စစ်တပ်နဲ့ AA တို့ ပလက်ဝမှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်၊ ဒေသခံတွေ ရိက္ခာပြတ်လပ်မှာ စိုးရိမ်နေ

နှစ်နှစ်နီးပါး တိုက်ပွဲတွေ ရပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အခုရက်ပိုင်းတိုက်ပွဲတွေ ပြန်ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာပြီး နေအိမ်စွန့်စွာ ထွက်ပြေးကြရမယ့် အရေး စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က ပလက်ဝမြို့နဲ့ ခြောက်မိုင်အကွာမှာရှိတဲ့ အဘောင်သားရွာနဲ့ ရုပ်ဝရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် သေနတ်သံနဲ့ လက်နက်ကြီးသံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ကျနော်တို့ ပြည်သူတွေအနေနဲ့က စိုးရိမ်တာပေါ့။ ဖြစ်တဲ့နေရာက မြို့နဲ့ နည်းနည်း ဝေးတယ်ဆိုပေမယ့် ပြည်သူအနေနဲ့ ဘယ်ဘက်ကပဲ ဘယ်လိုပဲဖြစ်ဖြစ် စိုးရိမ်တာပေါ့။ ကျနော်တို့အနေနဲ့ကျတော့ သွားရေး လာရေး စားရေးသောက်ရေးအတွက် ပွင့်ပွင့်လင်းလင်း လုပ်ကိုင်စားသောက်ခွင့်ရရင်ပဲ ကျနော်တို့က ကျေနပ်ပြီပေါ့နော်။ တစ်ဖက်နဲ့ တစ်ဖက်ဖြစ်တယ်ဆိုတော့ မြို့နဲ့ ဝေးတဲ့နေရာမှာ ဖြစ်ပေါ့နော်။ ကျနော်တို့ ပြည်သူအနေနဲ့က ဖြစ်တာမဖြစ်တာ အဖွဲ့တွေရဲ့ ကဏ္ဍပေါ့နော်။ မြို့နဲ့ ဝေးတဲ့နေရာမှာပဲ ဖြစ်စေချင်တယ်၊ နီးတဲ့နေရာမှာ မဖြစ်စေချင်ဘူး စိုးရိမ်လို့ပါ ”
ပလက်ဝမြို့နယ်ဟာ ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားတဲ့ ဒေသလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကနေ စပြီး ၂ဝ၁၉ ခုနှစ်အထိ အဲဒီဒေသမှာ မြန်မာစစ်တပ်နဲ့ AA တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးခဲ့ရပါတယ်။
နှစ်နှစ်နီးပါးအကြာ တိုက်ပွဲတွေ ရပ်တန့်နေပြီးနောက် ဒီ ၂ဝ၂၂ ခုနှစ် မေလထဲမှာ ပြန်ဖြစ်လာနေတာလို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိအနေအထားအရ စိုးရိမ်နေကြပြီး နေရပ်စွန့်ခွာ ထွက်ပြေးရလောက်တဲ့ အထိတော့ မဖြစ်သေးဘူးလို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“ဟိုးတုန်းကဆိုရင်တော့ ဖြစ်တဲ့ အနီးအနားရွာတွေက စစ်ဘေးရှောင်တာတွေ ရှိနိုင်တာပေါ့နော်။ ဖြစ်တဲ့ မေ ၂၆ မှာက ဒီတစ်ခါတော့ သိပ်ကြီးကြီးကျယ်ကျယ်လည်း မဖြစ်သေးဘူးဆိုတော့ မြို့ပေါ် ထွက်ပြေးလာတာတော့ မတွေ့ရသေးဘူးလို့ပဲ သိရပါတယ် ခင်ဗျ။ ဖြစ်တာကလည်း သိပ်အကြာကြီးမဟုတ်ဘူး နာရီပိုင်းပဲဆိုတော့လေ။ စိုးရိမ်နေတယ်တဲ့ ဒေသခံတွေက မဖြစ်တာလည်း ကြာပြီ တစ်နှစ်၊ နှစ်နှစ် လောက်ရှိပြီ သေနတ်သံလည်းမကြားရ အေးအေးချမ်းချမ်းနေလာရတာ ဒီလို ဝုန်းဒိုင်းပေါ်လာပြီး လက် နက်ကြီးသံပါ ကြားရတော့ စိုးရိမ်ထိတ်လန့်တဲ့အပိုင်း ရှိနေတယ်လို့ သိရပါတယ် ခင်ဗျ”
