AA စစ်ဦးချုပ်ညီအမှုမှာ ကန့်ကွက်ထားတဲ့ အထောက်အထားကို တရားရုံးကလက်ခံ

2019.10.18
aungkyawsein-622.JPG AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ဦးရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်စိန်ကို ၂ဝ၁၉ အောက်တိုဘာ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ဦးကို တရားစွဲထားတဲ့အမှုမှာ တရားလိုရဲတပ်ဖွဲ့က တင်သွင်းတဲ့ သက်သေခံစာရွက်စာတမ်းတွေကို ကန့်ကွက်ထားပေမယ့် တရားရုံးက လက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။

“တရားလိုဘက်က သက်သေခံအဖြစ်တင်သွင်းတဲ့ စင်္ကာပူနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက ၁၀၊ ၇၊ ၂၀၁၉ က ထုတ်ပြန်တဲ့ စာတမ်းအမှတ်အသားကို သက်သေခံအဖြစ် လက်ခံကြောင်း အမိန့်ချမှတ်ပြီးတော့ တရားလို ရဲမှူး တင့်ဆွေကို စစ်ဆေးခဲ့ပါတယ်”

အနောက်ပိုင်းခရိုင် တရားရုံး ပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်း ပြောသွားတာပါ။

ရက္ခိုင့်တပ်တော် AA အဖွဲ့ကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ဦးကို တရားစွဲတဲ့ အမှုမှာ တရားလို ရဲမှူး တင့်ရွှေ တင်သွင်းတဲ့ စာရွက်စာတမ်းတွေဟာ သက်သေခံ ဥပဒေနဲ့ ညီညွတ်တယ်ဆိုပြီး တရားရုံးက လက်ခံကြောင်း အနောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ရုံးချိန်းမှာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ရုံးချိန်မှာ ရဲမှူး တင့်ရွှေ တင်သွင်းခဲ့တဲ့ သက်သေခံ အထောက်အထားတွေထဲက စင်္ကာပူနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ဟာ မူရင်းမဟုတ်ဘဲ စင်္ကာပူအခြေစိုက် The Straits Time သတင်းဌာနရဲ့ ဖော်ပြချက်ဖြစ်နေတာကြောင့် သက်သေခံတင်သွင်းတဲ့ ဥပဒေနဲ့မကိုက်ညီကြောင်း စွပ်စွဲခံရသူတွေရဲ့ရှေ့နေတွေက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံးက ဥပဒေနဲ့ ညီညွတ်တယ်ဆိုပြီး လက်ခံလိုက်တာဖြစ်ပါတယ်။

ဒီလိုလက်ခံလိုက်တာနဲ့ ပတ်သက်ပြီး အမှုအပေါ် အကျိုးသက်ရောက်မှု အခြေအနေကိုတော့ လက်တလောပြောဖို့ စောသေးကြောင်း ဖမ်းဆီးခံထားရတဲ့ ကိုမြတ်လင်းဦးရဲ့ ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ တရားလို ရဲမှူး တင့်ရွှေကို စွပ်စွဲခံရသူတွေရဲ့ရှေ့နေက ပထမဆုံး အပြန်အလှန် မေးခွန်းတချို့မေးမြန်းခဲ့ပြီး နောက်ရုံးချိန်းတွေမှာလည်း ဆက်လက်မေးမြန်းဖို့ရှိသေးတယ်လို့ စွပ်စွဲခံရသူတွေရဲ့ရှေ့နေတွေက ပြောပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုမယ်ဆိုရင် အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတော်က ကြေညာထားဖို့ လိုအပ်ကြောင်း ဖမ်းဆီးခံထားရသူတွေရဲ့ ရှေ့နေက တရားရုံးမှာ ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတော်က သတ်မှတ်တာမရှိတာကြောင့် တရားစွဲထားအမှု ဥပဒေနဲ့ မညီဘူးလို့ ခုခံရေးလမ်းကြောင်းကနေ ဒီနေ့ရုံးချိန်းမှာ ထောက်ပြခဲ့တယ်လို့ စွပ်စွဲခံရသူတွေရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်စိန်က ပြောပါတယ်။

“ဒီနေ့ ULA/ AA ကို ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကျိုင်းတုံမှာ ပြီးခဲ့တဲ့က Biletral အပစ်ရပ်လက်မှတ်ထိုးဖို့ ဆွေးနွေးနေတာရှိတယ်၊ သူတို့ကို အကြမ်းဖက်အဖြစ် သတ်မှတ်ရင် တစ်ယောက်ကိုတစ်ယောက် တွေ့စရာလည်းမလိုဘူး ဆွေးနွေးစရာလည်း မလိုဘူးပေါ့၊ အဲဟာအရ ULA/ AA ကို ဒီနေ့အထိ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တာ မရှိသေးဘူး၊ မရှိတဲ့အတွက် သူတို့ကို တရားစွဲတာဟာ ဥပဒေနဲ့ညီသလား မညီဘူးလားဆိုတာကို အန်ကယ်တို့က အခြေခံပြီး ခုခံချေပတာပေါ့”

