ခြွင်းချက်မရှိ အပစ်ရပ်ဖို့ တိုင်းရင်းသားတွေ တောင်းဆို

ခင်မောင်စိုး
2020.08.24


မြန်မာ့တပ်မတော်က နိုင်ငံတော်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေရှိတဲ့နေရာတွေက အပ ကျန်နေရာဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို စက်တင်ဘာ ၃ဝ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းမယ်လို့ မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းရင်းသားတွေကတော့ တပ်မတော်အနေနဲ့ နေရာဒေသအားလုံးမှာ  ခြွင်းချက်မရှိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းသင့်တယ်လို့ RFA ကို ပြောပါတယ်။

မြန်မာ့တပ်မတော်ရဲ့ သြဂုတ်လ ၂၄ ရက် မနေ့က ထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတဲ့အနေနဲ့ နိုင်ငံတော်အစိုးရမှ အကြမ်းဖက်လို့ သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့ နေရာတွေမှအပ ကျန်နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို စက်တင်ဘာ ၃ဝ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းပေးမယ်လို့ ဖေါ်ပြထားပါတယ်။ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ဒီကြေညာချက်အရ AA ရခိုင့်တပ်မတော်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုကနေ ပယ်ဖျက်ပေးဖို့  နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်လို့ RFA ကို ပြောပါတယ်။

“Covid 19 ရောဂါနဲ့ ထိပ်တိုက်တွေ့နေတဲ့အပြင် တိုက်ပွဲတွေဖြစ်နေတဲ့နေရာမှာ လက်နက်ကြီးတွေကျတာရှိတယ်။ ရသေ့တောင် မဲဆန္ဒနယ်မှာဆိုရင် ၂၂ ရက်နေ့ ညပေါ့နော်။ လက်နက်ကြီးကျတယ်။ မိသားစု ၅ ယောက် ဒဏ်ရာရတယ်။ ဒါပေမယ့် ညဖြစ်နေတဲ့အခါကျတော့ သွားလာရေး အရမ်းခက်တဲ့နေရာဖြစ်တယ် ရေလမ်းခရီးဖြစ်တယ်။ အနီးအနားမှာ တိုက်ပွဲဖြစ်မှာလည်း ကြောက်ရတဲ့အတွက် ဆေးရုံသွားဖို့ဆိုတာ အင်မတန်ခက်ခဲတယ်။ အဲဒါကြောင့် ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကူအညီတောင်းတယ်။ ကျမတို့က တဆင့်ပေါ့နော် နယ်လုံဝန်ကြီးတို့ လွှတ်တော်ဥက္ကဌတို့ကိုတဆင့် အကူအညီတောင်းပြီး သူတို့ကို ဆေးရုံရောက်ဖို့ ကျမတို့တော်တော် ကြိုးစားယူရတယ်။  ကျမတို့ပြည်သူတွေခံစားနေရတာကိုု ငဲ့ညှာပေးဖို့ တိုက်ပွဲတွေရပ်ဖို့ တောင်းဆိုချင်တယ်။ ဒီ AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်ဆိုပြီးတော့ နိုင်ငံတော်က တရားဝင်ကြေညာထားတာလေ”

ချင်းအမျိုးသားတပ်ဦး CNF အထွေထွေအတွင်းရေးမှူး ဒေါက်တာ ရွှေခါးရ်ကလည်း ငြိမ်းချမ်းရေး တကယ်လိုချင်ရင် မြန်မာ့တပ်မတော်အနေနဲ့ ခြွင်းချက်မရှိ နေရာဒေသအားလုံးမှာ အပစ်ရပ်စဲသင့်တယ်လို့ ဝေဖန်ပါတယ်။

“ပြီးခဲ့တဲ့နှစ်ကလည်း ဒီလို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲတာတွေ လုပ်ခဲ့တယ်။ ကျနော့်အမြင်ပြောရရင် ကွက်ကြားမိုး ရွာသလိုပဲ။ လုံးဝဥသုံ တဖက်သတ် အပစ်ခတ်ရပ်စဲတာမျိုးမဟုတ်ပဲ condition နဲ့ သူတို့က ceasefire လုပ်တာ့ ထိရောက်တဲ့ အပစ်ခတ်ရပ်စဲရေးမဖြစ်နိုင်ဘူး။ အဲဒါမျိုးလုပ်ခြင်းအားဖြင့် ပိုပြီးတော့  ယုံကြည်မှုတွေ နားလည်မှုတွေ တိုးလာမယ်လို့ ကျနော်မမြင်ဘူး။ ကွက်ကြားမိုးပုံစံမျိုး ဟိုတကွက် ဒီတကွက် ရပ်တာမျိုးမဟုတ်ပဲနဲ့ ခြွင်းချက်မရှိ တကယ့် စိတ်ရင်းစေတနာအမှန်နဲ့ ကိုဗစ်ကိစ္စရော ကျန်တဲ့ကိစ္စရော လုပ်ချင်ရင်တော့ အဲဒါမျိုးလုပ်သင့်တာပေါ့။ ပြီးတော့ တဖက်သတ် အကြမ်းဖက်အဖွဲ့အစည်းဆိုတဲ့ ပုံစံနဲ့သတ်မှတ်ပြီးလုပ်တာကိုး။ အဲဒါတွေက အရုပ်ဆိုးတာပေါ့။”

ဒေါ်ခင်စောဝေ က သက်ဆိုင်ရာ အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ မြန်မာတိုင်းရင်းသားတွေအပေါ် တခြား တိုင်းရင်းသားတွေရဲ့ အထင်လွဲမှုတွေ ပိုမိုတိုးပွားခြင်း မရှိအောင် အလေးအနက်ထားစေလိုတယ်လို့လည်း  ပြောပါတယ်။

“အခုဆိုရင် စစ်တပ်ကလည်း ဗမာလူမျိုးစုများတယ်။ အစိုးရဆိုရင်လည်း ဗမာပဲ။ အဲဒီတော့ သူတို့အချင်းချင်းပေါင်းပြီးတော့ ငါတို့ တိုင်းရင်းသားတွေကို နှိပ်ကွပ်တယ်ဆိုတဲ့ အမြင်မျိုးတွေ ကျမတို့ တိုင်းရင်းသားတွေမှာ  တော်တော်ရှိနေကြတယ်။ ဗမာတွေကလည်း ဒါကို အမျိုးသားရေး ရင်ကြားစေ့ရေး အနေနဲ့ရော၊ နောက် ယုံကြည်မှုတည်ဆောက်ပြီး ဒါတွေကို ဖြေဖျောက်ဖို့လိုတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်”

ဒီစကားကို တခြား တိုင်းရင်းသား လူနည်းစုခေါင်းဆောင်တွေထံကလည်း မကြာခဏ ကြားရပါတယ်။ တပ်မတော်ရဲ့ အခုထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကတော့ မြန်မာစစ်တပ်ဟာ ကိုဗစ်ကို အကြောင်းပြုပြီး အမြတ်ထုတ်လိုက်တာဖြစ်တယ်။ တခြားတိုင်းရင်းသားဒေသတွေမှာ အပစ်ရပ်ပြီး ရခိုင်ပြည်နယ်မှာ အလုံးအရင်းနဲ့ ဆက်တိုက်မယ်လို့ ဆိုလိုရာရောက်တယ်။ လက်ရှိမှာလည်း ရခိုင်ပြည်နယ်မှာ စစ်ရေးပြင်ဆင်မှုတွေကို တိုးချဲ့နေတဲ့အတွက် ဒါဟာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ထုတ်ပြန်ချက် မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။