တပ်နဲ့ AA တိုက်ပွဲမှာ ၁ဝ ရက်အတွင်း အရပ်သား ကိုးဦး သေဆုံး
2020.01.15

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသ မှာ အခုနှစ်ဆန်းပိုင်းမှာပဲ သေဆုံးထိခိုက် ဒဏ်ရာရသူဟာ ၂၀ လောက်အထိ ရှိခဲ့ပါတယ်။
ရခိုင်မြောက်ပိုင်းဒေသ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကနေ ဒီနေ့အထိ RFA က ရရှိခဲ့တဲ့အချက် အလက်တွေအရ သေဆုံးသူ ကိုးဦးနဲ့ ထိခိုက်ဒဏ်ရာရသူက ၁၁ ဦးအထိ ရှိခဲ့ပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတာ၊ မိုင်းပေါက်ကွဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ၊ ဘယ်သူဘယ်ဝါ လက်ချက်လို့ အတည်မပြုနိုင်ဘဲ သတ်ဖြတ်ခံရတာတွေကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်။
စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၁၉ ကနေ အခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ တစ်နှစ်တာလောက်ကာလအတွင်းမှာ အရပ်သား သေဆုံးမှု ၁၀၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူဟာ ၂၅၂ ဦးအထိရှိခဲ့ရာကနေ အခုနှစ်ဆန်းပိုင်းမှာ သေကြေထိခိုက်သူအရေအတွက် ထပ်တိုးလာတာလည်းဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကတော့ ၂၀၂၀ နှစ်ဟာ စိတ်မကောင်းစရာတွေနဲ့ စတင်တဲ့ နှစ်တစ်နှစ်လို့ ပြောပါတယ်။
“၂၀၂၀ နှစ်ဆန်းပိုင်းကနေစပြီးတော့မှ တိုက်ပွဲတွေက ပိုပြီးတော့ ပြင်းထန်လာပါတယ်။ နောက်တစ်ခါကျတော့ ဒီတိုက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ထိခိုက်သေဆုံးတာတွေလည်း တော်တော်များများ ရှိလာတယ်ပေါ့နော်။ ဒီအထဲမှာ စစ်ရေးနဲ့ဘာမှမသက်ဆိုင်တဲ့ တကယ့်ကိုဖြူစင်တဲ့ ကလေးတွေလည်း သေဆုံးတာကို တွေ့ရပါတယ်။ ဆိုတော့ ၂၀၂၀ အဖွင့်ကတော့ စိတ်မကောင်းစရာတွေနဲ့ပဲ စတင်တယ်လို့ပြောရမှာပါ”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာအနီးက တောင်ကုန်းမှာ မိုင်းကြောင့် အသက် ၈ နှစ်နဲ့ ၁၀ နှစ်အရွယ်ကလေးငယ် ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာပဲ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာတစ်ဦးနဲ့ နောက်ထပ်ကလေး ၅ ဦးကတော့ အပြင်းအထန်ဒဏ်ရာရပြီး ဘူးသီးတောင်ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က တိုက်ပွဲတွေကြောင့် မင်းပြားမြို့နယ် ညောင်ကန်ရွာကနေ လွန်ခဲ့တဲ့ နှစ်လလောက်က စစ်ဘေးရှောင်နေတဲ့ ဒီမိသားစု သုံးယောက်ဟာ သူတို့ရွာမှာ နယ်မြေတည်ငြိမ်နေပြီဆိုလို့ ဒီနေ့ စက်လှေနဲ့ ရွာကိုပြန်လာရာမှာ အပစ်ခံရလို့ ကလေးသေဆုံးခဲ့တာပါ။
တပ်မတော်ကပစ်ခတ်တာလို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောဆိုခဲ့ကြပေမယ့် တပ်မတော်ကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးမြတ်ထွန်း ကတော့ အောက်ခြေတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် စုံစမ်းအရေးယူနိုင်မယ့် ဌာန၊ အဖွဲ့ မြန်မာနိုင်ငံမှာ မရှိဘူးလို့ ပြောပါတယ်။
