်းမှာ ၂၀၂၁၊ ဒီဇင်ဘာ ၂၀ ရက်နေ့က လူငယ်တွေ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြစဉ်)

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်က အဖမ်းခံထားရသူတွေကို စစ်ခုံရုံးတွေက သေဒဏ်အပါအဝင် ထောင်ဒဏ်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို ချမှတ်နေတာပါ။

သူတို့အတွက် လွတ်လပ်ပြီး မျှတတဲ့ တရားစီရင်ရေး ထုံးတမ်း အစဉ်အလာအရ ရှေ့နေလိုက်ခွင့်၊ ထုချေခွင့် တွေ မရဘဲ စစ်ခုံရုံးတွေကနေ တိုက်ရိုက်အမိန့်ချမှတ်နေတာ ဖြစ်ပါတယ်။

ဒီလို သေဒဏ်တွေ ချနေတာတွေက ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ ရှေ့နေတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို ဖမ်းပြီး စစ်ကြောရေးကာလအတွင်း ရိုက်နှက် နှိပ်စက်လို့ ထွက်ဆိုရတာတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တစ်ဖက်သတ် သက်သေတွေကိုပဲ အဓိကထားပြီး ချမှတ်တဲ့ စီရင်ချက်တွေဟာ တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှု မရှိဘူးလို့ အထက်တန်း ရှေ့နေ ဒေါက်တာ ဖိုးဖြူက ပြောပါတယ်။

"စစ်ခုံရုံးရဲ့ ရပ်တည်ချက်က ဖမ်းဆီးတဲ့ အာဏာပိုင် အဖွဲ့အစည်း ရှိတယ်။ ရဲက ဖမ်းဆီးတာရှိမယ်။ စစ်တပ်က ဖမ်းဆီးတာရှိမယ်။ ရဲရဲ့ ထွက်ဆိုချက်တွေမှာ စစ်ဆေးပြီးတော့ အထူးသဖြင့် စစ်ကြောရေးမှာ နှိပ်စက်လို့ပဲ ဖြစ်ဖြစ်၊ ညှဉ်းပန်းနှိပ်စက်လို့ပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်လို့ ထွက်ပေါ်လာတဲ့ ထွက်ဆိုချက်တွေပေါ်မှာ အခြေတည်ပြီးတော့ အမိန့်တွေ စီရင်ချက်တွေ ချမှတ်နေတာ တွေက တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှု မရှိဘူး။ သက်သေခံ ထွက်ဆိုချက် လုပ်ထုံး လုပ်နည်းတွေနဲ့ ညီညွတ်မှုမရှိဘူး ဆိုတာ တွေ့ရပါတယ်ခင်ဗျ"

စစ်ခုံရုံးအသီးသီးကနေ သေဒဏ်ချမှတ်ခံထားရသူ ၉၂ ယောက်ထဲက အယောက် ၅၀ က၊ ဖမ်းဆီးခံထားရပြီး ကျန်တဲ့ ၄၂ ယောက်ကို ဖမ်းမမိတဲ့အတွက် မျက်ကွယ်သေဒဏ် ချမှတ်ထားတာ ဖြစ်ပါတယ်။

"တရားရေးစီရင်မှုမဏ္ဏိုင်ကလည်း လုံးဝပျက်စီးနေတယ်ဆိုတဲ့ အထောက်အထား ဖြစ်ပါတယ်"

ဒီလိုအပြင်းထန်ဆုံး အမိန့်တွေကို စစ်ကောင်စီက ချမှတ်နေတာတွေဟာ လူ့အခွင့်အရေး ဆိတ်သုဉ်းပြီး တရားဥပဒေ ပျက်စီးနေတဲ့အကြောင်း ကမ္ဘာကို အသိပေးသလို ဖြစ်နေတယ်လို့ NUG အမျိုးသား ညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

