စစ်မြေပြင်ရောက် အနုပညာကျောင်းသား

"စစ်တိုက်ချင်လို့ တိုက်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် တိုက်နေရတာဖြစ်တယ်။ တဖက်ကလည်း ကျနော်တို့ ပြည်သူတွေ ကလေးတွေက ဗုံးသံတွေ သေနတ်သံ တွေကြား မျှော်လင့်ချက်တွေ ပျောက်နေတယ်။ ပြေးရလွှားရ၊ အသက်အိုးအိမ်တွေ ပစ်ပြီး ပြေးနေရချိန်မှာ ကျနော်တို့ကလည်း တိုက်ချင်လို့ တိုက်နေတာ မဟုတ်တာကြောင့် ကလေးတွေဆီ သွားပြီး ပျော်ရွှင်မှုတွေ ရင်းနှီးမှုတွေ ပြန်ရအောင် လုပ်ပေးတဲ့သဘောပါ"
အနိဋ္ဌာရုံတွေ နေ့တိုင်းကြုံနေရ၊ ကြားနေရတဲ့ စစ်ပြေးဒုက္ခသည် ကလေးငယ်တွေ စိတ်သက်သာရာ ရလို ရငြားဆိုတဲ့ ရည်ရွယ်ချက်နဲ့ အနောက်တိုင်း ကကွက်ကဟန်တွေကို တီးလုံးတွေဖွင့်ပြီး စစ်မြေပြင်မှာ ကပြဖျော်ဖြေနေတဲ့သူကတော့ ကရင်နီတိုင်းရင်းသား ဂျွန်မီယာ နေတူးတူး ဖြစ်ပါတယ်။
"ဖြစ်ချင်တာက ရုပ်ရှင်ဒါရိုက်တာ။ ဒါပေမဲ့ စစ်အာဏာရှင်အောက်မှာ ရှပ်ရုင်ရိုက်နေရင်လည်း ကိုယ်ပိုင်လွတ်လွတ်လပ်လပ် ဘယ်လိုမှ ရိုက်လို့ရမှာ မဟုတ်ဘူး"
မန္တလေးမြို့ အမျိုးသားယဉ်ကျေးမှုအနုပညာတက္ကသိုလ်မှာ ရုပ်ရှင်ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ အသက် ၂၀ အရွယ် ကိုနေတူးတူးရဲ့ အနာဂတ် ရည်မှန်းချက်တွေ၊ အိပ်မက်တွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာ ပျောက်ဆုံးသွားခဲ့ရပါတယ်။
အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ကိုနေတူးတူးတစ်ယောက် အခုတော့ အာဏာသိမ်း စစ်ကောင်စီကို ပြန်လည်ခုခံတွန်းလှန်ဖို့ ရည်ရွယ်ချက်နဲ့ ကရင်နီပြည်ဒေသခုခံကာကွယ်ရေးတပ် (KNDF) ကို ရောက်နေတာ ခြောက်လလောက်ရှိပါပြီ။
"ဖြစ်ချင်တာက ရုပ်ရှင်ဒါရိုက်တာ၊ ဒါပေမဲ့ စစ်အာဏာရှင်အောက်မှာ ရှပ်ရုင်ရိုက်နေရင်လည်း ကိုယ်ပိုင် လွတ်လွတ်လပ်လပ် ဘယ်လိုမှ ရိုက်လို့ရမှာ မဟုတ်ဘူး၊ အစိုးရနဲ့ ပတ်သက်တာ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေရိုက်ရင်လည်း သူတို့က ဖြတ်မှာပဲ၊ ဒီစစ်အာဏာရှင်အောက်မှာ ရိုက်နေရင် ဆင်ဆာဖြတ်ခံ ရတာက ရှိနေမှာပဲ၊ ဒါကြောင့် ရုပ်ရှင်အာဏာရှင်စနစ်ကို တော်လှန်မှ ကျနော် ရုပ်ရှင်ကောင်းကောင်း ဖန်တီးနိုင်မယ်။ နိုင်ငံတကာနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်မှာ ဖြစ်လို့ အခုလို တိုက်ပွဲဝင်နေတာ"
လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ တခြားလူငယ်တွေနည်းတူ ကိုနေတူးတူး တစ်ယောက်လည်း အာဏာသိမ်းပြီးနောက် အစောပိုင်းရက်တွေမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြခဲ့ပေမယ့် ပြည်သူတွေကို လက်နက်နဲ့ အကြမ်းဖက်သတ်ဖြတ်တဲ့ စစ်ကောင်စီကို လက်နက်နဲ့ပြန်တိုက်မှ အောင်နိုင်မယ်လို့ ခံယူထားသူ ဖြစ်ပါတယ်။
စစ်တိုက်ရင်းကပဲ တဖက်က သူဝါသနာပါတဲ့ ကျောင်းမှာသင်ခဲ့ရတဲ့ အနောက်တိုင်းအကလေးတွေကို ဒေသခံ ကလေးတွေကို ပြန်သင်ပေးနေသူပါ။ ဒီလိုသင်ပေးရင်းက ဒေသခံတွေနဲ့ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ တွေကြား ပိုပြီး ရင်းနှီးမှုရှိလာတယ်လို့ ဆိုပါတယ်။ စစ်မြေပြင်ဒေသမှာ သူတွေ့ရတဲ့ ဒုက္ခသည်ကလေးတွေက ဒီတိုက်ပွဲတွေ ဘယ်အချိန် ပြီးဆုံးပြီး၊ ဘယ်အချိန် အိမ်ပြန်ကြရမလဲလို့ မေးလေ့ရှိကြပေမယ့် ကိုနေတူးတူး တစ်ယောက်မှာတော့ အဲ့ဒီအတွက် အဖြေမရှိသေးပါဘူး။
"စားဝတ်နေရေးကို အတော်ဒုက္ခရောက်တယ်၊ ကလေးတွေက သူတို့အရင်နေခဲ့တဲ့ ဘဝတွေ အရမ်း လွမ်းတယ်၊ သူတို့ကိုယ်ပိုင်ဘဝတွေကို လွမ်းနေကြတယ်။ ကျနော်တို့ ရဲဘော်တွေနဲ့ တွေ့ရင် ဘယ်အချိန်မှ အရေးတော်ပုံအောင်မှာလဲ။ ဘယ်အချိန်မှ အိမ်ပြန်ရမှာလဲလို့ သူတို့ အမြဲမေးလေ့ရှိတယ်"
အခုတော့ ကိုနေတူးတူးဟာ သူဝါသနာပါတဲ့ ရုပ်ရှင်ဒါရိုက်တာ ဖြစ်ဖို့ထက် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တိုက်ထုတ်ဖို့ အရေးကြီးတယ်လို့ ခံယူထားပါတယ်။
"ကျနော်တို့ KNDF တပ်သားတွေက နှစ်နှစ်စာချုပ် ချုပ်ရတယ်၊ ဒီ ၂ နှစ်ပြီးရင် ကျနော်တို့မှာ လွတ်လပ်စွာ ထွက်ပိုင်ခွင့်ရှိတယ်၊ တခြားနေရာတွေ သွားပိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် ကျနော်ကတော့ ရှင်းရှင်းလေးပဲ။ အာဏာရှင် မကျမချင်း တိုက်ပွဲဝင်သွားမယ်"
ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KNDF) ရဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြောခွင့်ရှိသူကတော့ ကိုနေတူးတူးရဲ့ အနောက်တိုင်း ကကွက်ကဟန်တွေဟာ စစ်မြေပြင်မှာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အတွက် ခဏတာတော့ စိတ်အမောပြေသွားစေတာ အမှန်ပဲလို့ ပြောပါတယ်။
"တပ်နဲ့ ဆက်စပ်တဲ့ ကိစ္စတွေ၊ ရဲဘော်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကတော့ ပြည်စုံချင်မှ ပြည့်စုံမယ်။ သို့သော် သူပင်ကိုယ်က တက်ထားတဲ့ အနုပညာနဲ့ ပေါင်းစပ်လိုက်ချိန်မှာ ကျနော်တို့ အဖွဲ့ အတွက်ရော၊ စစ်ရှောင်တွေအတွက်ရော အကျိုးရှိတယ်။ စိတ်ခံစားနေရတဲ့ စစ်ရှောင် သက်ကြီးရွယ်အို ကလေးတွေကို တက်စွမ်းသမျှ တဒင်္ဂ ပျော်ရအောင် လုပ်ပေးတာပေါ့၊ ဒါကလည်း အကျိုးတော်တော် ရှိတယ်၊ နောက်တစ်ခုကတော့ ဒီရဲဘော်ရဲ့ စစ်အာဏာရှင်ပေါ်မှာထားတဲ့ မုန်းတီးစိတ်၊ စစ်ကောင်စီ လုပ်ရပ်တွေကို လက်မခံတဲ့ တော်တော်ပြင်းပြတဲ့စိတ်လည်း ရှိတယ်"