“တာဝန်ယူမှု၊ တာဝန်ခံမှုအနေနဲ့ ဘယ်သူ့ကိုအားကိုးရမလဲ၊ ဘယ်ကိုတိုင်ရမလဲ၊ ဘယ်ဌာနကို ပြောရမလဲဆိုတာကလည်း ဘယ်လိုမှ ခွဲခြားပြောလို့ မရနိုင်ဘူး။ ကျွန်တော်တို့ လူ့အခွင့်အရေးအဖွဲ့ကလည်း ဒီဟာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံကို အရင်က ဖြစ်ခဲ့တာတွေကို တိုင်ခဲ့တာတွေရှိတယ်။ ဒါပေမဲ့ အဲဒီလိုတိုင်တဲ့ဟာတွေကို သူတို့က ဘယ်လိုသုံးသပ်လဲဆိုရင် အဲဒီဒေသတွေကို ကိုယ်တိုင်သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် အခက်အခဲရှိတဲ့အတွက် တပ်မတော်က ဆုံးဖြတ်တဲ့အတိုင်းပဲ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ အတည်ပြုပါမယ်ဆိုပြီးတော့ အဲဒီလို ပြန်ကြားလာတာတွေလည်း ရှိပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတာတွေလည်း မရှိဘူးဆိုတာမျိုးဖြစ်နေပါတယ်ခင်ဗျ”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆီးဖလောင်းကျေးရွာက ကျောင်းဆရာတစ်ဦးနဲ့ ရွာသားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
အလားတူ ပလက်ဝမြို့နယ် ကျီးလေကျေးရွာမှာ အေအေတပ်ဖွဲ့ဝင်တစ်ဦးက ရွာခံအမျိုးသမီးငယ် တစ်ဦးကို လက်နက်နဲ့ခြိမ်းခြောက်ပြီး အဓမ္မသိမ်းပိုက်ဖို့ကြိုးစားတာ၊ အဲဒါကိုတားဆီးဖို့ကြိုးစားတဲ့ ကျေးရွာလူကြီးတွေကို ရိုက်နှက်ချုပ်နှောင်ထားတာတွေ ရှိခဲ့တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစက်ညှိနှိုင်းရေးကောင်စီ (KACC) က ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ စုံစမ်းရေးအဖွဲ့က ကျီးလေရွာသားတွေကို မေးမြန်းနေတဲ့ရုပ်သံဖိုင်တစ်ခုကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီရုပ်သံဖိုင်မှာ အမျိုးသမီးငယ်ကို အေအေတပ်ဖွဲ့ဝင်က အဓမ္မသိမ်းပိုက်ဖို့ ကြိုးစားတယ်ဆိုတာ မဟုတ်မမှန်တဲ့ စွပ်စွဲချက်သာဖြစ်ပြီး ကျေးရွာသားတွေကိုတော့ ရိုက်နှက်တာတွေရှိခဲ့တယ်လို့ ရွာသားနှစ်ဦးက ပြောဆိုထားတာ တွေ့ရပါတယ်။
ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အခုလို ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ပြည်သူလူထုတွေ မထိခိုက်စေရေးအတွက် အောက်ခြေတပ်တွေကို ညွှန်ကြားထားသလို စစ်မြေပြင်မှာ ပြည်သူလူထုကို ဘယ်လိုအကာအကွယ်ပေးရမလဲဆိုတာကို စစ်သင်တန်းတွေမှာ စနစ်တကျပို့ချထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်စစ်ရေးကာလအတွင်းမှာ အေအေ အဖွဲ့ရဲ့လက်နက်၊ မိုင်း စတာတွေကြောင့် သေဆုံးတဲ့ အရပ်သားတွေ မရှိသေးဘဲ အရပ်သားတွေ ထိခိုက်သေကြေရတာတွေဟာ မြန်မာတပ်မတော်ရဲ့ သေနတ်ကျည်၊ မိုင်း၊ လက်နက်ကြီးတွေကြောင့် သေဆုံးရတာတွေဖြစ်တယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ကတော့ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းအတိုင်းပဲ ကျင့်သုံးတယ်လို့ ပြောပါတယ်။
