သတင်းသမား ကြားပွဲစားလုပ်တာ ကျင့်ဝတ်နဲ့ ညီ မညီ
2020.11.06
ပြည်တွင်းက စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းအချို့ဟာ နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တွေကို အစိုးရဝန်ကြီးဌာန အဆင့်မြင့်အရာရှိတွေနဲ့ သီးသန့် တွေ့ဆုံနိုင်အောင် ချိတ်ဆက်ပေးတဲ့ အလုပ်ကို စီးပွားဖြစ်လုပ်ကိုင်နေကြတာဟာ အကျင့်ပျက်ခြစားမှုတွေ ဖြစ်လာအောင် အားပေးရာရောက်နေပြီး၊ ကျင့်ဝတ်နဲ့ ညီမညီ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ပြည်တွင်းက ကျွမ်းကျင်သူတွေက ပြောပါတယ်။ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေအနေနဲ့လည်း ပြည်ပ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အကြောင်းကို အများသိအောင် အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၀န်ကြီးဌာနတွေက တာဝန်ရှိသူအချို့နဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးတဲ့သူအချို့ဟာ ပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေကို သက်ဆိုင်ရာ၀န်ကြီးဌာန အဆင့်မြင့်အရာရှိတွေနဲ့ သီးသန့်တွေ့ဆုံခွင့်ရအောင် ကြားခံစီစဉ်ပေးတဲ့ ၀န်ဆောင်မှုကို လုပ်ကိုင်နေတာ အရင်စစ်အစိုးရလက်ထက်ကတည်းက ရှိခဲ့တာပါ။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လင်းလာချိန်က စပြီး ဒီလို ကြားခံချိတ်ဆက်ပေးတဲ့ ၀န်ဆောင်မှု လုပ်သူတွေထဲမှာ အရင်က သတင်းသမားအဖြစ် အလုပ်လုပ်ခဲ့သူအချို့ပါ ပါ၀င်လာတာ တွေ့ရတဲ့အတွက်၊ အစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ သတင်းကိစ္စအတွက် တွေ့ဆုံရင်း ရလာတဲ့ အဆက်အသွယ်နဲ့ ခင်မင်ရင်းနှီးမှုကို စီးပွားရေး အကျိုးအမြတ်အတွက် အသုံးချတာ ကျင့်ဝတ်နဲ့ ညီရဲ့လားလို့ မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။
တစ်ချိန်က မြန်မာတိုင်းမ်ဂျာနယ်မှာ ဒုတိယ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဦးခင်မောင်အေးက ယခင်က သတင်းထောက်ဖြစ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်အချို့ဟာ အခုလို နိုင်ငံခြား လုပ်ငန်းရှင်တွေနဲ့ အစိုးရအရာရှိတွေ တွေ့ဆုံနိုင်အောင် ချိတ်ဆက်ပေးတဲ့ အလုပ်ကို စီးပွားဖြစ်လုပ်နေတာတွေ့ရတဲ့အကြောင်း ပြောပါတယ်။
အထူးသဖြင့် အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ သတင်းဌာနတွေမှာ အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ရေးသားထုတ်ဝေအပြီးမှာ နိုင်ငံခြား လုပ်ငန်းရှင်အချို့ဟာ Linkedin, Facebook စတဲ့ လူမှုကွန်ရက်တွေကနေ တဆင့် သက်ဆိုင်ရာ သတင်းထောက်ကို ဆက်သွယ်လာပြီး အဆိုပါ အရာရှိနဲ့ သီးသန့် တွေ့ဆုံခွင့်ရဖို့ ချိတ်ဆက်ပေးနိုင်မလားဆိုပြီး အကူအညီတောင်းလာတာ ကြုံရလေ့ ရှိတဲ့အကြောင်း ပြည်တွင်းက သတင်းထောက်တစ်ဦးက RFA ကို ပြောပြပါတယ်။