ကိုနေတူးတူးလိုပဲ အနုပညာနဲ့ ဘဝလျှောက်လှမ်းဖို့ ရည်ရွယ်ထားသူတွေ၊ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှု ရထားသူတချို့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အံတုတွန်းလှန်လို့ အဖမ်းခံရသူက ဖမ်းခံရ၊ ပုဒ်မတပ် အမှုဖွင့်ခံရသူက ဖွင့်ခံရပြီး၊ တချို့ကလည်း လက်နက်ကိုင်တပ်တွေထဲ ဝင်ပြီး လက်နက်ဆွဲကိုင် တော်လှန်ကြနဲ့ ဘဝတွေ စတေးခဲ့ကြရပါတယ်။
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နဲ့ နည်းလမ်းကို ရွေးချယ်ခဲ့သူတစ်ဦး ဖြစ်တဲ့ ဒါရိုက်တာ သွန်းနေစိုးကတော့ စစ်ကောင်စီလက်ထက်မှာ အနုပညာတွေ ပျက်သုဉ်းခဲ့ရပြီလို့ ဆိုပါတယ်။
"ကိုတူးတူးလို ကလေးတွေက တောထဲမှာ၊ စစ်ဘေးရှောင်တွေရှိတဲ့ နေရာတွေမှာ၊ ဒုက္ခသည်စခန်းတွေမှာ သူ့အနုပညာကို ဆက်လက်ဖော်ထုတ်နေတဲ့အတွက် ဂုဏ်ယူရပါတယ်။ ကိုတူးတူးလို ကလေးတွေအတွက် ဂုဏ်ယူရပေမယ့် ကျနော်တို့ တိုင်းပြည်အတွက် ကျနော်တို့ အနာဂတ်အတွက် ဝမ်းနည်းရပါတယ်။ တကမ္ဘာလုံး လူသားအဖွဲ့အစည်းက လက်ခံထားတဲ့ အနုပညာဖန်တီးမှုတွေဆီ ရောက်မလာတော့ဘဲနဲ့ ကျနော်တို့ရဲ့ ဒဏ်ရာတွေကို ပြန်ကုစားဖို့ ဖော်ထုတ်နေရတဲ့ အနုပညာ ဘဝရောက်သွားတယ်"
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံတဝန်းက ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို မလိုလားကြောင်း လမ်းမပေါ်ထွက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်ကောင်စီက ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ကိုနေတူးတူးတို့လို မခံမရပ်နိုင် တဲ့ လူငယ်တွေဟာ လက်နက်ကိုင်ထားသူကို လက်နက်နဲ့ပဲ ပြန်လည်ခုခံ တိုက်ခိုက်မယ်လို့ခံယူပြီး တိုင်းရင်းသား ဒေသတွေမှာ စစ်ပညာ သင်ယူခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အပါအဝင် ဒေသတိုင်းလိုလိုမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ တွေ့လာနေရပါတယ်။
ဘဝရည်မှန်းချက်တွေ၊ အနာဂတ် စိတ်ကူးအိပ်မက်တွေကို စတေးပြီး စစ်ကောင်စီကို လက်နက်ကိုင် ခုခံ တိုက်ခိုက်နေကြတဲ့ ကိုနေတူးတူးလို လူငယ်တွေကတော့ ဒီတစ်ခါ စစ်အာဏာသိမ်းမှုဟာ မြန်မာ့သမိုင်းမှာ နောက်ဆုံးဖြစ်စေရမယ်လို့ ခံယူထားတဲ့အကြောင်း ပြောကြပါတယ်။