ရွာအချို့ လက်နက်ကြီးစခန်းအဖြစ် အသုံးပြုခံနေရကြောင်း AA စွပ်စွဲ


2019.10.08
aa-622.jpg AA ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် တပ်မတော် စခန်းချထားသော ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကြာညိုပြင် မွတ်စလင်ကျေးရွာပြ မြေပုံ။
Photo: AA Info Desk (VK)

ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာတဝိုက်မှာ မနေ့ကအထိ  တိုက်ပွဲတွေဖြစ်ပွားနေပြီး တပ်မတေ်ာဟာ သရက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ အစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ ကြာညိုပြင်ကျေးရွာတို့ကို လက်နက်ကြီးစခန်းတွေအဖြစ် အသုံးပြုနေတယ်၊  ရပ်ရွာကို အကာအကွယ်ယူ တိုက်ခိုက်နေတယ်လို့ ရခိုင့်တပ်တော် AA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

တပ်မတော်က ခုလိုလုပ်နေတာဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်ကြား  ပဋိပက္ခဖြစ်အောင် ဆောင်ရွက်နေတာပဲလို့ ရခိုင့်တပ်တော်ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက စွပ်စွဲပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခAA နဲ့ တိုက်ပွဲဖြစ်တဲ့ကြားမှာ ဥပမာ မွတ်စလင်တွေသေလို့ရှိရင် သူတို့ကပြောဦးမယ်၊ ဒါက AA ပစ်လို့သေသွားတယ်ဆိုပြီး၊ ဒါက လူမျိုးရေးအရ မွတ်စလင်တွေနဲ့ ရခိုင်တွေကြားမှာ လူမျိုးရေးပြဿ နာ မဖြစ်ဖြစ်အောင် ဗမာစစ်တပ်ဘက်ကနေပြီးတော့ ဒါတမင် လုပ်ကြံဖန်တီးနေတာဆိုတာ ပေါ်လွင်နေတာပေါ့

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးဝင်းဇော်ဦး ကတော့ သူတို့စခန်းတွေ အဲဒီနေရာတွေမှာ မရှိကြောင်း RFA ကို ပြောပါတယ်။

သူတို့တပ်တွေ မရှိစေချင်တာကြောင့် AA က အခုလို စွပ်စွဲပြောဆိုတာလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုပါတယ်။

ကြာညိုပြင်ဆိုတဲ့ရွာက တိုက်ပွဲရှောင်တွေနေနေတာနော်၊ အဲတိုက် ပွဲရှောင်တွေနေတဲ့ရွာမှာ AAအဖွဲ့ဝင်တွေပါ ရွာသားအသွင် နဲ့နေနေတာ၊ သူတို့အဖွဲ့တွေ အဲရွာမှာနေနေတာ မပေါ်စေချင်လို့ ကျနော်တို့တပ်တွေ ကြာညိုပြင်ရွာမှာနေတယ်၊ သရက်ပြင်မှာနေတယ်ပြောတာဖြစ်တာပေါ့၊ ကျနော်တို့တပ်တွေ အဲမှာမရှိဘူး၊ ကြာညိုပြင်မှာ တပ်လည်းစွဲမထားဘူး၊ လယ်ကွင်းထဲမှာ တပ်သွားစွဲရင် သေသွားမှာပေါ့

AA ရဲ့ထုတ်ပြန်ချက်မှာ ဘူးသီးတောင် ခမရ(၅၅၁) တပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ အဲဒီနေရာအနီးတဝိုက်ကို ပစ်ခတ်နေတယ်လိ့ု ပါရှိပါတယ်။

ကြာညိုပြင်ရွာဘက်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် တချို့ဟာ ရွာထဲမှာမနေရဲတော့ဘဲ ဘူးသီးတောင်မြို့ပေါ်ကို တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးကတော့ သရက်ပြင်ကျေးရွာဘုန်းကြီးကျောင်းနဲ့  ကြာညိုပြင်ဘုန်းကြီးကျောင်း အနောက်ဘက်ကလာတဲ့ လက်နက်ကြီးပစ်ခတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။

အဲဒီနေရာမှာ တပ်မတော်က စခန်းချနေသလားဆိုတာကတော့ အတိအကျပြောလို့မရဘူးလို့  RFA ကို ပြောပါတယ်။