"အဲလိုမျိုး စီရင်ချက်ရှိခြင်းက အဲဒီနိုင်ငံမှာ၊ အဲဒီအခြေအနေတွင်းမှာ ဒီမိုကရေစီလည်း မရှိဘူး။ လူ့ အခွင့်အရေးလည်း ဆိတ်သုဉ်းနေတယ်။ တရားရေးစီရင်မှုမဏ္ဏိုင်ကလည်း လုံးဝပျက်စီးနေတယ်ဆိုတဲ့ အထောက်အထား ဖြစ်ပါတယ်။ အဲလိုမျိုး ကိစ္စတွေ များလာလေလေ၊ တရားဥပဒေကလည်း ပျက်စီး လေလေ၊ ပြည်သူလူထုရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးတွေလည်း ပိုမိုဆုံးရှုံးလေလေ၊ ဒီမိုကရေစီကို လည်း ပိုပြီးခြိမ်းခြောက်နေတဲ့ သတင်းစကားကို ကမ္ဘာကို ပေးနေသလိုဖြစ်ပါတယ်"

တစ်ချိန်က သေဒဏ်ချမှတ်ခံရဖူးတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ယောက် ကတော့ အပြစ်မရှိဘဲ အခုလို သေဒဏ်ချမှတ်ခံရမှုအပေါ်မှာ စိတ်ဓာတ်မကျဘဲ တစ်နေ့ပြန်လွတ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်ကြဖို့လိုကြောင်း ပြောပါတယ်။

"အဓိကက ကိုယ့်ကို သေဒဏ်ဆိုပြီး လိမ္မောရောင်ဝတ်စုံကြီး ထုတ်ပေးလိုက်တဲ့အချိန်မှာတော့ လူသား တစ်ယောက်အနေနဲ့ ခြောက်ခြားပြီးတော့ ကြောက်သွားတယ်။ ရှေ့မှာ ထောင်အတွေ့ကြုံရှိပေမယ့် သေဒဏ်တိုက်ကိုသွားတဲ့အခါ ခြေထောက်တွေတောင် မခိုင်ဘူးပေါ့နော်။ သို့သော်လည်း ငါအပြစ်ရှိတာ မဟုတ်ဘူး။ တစ်နေ့မှာ ငါပြန်လွတ်မှာပဲဆိုတဲ့ စိတ်နဲ့ လူက နေလို့ထိုင်လို့ရသွားတယ်။ အခုလို ကြုံနေတဲ့ အတွင်းကလူရော၊ အပြင်က ဖိစီးသောကရောက်နေတဲ့ မိသားစုတွေရော မျှော်လင့်ချက်ကို ကြံ့ကြံ့ခံပြီး မစွန့်လွှတ်နဲ့။ တစ်နေ့မှာ ဒါကိုကျော်လွှာနိုင်မယ့်ရလဒ် ကိုယ့်လက်ထဲကို သေချာပေါက် ရရှိလာမယ့် အတွေ့အကြုံတွေကိုတော့ ကျနော် မျှဝေပေးချင်တယ်။ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုတွေမှာ ကိုယ့်ဘဝ အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်ဆိုတာ သဘောပေါက်ထားဖို့ လိုတာပေါ့"

သူဟာ ၂၀၀၃ ခုနှစ်က သေဒဏ်ချမှတ်ခံခဲ့ရပြီး၊ နှစ်နှစ်အကြာ ၂၀၀၅ ခုနှစ်မှာ ပြန်လွတ်လာခဲ့သူပါ။

အခု အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ သေဒဏ် ကျခံထားရပြီး အဖမ်းခံထားရသူတွေ၊ မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူတွေရဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ တရားစီရင်ရေးနဲ့ လူ့အခွင့်အရေးတွေကို တောင်းဆိုစရာမလိုဘဲ ရလာမယ့်နေ့နဲ့ မိသားစုတွေ ပြန်ဆုံရမယ့် နေ့ကို မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။