ဒီလို ကြားခံ ချိတ်ဆက်ပေးတဲ့ အလုပ်ကို စီးပွားဖြစ်လုပ်နေသူတွေဟာ လက်ရှိ သတင်းထောက် မဟုတ်တော့ရင်တောင် အရင် သတင်းထောက်အဖြစ်နဲ့ ရထားတဲ့ အဆက်အသွယ်တွေကို အသုံးပြုနေနိုင်တဲ့အတွက် ကျင့်ဝတ်နဲ့ မညီညွတ်ဘူးလို့ မြန်မာသတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်က ပြောပါတယ်။
အခုလို ကြားခံ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဟာ နိုင်ငံတကာမှာ Consultant အမည်ခံပြီး တရားဝင် လုပ်ကိုင်နေကြတာဖြစ်ပေမယ့်၊ အဆက်အသွယ် နဲ့ ပုဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှု အရင်းအနှီးပြုပြီး လုပ်ဆောင်တာမျိုး မဟုတ်ပဲ၊ တရားဝင် တင်သွင်းရမယ့် စာရွက်စာတမ်း နဲ့ လုပ်ထုံးလုပ်နည်း မှန်ကန်မှုရှိအောင် ကူညီဆောင်ရွက်ပေးရတဲ့ ၀န်ဆောင်မှုကို အဓိကထားတယ်လို့ RFA က ဆက်သွယ် မေးမြန်းခဲ့တဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ ဒီလို ကြားခံချိတ်ဆက်ပေးတဲ့ လုပ်ငန်းတွေကို တရားဝင် ကန့်သတ်ထားတာ မရှိပေမယ့်၊ လုပ်ကိုင်တဲ့ လုပ်ငန်းအပေါ် မူတည်ပြီး တရားဝင် ဖြစ်မဖြစ် သုံးသပ်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံက စီးပွားရေးဆိုင်ရာ ဥပဒေကျောင်းသား ကိုကောင်းမြတ်အာကာ က ပြောပါတယ်။
အခုအချိန်မှာ ကိုရိုနာ ကပ်ရောဂါနဲ့ ဆက်စပ်တဲ့ ကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံမှာကော တကမ္ဘာလုံးမှာပါ စီးပွားရေး ကျဆင်းပြီး အလုပ်အကိုင် ရှားပါးမှုတွေ ကြံုနေရတဲ့အတွက်၊ နိုင်ငံခြား လုပ်ငန်းရှင်တွေ၊ ပြည်ပက ရင်းနှီးမြှုပ်နှံ ချင်သူတွေ အနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အခက်အခဲမရှိပဲ တွေ့ဆုံခွင့်ရအောင် ဖြေလျော့မှုတွေ လုပ်သင့်တဲ့အချိန်ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ပြည်ပက လုပ်ငန်းရှင်တွေအတွက် အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံခွင့်ကို အထူးအခွင့်အရေး တစ်ခုလို ကန့်သတ်ထားပြီး၊ ပုဂိုလ်ရေးအရ ခင်မင်ရင်းနှီးတဲ့ သူအချို့ကို တစ်ဆင့်ခံပြီး ၀င်လာတဲ့ လုပ်ငန်းရှင်တွေနဲ့ပဲ လက်ခံ တွေ့ဆုံမယ်ဆိုရင် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို ကန့်သတ်ရာရောက်သလို၊ အကျင့်ပျက်ခြစားမှုဖြစ်လာအောင် အားပေးရာလည်း ရောက်တယ်လို့ အစိုးရအဖွဲ့အတွင်းက အကျင့်ပျက်ခြစားမှုတွေအကြောင်း ဖော်ထုတ်ရေးသားခဲ့တဲ့ ပြည်သူ့ရေးရာ မူဝါဒ ကျွမ်းကျင်သူ ဦးနေယံဦးက ပြောပါတယ်။
ဒီလို ကြားခံပြီး ချိတ်ဆက်ပေးတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ တရားဝင်ဥပဒေ ထုတ်ပြန်ပြီး၊ တိကျတဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ပေးသင့်သလို၊ ပုဂိုလ်ရေးအရ ရင်းနှီးတဲ့ လူတစ်စုက ပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်နေတာကို ခွင့်မပြုဘဲ စိတ်ဝင်စားသူ မည်သူမဆို ၀င်ရောက်လုပ်ကိုင်နိုင်ငံ ပုံစံဖြစ်အောင် လမ်းဖွင့်ပေးသင့်တယ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ကျွမ်းကျင်သူတွေက အကြံပြုခဲ့ပါတယ်။