ပလက်ဝဒေသခံတွေဟာ တစ်ကျော့ပြန်စစ်ကို စိုးရိမ်နေရသလို စစ်လက်ကျန် မိုင်းတွေကိုလည်း တွေးပူနေရပါတယ်။ ၂ဝ၁၈ ခုနှစ် တိုက်ပွဲကာလမှာ မြန်မာစစ်တပ် တပ်စခန်းချဖူးတဲ့ နေရာနားတစ်ဝိုက်မှာ လက်ကျန်မိုင်းတွေ များနေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့ ညနေပိုင်းက တောင်ယာခုတ်ပြီးပြန်လာတဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ယောက် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့က ပြောပါတယ်။
"မြို့နဲ့ ဝေးတဲ့နေရာမှာပဲ ဖြစ်စေချင်တယ်၊ နီးတဲ့နေရာမှာ မဖြစ်စေချင်ဘူး စိုးရိမ်လို့ပါ"
တိုက်ပွဲတွေရပ်ထားတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် မေလအတွင်း ကျောက်တော်နဲ့ ပလက်ဝတစ်ဝိုက်မှာ မိုင်းနင်းမိတဲ့ လူနာ ၁၀ ယောက်ဝန်းကျင်ရှိခဲ့တယ်လို့ ကျောက်တော်မြို့နယ်၊ ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးညီပုက ပြောပြပါတယ်။
“ ဒီနှစ်ထဲမှာတော့ လေးယောက်ရှိပါပြီ။ ၂၀၂၂ ပေါ့နော်။ ၂၀၂၁ ကဆိုရင်တော့ ခြောက်ယောက်ရှိပါတယ် မိုင်းနင်းမိတဲ့လူနာ။ ၂၀၂၂ မှာ ဒီတစ်ယောက်နဲ့ဆို လေးယောက်ရှိပါပြီ။ ပလက်ဝကတော့ နှစ်ယောက်ပါ ပါတယ်။ ကျန်တဲ့ ကန်စောင်း ဘက်တွေ၊ ကျောက်တော်မြို့နယ်တွေက များပါတယ် ”
ပလက်ဝမှာ တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်လာပြီးနောက် မြန်မာစစ်တပ်ဘက်က ရေလမ်းခရီးသွားလာခွင့်တွေ ကန့်သတ်လိုက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အရင်က မနက် ၅ နာရီကနေ ည ၉ နာရီအထိ ရေလမ်းနဲ့ လွတ်လွတ်လပ်လပ် သွားလာလို့ ရပေမယ့်၊ အခု မနက် ၆ နာရီကနေ ည ၆ နာရီအထိပဲ သွားလာခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
ဆေးကုသဖို့ သွားလာမယ်ဆိုရင်လည်း မြို့နယ်ဆရာဝန်ရဲ့ ထောက်ခံချက်၊ ပလက်ဝ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၈၉ ကနေ ခွင့်ပြုချက်တောင်းနေရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ဒီလိုရေလမ်းခရီးတွေ ကန့်သတ်လိုက်တာကြောင့် ကုန်စျေးနှုန်းတွေ ကြီးမြင့်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ်က တိုက်ပွဲတွေကြောင့် ပလက်ဝမြို့က ချင်းတိုင်းရင်းသား ၂၅၀ ကျော်ဟာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် မြောင်းတကာထိ တိုက်ပွဲရှောင် ထွက်ပြေးခဲ့ရပါတယ်။ အခုအဲဒီဒေသခံတွေ နေရပ်မပြန်နိုင်သေးပေမယ့် တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။
ရက္ခိုင့်တပ်တော် AA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့တွေ့ဆုံဆွေးနွေးနေကြောင်း တရားဝင်ထုတ်ပြန်လာပြီးနောက် စစ်ကောင်စီနဲ့ AA တို့ကြား ဆက်ဆံရေးအဆင်မပြေဘဲ တိုက်ပွဲတွေ ပြန်ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။
AA ဘက်ကတော့ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲ အချိန်မရွေးဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တိုက်ပွဲ ဖြစ်လာရင် စစ်တပ်ကို အဆိုးမဆိုနဲ့လို့ ပြန်လည်ပြောဆိုထားပါတယ်။
ပလက်ဝ ဒေသခံတွေကတော့ တစ်ချိန်ကလို တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး ဆန်ရိက္ခာတွေ ပြတ်လတ်မယ့်အရေးကို စိုးရိမ်နေကြပါတယ်။