ဦးအောင်ကျော်စိန်ဟာ ကိုအောင်မြတ်ကျော်၊ ကိုတင်လှိုင်ဦး၊ ကိုထွန်းအေးတို့ သုံးဦးရဲ့ ရှေ့နေဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က အကြမ်းဖက်တဲ့ လုပ်ရပ်တွေဆောင်ရွက်ခဲ့တဲ့ ARSA အဖွဲ့ကို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သလို့ တာလီဘန်၊ အယ်ကိုင်းဒါးတို့လို့ ကမ္ဘာက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတဲ့အဖွဲ့တွေကိုပဲ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုရတာဖြစ်ပြီး ဥပဒေရဲ့ မူရင်းအရသာကို မပျောက်ဖို့လိုတယ်လို့လည်း ဦးအောင်ကျော်စိန်က ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာတော့ ကိုအောင်မြတ်ကျော်ပါ ရှစ်ဦးကို မိသားစုဝင်တွေနဲ့ တွေခွင့်ပေးရာမှာ ကန့်သတ်မှုတွေရှိခဲ့ပါတယ်။ လာရောက်တွေ့ဆုံတဲ့ မိသားစုတွေအကုန်လုံးကို တွေ့ခွင့်မပေးဘဲ နှစ်ဦးစီပဲတွေ့ဆုံဖို့ ကန့်သတ်တာတွေရှိခဲ့ကြောင်း မိသားစုဝင်တချို့က ပြောပါတယ်။

ဒီလိုအကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ခွင့်ခံရသူတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးတွေနဲ့အညီ ခံစားခွင့်ရှိရမယ်လို့ ဥပဒေမှာပြဌာန်းထားကြောင်း ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပါတယ်။

ဒီလိုမိသားစုဝင်တွေနဲ့ တွေဆုံခွင့်ကန့်သတ်တာတွေရှိလားဆိုတာနဲ့ ပတ်သက်ပြီး အနောက်ပိုင်းခရိုင် တရားရုံး ပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းကို မေးမြန်းရာမှာတော့ သူအနေနဲ့ ဒီကိစ္စကိုမသိသေးကြောင်းနဲ့ နောက်တစ်ပတ်မှာ လုံခြုံရေးတာဝန်ယူတဲ့ရဲတွေကို မေးမြန်းပေးမယ်လို့ ပြောပါတယ်။

“အဲတာတော့ ကျနော်လည်း မသိဘူး၊ ပုံမှန်တော့အချုပ်ကတော့ ရဲတာဝန်ယူတဲ့အပိုင်းပေါ့၊ ရဲကတော့ တရားရုံးထုတ်ဆိုတော့ ရုံးထုတ်အဖွဲ့ မူးခင်းမှတ်တမ်းအဖွဲ့ဆိုတာရှိတယ်၊ သူတိ့ုက တရားခံတင်ပို့တာတွေ၊ ထုတ်သွင်းတာတွေ အဲဒါတွေလုပ်တာ၊ ဒါတော့ ကျနော်မသိသေးတော့  ပြန်မေးပေးပါ့မယ်၊ နောက်တစ်ပတ် ဖြေရင်ပြန်ဖြေပေးမယ်၊ မေးခွန်းထည့်ပေးပါ၊ ရဲကို အဓိကမေးရမှာ၊ အဲလိုကန့်သတ်တာရှိလား၊ ဘယ်လိုကန့်သတ်တာရှိလဲ၊ လုံခြုံရေးအပိုင်းကတော့ တရားရုံးမှာ Top Security ကို ရဲကလုပ်တာ”

ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင်သန်းနဲ့ ကိုမြတ်လင်းဦးတို့ ရှစ်ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က)တို့နဲ့ မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့ ရဲမှူး တင့်ရွှေက တရားလိုလုပ်ပြီး တရားစွဲ တင်ပို့ခဲ့တာကို အနောက်ပိုင်းခရိုင် တရားရုံးက လက်ခံစစ်ဆေးနေတာဖြစ်ပါတယ်။

ကိုအောင်မြတ်ကျော်ပါ ရှစ်ဦးကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ဆက်လက်စုံစမ်းပြီး အခုလို အရေးယူဖိ့ု တိုင်ကြားတာလို့လည်း ရဲမှူး တင့်ရွှေက တရားရုံးမှာ ပြီးခဲ့တဲ့ ရုံးချိန်းတွေက ထွက်ဆိုထားပါတယ်။

ဖမ်းဆီးခံထားရသူတွေက စင်္ကာပူနိုင်ငံမှာ ရန်ပုံငွေရှာပြီး ရက္ခိုင့်တပ်တော် AA ကို ငွေကြေးထောက်ပံ့တာ၊ လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့တာနဲ့ AA အထိမ်းအမှတ်ပွဲတွေ ပြုလုပ်တာ၊ စည်းရုံးလှုံဆော်တာနဲ့ လူသစ်စုဆောင်းရာမှာ ထောက်ပံ့ပေးတယ်လို့ ရဲမှူး တင့်ရွှေက ထွက်ဆိုထားပါတယ်။

ဒီအမှုကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဖိ့ု ခန့်မှန်းထားတဲ့ ဒီအမှုမှာ တရားလိုဘက်က သက်သေ ၁၄ ယောက် တင်သွင်းထားကာ  သုံးလအတွင်း ရုံးချိန်း ၁၈ ချိန်းခေါ်ယူ စစ်ဆေးမယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။