မကွေးတိုင်းက တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားတွေရဲ့ ရွေးကောက်ပွဲအပေါ် သဘောထား

ဇော်တူး
2020.11.04

 

 

မဲဆန္ဒရှင်ပြည်သူတွေက သူတို့ ရွေးချယ်ရမယ့် ပါတီတွေကို မဲပေးဖို့ပြင်ဆင်နေကြပါပြီ။ ဒါပေမယ့် ပါတီတွေ အနေနဲ့တော့ ကိုဗစ်ရောဂါကပ်ဘေးကြောင့် ဝန်းရံသူတွေ စီတန်းလှည့်လည်ကြတာကလွဲလို့ မဲဆွယ်စည်းရုံးမှုတွေ အားနည်းခဲ့ရတယ်လို့ ပြောပါတယ်။

၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲကြီးကျင်းပဖို့ ရက်ပိုင်းသာ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲမှာ တိုင်းရင်းသားကိုယ်စားပြုပါတီတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အဲဒီထဲမှာ ချင်းပြည်ပြင်ပ မြေပြန့်ဒေသ မကွေးတိုင်းအတွင်းမှာ နေထိုင်ကြတဲ့ အရှိုချင်း တိုင်းရင်းသားပါတီလည်း ပါဝင်ပါတယ်။  

ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကပ်ဘေးကို ရင်ဆိုင်နေရတာရယ်၊ မိုးရွာသွန်းတဲ့ ရာသီဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တာရယ်ကြောင့် ပါတီအောင်နိုင်ရးအတွက် စည်းရုံးရေးကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလို့ ငဖဲမြို့နယ်၊ အရှိုချင်းအမျိုးသားပါတီ နာယက ဆလိုင်းမျိုးမြင့်နိုင်ကပြောပါတယ်။

“တချို့ကျေးရွာတွေကျတော့ မိုးရွာတဲ့အခါ အိမ်ခြေဆယ်အိမ် ဆယ့်ငါးအိမ်လောက်ရှိတဲ့ ရွာတွေလည်း ရှိတယ်။ အဲဒီရွာတွေကျတော့ ကျနော်တို့ မသွားနိုင်ဘူးပေါ့။ မိုးကလည်းရွာတယ်။
နောက်ကိုဗစ်ရောဂါကလည်း ဟိုဥစ္စာပြုတယ်ပေါ့နော်။ ရွာထဲကျအောင်လည်း မသွားနိုင်ဘူး။ အဲဒီအခါကျတော့ ပြည်သူတွေအနေနဲ့ ကျနော်တို့ အရှိုချင်းအမျိုးသားပါတီဆိုတာ ကျနော်တို့ ချင်းပြည်နယ်ပြင်ဘက်မှာရှိတဲ့ လူထုအားလုံးကို ကိုယ်စားပြုတယ်။ ဒီတပတ်နိုင်အောင်ပေါ့နော်။ ကျနော်တို့ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုတဲ့ ဥစ္စာတွေက သူတို့နားထဲကို ရောက်အောင် ကျနော်တို့ သူတို့နေတဲ့နေရာ ရောက်အောင်မသွားနိုင်လို့ ကျနော်တို့ အများကြီးတော်တော်လေးတော့ ကျေးရွာငယ်လေးတွေအတွက် ထိခိုက်နိုင်ပါတယ်"


မကွေးတိုင်းအတွင်းမှာ အ‌ခြေခံအားဖြင့် စိုက်ပျိုးရေးနဲ့ အသက်မွေးတဲ့ ကျေးလက်နေပြည်သူတွေက အများစုဖြစ်ပါတယ်။ သူတို့ရွေးကောက်ပွဲအပေါ်  ဆုံးဖြတ်ချက်ချထားတာကို မေမြန်းကြည့်တဲ့အခါ ပါတီပုံရိပ်ထက် ခေါင်းဆောင်ရဲ့ပုံရိပ်ကိုပဲ ထင်ဟပ်ပြောဆိုကြပါတယ်။

မကွေးမြို့နယ် ကံလှကျေးရွာကဒေါ်ဌေးဟာ မိသားစုနဲ့အတူ ရွာနဲ့တစ်မိုင်လောက်ကွာတဲ့ လယ်တဲမှာမိသားစုနဲ့အတူနေထိုင်သူပါ၊ သူမရဲ့ မဲဆန္ဒပေးဖို့ ခံယူချက်ကို အခုလို ပြောပါတယ်။

“ရှိတာပြောရမှာကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ နိုင်စေ့ချင်တယ်။ အမေစု အုပ်ချုပ်နေတဲ့ ကာလပတ်လုံး ကျမတို့ အေးချမ်းပါတယ်ပေါ့။ ဒါပါပဲကျမတို့ အေးချမ်းပါတယ်၊ ဘယ်ဟာမှလည်းပဲ လုပ်အားပေးမလိုက်ရပါဘူး ပြောမှာပေါ့။ လုပ်အားပေးမလိုက်ရပါဘူး။ ဘယ်ကြက်ဆူသီးမှလည်း အဝှါမပြုရပါဘူး။ အမေစုပဲ ပြန်အုပ်ချုပ်စေချင်ပါတယ်ပေါ့”