ရခိုင်စစ်ရေးကာလအတွင်းမှာ တပ်မတော် အောက်ခြေတပ်ဖွဲ့ဝင်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်လို့ဆိုပြီး အရေးယူခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့သလားလို့ RFA ကမေးမြန်းခဲ့ရာမှာတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တိတိကျကျ ဖြေကြားခြင်း မရှိခဲ့ပါဘူး။
ရခိုင်ပြည်နယ်မှာ တပ်မတော်စစ်ကြောင်းတွေက ကျေးရွာတွေထဲကိုဝင်လာရင် ရှင်းလင်းပစ်ခတ်ပြီး ဝင်ရောက်တာ၊ အေအေအဖွဲ့နဲ့ပတ်သက်လို့ ရွာသားတွေကို ရိုက်နှက်စစ်ဆေးတာတွေ ရှိနေဆဲဆိုတဲ့ မြေပြင်သတင်းတွေက ရှိနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့က မြေပုံမြို့နယ် ဟင်းခရော်ကျေးရွာကို ရောက်ရှိလာတဲ့ တပ်မတော် စစ်ကြောင်းတစ်ခုက ရွာသားတွေကို စစ်ဆေးခဲ့တာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကာယကံရှင်ပြောပြတာက အခုလိုပါ။
“ကျွန်တော်တို့ ဟင်းခရော်ရွာမှာ လူ ၆ ဦးလောက်ကို ရိုက်တာပေါ့ ကျွန်တော် အပါအဝင်။ မင်းတို့ဟာ အေအေနဲ့ ဆက်စပ်မှုရှိတယ်ပေါ့။ မရှိဘူးလို့ ကျွန်တော်တို့က ငြင်းပါတယ်။ လူတိုင်းက ငြင်းပါတယ်။ ငြင်းရင်လည်း မရဘူး။ အင်္ကျီတွေ ချွတ်ခိုင်းတယ်။ ပြီးမှ သူတို့စီးထားတဲ့ဖိနပ်တွေနဲ့ ကျွန်တော်တို့ ကျောကုန်းပေါ်ကို တက်နင်းပါတယ်။ ပါးတွေနားတွေကို ရိုက်တယ်။ ဂျပန်ရိုက်ရိုက်တယ် ကျွန်တော်တို့ကို မေးတယ်။ မေးလည်း ကျွန်တော်တို့က ဆက်စပ်မှုမရှိဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့။ ပြောရင်လည်း သူတို့ကလက်မခံပါဘူး။ လက်မခံတဲ့အပြင် ဆက်ရိုက်ပါတယ်။ မနက် ၈ နာရီလောက်က ပင် ကျွန်တော်တို့ကို နေလှန်းထားတာ ညနေ ၄ နာရီမှ ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တယ်”
လုံခြုံရေးကိုစိုးရိမ်ရလို့ဆိုပြီး သူ့အမည်ကို ဖော်ပြခွင့်မပြုပါဘူး။
တပ်မတော် ပြောခွင့်ရသူတွေကတော့ အရပ်သားတွေအပေါ်မှာ ဥပဒေစည်းမျဉ်းတွေကို ကျော်လွန်ပြီး လုပ်ဆောင်တာမျိုးမရှိဘူးလို့ တုံ့ပြန်ထားကြပါတယ်။
နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ ရခိုင်မှာဖြစ်နေတဲ့ အရပ်သားတွေ ထိခိုက်မှုကိုလျှော့ချဖို့ဆိုတာ အပစ်အခတ်ရပ်စဲမှဖြစ်နိုင်မယ်လို့ မြင်ပါတယ်။
အပစ်အခတ်ရပ်စဲနိုင်ဖို့ အေအေအဖွဲ့ဟာ ရခိုင်မှာတည်ရှိတယ်ဆိုတာကို လက်ခံဖို့ လိုအပ်တယ်လို့လည်း ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း အေအေအဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရသူ ၃၃၇ ဦးအထိရှိခဲ့ပြီး ပျောက်ဆုံးနေသူကတော့ ၂၁ ဦးအထိရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြောပါတယ်။
၂၀၁၉ နှစ်ဆန်းပိုင်းက ရခိုင်မြောက်ပိုင်းဘက်မှာ စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ နှစ်ကုန်ပိုင်းမှာတော့ ရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ် အစပ်နားတွေအထိ နှစ်ဘက်တိုက်ပွဲတွေ ကျယ်ပြန့်လာနေတာကို တွေ့ရပါတယ်။