လက်နက်ကြီးထုသံတွေ ကြားရတယ်

အတိအကျတော့ပြောလို့မရဘူး ကျနော်တို့လမ်းမနားကတော့ လက်နက်ကြီးထုသံတွေကြားရတယ်၊ ကျနော်တို့ရွာနားနီးနီးမှာ အိပ်လို့တောင်မရဘူး၊ နေလို့လည်းမရဘူး၊ အတိအကျတော့ ကျနော်တို့လည်း မမြင်ဘူးလေ၊ ပြောသံတော့ကြားတယ် သူတို့ ရှိတယ်လို့၊ သွားကြည်လို့လည်း မရဘူးလေ၊ သွားလာခွင့် သူတို့ကပိတ်ပင်ထားတယ်၊ ကြာညိုပြင်မြောက်ဘက် ကလည်းကြားတယ်၊ ကြာညိုပြင်ဘုန်းကြီးကျောင်း အနောက်ဘက်ကလည်းကြားတယ်

AA အဖွဲ့ဟာ တပ်မတော်ကစခန်းချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ကျေးရွာများကို ဝင်ရောက်တိုက်ခိုက်လေ့ ရှိပါတယ်။ ဒါကြောင့် မွတ်စလင်တွေ နေထိုင်တဲ့ ကြာညိုပြင်ကျေးရွာကိုလည်း ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်နေကြပါတယ်။

ဒီလိ့ု အစ္စလာမ်ဘာသာဝင်ရွာတွေမှာ လက်နက်ကြီးစခန်းချပြီး တိုက်ခိုက်တာတွေဟာ လူသားတံတိုင်း ပြုလုပ် တိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲတွေဖြစ်ရင် အစ္စလာမ် ဘာသာဝင်တွေ ထိခိုက်လာနိုင်တာကြောင့် မပြုလုပ်သင့်ဘူးလို့ လူ့အခွင့်ရေးအဖွဲ့ Fortity Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

လူသားတံတိုင်းအနေနဲ့ သုံးတာကတော့ ကျနော်တို့နိုင်ငံတကာဥပဒေမှာလည်း မလုပ်ရဘူးလို့ တားမြစ်ထားပြီးသား၊ ကျူးလွန်လေ့ရှိတဲ့စစ်တပ်က ကျူးလွန်တာက မထူးဆန်းပေမယ့် ဒီဟာက AAကို ကျနော်ထင်တယ် ထောင်ခြောက်ထဲကို တမင်ဝင်အောင် သက်သက်မဲ့လုပ်တဲ့လုပ်ရပ်မျိုးဖြစ်တယ်ပေါ့၊ နောက်တခု လူ့အခွင့်အရေးရှုထောင့်က ပြောမယ်ဆိုရင် ဒါကလုပ်ကိုမလုပ်သင့်တဲ့လုပ်ရပ်

ပြီးခဲ့တဲ့အောက်တိုဘာလ ၆ ရက်နေ့တုန်းက ရသေ့တောင်မြို့နယ် ဆင်ခုန်တိုင်မွတ်စလင်ကျေးရွာမှာ  ရခိုင် စကားပြောတဲ့ အရပ်ဝတ် လက်နက်ကိုင် ခုနှစ်ဦးဟာ ကျေးရွာအတွင်း ဝင်ရောက်ပြီး သေနတ်ပစ်ဖောက်ကာ အစ္စလာမ်ဘာသာဝင်တွေဆီကနေ ရွှေ၊ ငွေတွေ ယူဆောင်သွားတယ်၊ နွားနှစ်ကောင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်၊ သူတို့ကို  စေတီပြင်ရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ဒီကိစ္စဟာ  AA က လုပ်တာလို့ ပြောဆို သလို AA ဘက်ကလည်း ဒီကိစ္စဟာ တပ်မတော်ဘက်က ကျူးလွန်တာလို့ အပြန်အလှန် စွပ်စွဲပြောဆိုကြပါတယ်။

RFA အနေနဲ့တော့ ဒီကိစ္စကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲ အဆက်မပြတ်ဖြစ်ပွားနေတာ  ၁ နှစ်နီးပါးရှိလာနေပြီဖြစ် ပြီး ကျေးရွာတွေအနီးမှာလည်း မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

ဒါကြောင့် ကျေးရွာတွေအနီးမှာ တိုက်ပွဲမဖြစ်ဖို့နဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရှောင်ရှားဖို့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးက တိုက်တွန်းထားပါတယ်။

ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦးတွေ၊ ဘာသာရေးအဆောက်အဦးတွေ၊ လူနေကျေးရွာရပ်ကွက်တွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်တာ မလုပ်ကြဖို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က စီမံဆောင်ရွက်ပေးသင့်ကြောင်း တိုက်တွန်းတဲ့အဆိုကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ အတည်ပြုထားပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။