ငှက်ပျောခြံစိုက်ပျိုးရေးနဲ့အတူ သန္တောကုန်းကျေးရွာမှာ နေထိုင်တဲ့ ဦးမောင်ဝင်းကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ထောက်ခံကြောင်း ပြောပါတယ်။

“ကျနော်ကတော့ ပြည်ထောင်စုဖွံ့ဖြိုးရေးပါတီကို ရွေးချယ်မဲထည့်မယ်လို့ စဉ်းစားထားတာပေါ့။ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ပါတီကနေ ကျနော်တို့တောင်သူလယ်သမားတွေကို  တောင်သူလယ်သမားဝန်ကြီးဌာန ဖွဲ့စည်းပေးမယ့်ဟာလေးသဘောကျတယ်။  နောက်တဖန် ကျနော်တို့ စိုက်ပျိုးရေးပေါ့ဗျာ။ တောင်သူလယ်သမား ပိုက်ဆံချေးရတယ်ဗျ။ နိုင်ငံတော်ကို အဲဒီမှာ ကျနော်တို့က ပုံစံ(၇)မိတ္တူလက်ခံရင် ချေးမယ်ဆိုတာလေး သဘောကျတယ်။ ကျနော်တို့ နှမ်းတွေ ပဲတွေ ရလာတဲ့နေရာမှာလည်း စျေးကောင်းစျေးကွက်ပေါ့ဗျာ။ အဲဒါလေးတွေ စျေးကောင်းရောင်းပေးနိုင်မယ်ဆိုတာတွေလည်း လက်ကမ်းစာစောင်လေးတွေဖတ်ရတော့ အဲဒါလေးတွေကြည့်ပြီးတော့ ကျနော်တို့ ပြည်ထောင်စုကြံ့ခိုင်းရေးပါတီကို သဘောကျရတာပါ”

၂၀၂၀ရွေးကောက်ပွဲဟာ ကိုဗစ်_၁၉ ရောဂါကပ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရတဲ့ ကာလ ဖြစ်နေပါတယ်၊ ဒီလိုအခြေအနေမှာ ကျင်းပရတာဖြစ်သလို မဲဆန္ဒရှင်ပြည်သူတွေ မဲပေးရာမှာ လွဲချော်မှုတွေ မဖြစ်ရအောင် အသိပညာပေးတာတွေမှာလဲ အားနည်းလွန်းတယ်လို့ ကွန်ပျူတာပညာရှင် ဦးခင်ဇော်က ပြောပါတယ်။

“ပြီးခဲ့တဲ့ကာလတွေတုန်းက ကျနော်တို့မဲစာရင်းမှာ သွားကြည့်ပါ။ တကယ်လို့ကိုယ့်မဲစာရင်းမပါဘူးဆိုရင် သက်ဆိုင်ရာ ရပ်ကွက်ရုံးမှာလာပြီးတော့ ပုံစံဘယ်လောက်နဲ့ လျှောက်လို့ရတယ် ဆိုတဲ့ နှိုးဆော်ချက်တော့ ကျနော်တို့ ကြားမိတယ်။ သို့သော်လည်း အဲဒီနှိုးဆော်ချက်နဲ့ လက်ရှိဒီနေ့အချိန်အခါမှာ မဲလာပေးပါဆိုတဲ့ အသံချဲ့ စက်နှိုးဆော်ချက်နဲ့ (၂)ခု ယှဉ်ကြည့်လိုက်ရင် ဒီနေ့အချိန်အခါ အော်တဲ့ နှိုးဆော်ချက်က ပိုပြီးတော့ နည်းနည်းများနေတယ်ပေါ့လေ။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေက ပြီးခဲ့တဲ့ကာလတွေတုန်းက တိုက်တိုက်တွန်းတွန်းနဲ့  လုပ်သင့်တယ်လို့ ကနေ့ကျနော့်အမြင်လေးရှိပါတယ်။ အဲ မလုပ်ခဲ့တဲ့အခါကျတော့ ဒီနေ့ဒီအချိန်အခါမှာ အခုကျနော်တို့ကြားနေရတယ်။ ကျနော်လည်း တွေ့နေရပါတယ်။ အဲ‌တော့ တကယ်မဲပေးတဲ့အခါကျတော့မှ ကိုယ့်နာမည်မပါတာတို့ အသက်ကြီးတဲ့ အဒေါ်ကြီးတွေ ဦးလေးတွေ မပါတာတို့ ဒါမျိုးတွေ လက်ရှိလည်းတွေ့နေရတယ်။ ကြားလည်းကြားနေရတယ်"

ရွေးကောက်ပွဲအကြိုအဖြစ် အသက်(၆၀)နဲ့အထက် မဲဆန္ဒှရှင်တွေအတွက် မဲပေးတာတွေကတော့ စတင်ခဲ့ပါပြီ။ လာမယ့် နိုင်ဝင်ဘာလ(၈)ရက်နေ့မှာတော့ အစိုးရဖွဲ့နိုင်ဖို့အတွက်  ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို ပါဝင်ယှဉ်ပြိုင်မဲ့ ပါတီတွေ ခံယူရတော့မှာ ဖြစ်ပါတယ်။

----------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။