ချင်းအမျိုးသမီးများ ရှေ့တန်းထွက်လာဖို့ တက်ကြွလှုပ်ရှားသူတွေ တိုက်တွန်း
2020.06.03
ချင်းတိုင်းရင်းသူတွေဟာ ဓလေ့ထုံးစံတွေကြောင့် အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးမရဘဲ ဆုံးရှုံးနေပါတယ်။ ဒီအခြေအနေ တိုးတက်လာဖို့ဆိုရင် နိုင်ငံရေးမှာ ပိုမို ပါဝင်ရေး ကြိုးပမ်းဖို့ လိုအပ်သလို ဥပဒေပြုပြင်ပြောင်းလဲရေးကိုပါ လုပ်ဆောင်ရမယ်လို့ ချင်းတိုင်းရင်းသား တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
လက်ရှိအချိန်ထိ နိုင်ငံရေး ဆောင်ရွက်ချက်တွေမှာ ချင်းအမျိုးသမီးတွေ ပါဝင်လာမှု နည်းပါးနေပါသေးတဲ့ အတွက် ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ အရပ်ဘက်အဖွဲ့တချို့က ကြိုးပမ်းနေကြတယ်လို့ ချင်းအမျိုးသမီးအရေး လှုပ်ရှားတဲ့ နေနူး (Ninu) အဖွဲ့ရဲ့ ဒါရိုက်တာ မိုင်လဲင်နိုင်ကျဲရ်က ပြောပါတယ်။
ချင်းပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီး တစ်ယောက်ပဲ ရှိတာကို ကြည့်ရင် လက်ရှိနေအထားကို သတိပြုမိလိမ့်မယ်လို့ သူက ထောက်ပြပါတယ်။
“ရှေးအယူအဆတွေကလည်း အရမ်းလွှမ်းမိုးနေသေးတယ်လို့ ပြောရမှာပေါ့။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါရင်လည်း အခုထိ အခက်ခဲ ဖြစ်နေသေးတယ်လို့ တွေ့ ရတယ်။ ပြီးတော့ အနိမ့်ဆုံး အဆင့် ပြောရမလား ဆယ်အိမ်မှူး ရွေးတာကအစ တချို့တလေပဲ အမျိုးသမီး တွေ့ရပြီးတော့ တခြားနေရာထက်စာရင် ကျမတို့ ချင်းပြည်နယ်က အမျိုးသမီးတွေ ပါဝင်မှုက တော်တော်လေး နိမ့်ကျနေသေးတယ်လို့ တွေ့ရတယ်”
ရန်ကုန်မြို့မှာ ရုံးစိုက်တဲ့ မိုင်လဲင်နိုင်ကျဲရ်တို့ရဲ့ နေနူးအဖွဲ့က ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲက ချင်းတိုင်းရင်းသား တွေရှိတဲ့ မြို့နယ်တွေမှာ လှုပ်ရှားနေပြီး သူတို့ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းချက်တွေလည်း ပါဝင်ပါတယ်။
ချင်းဝိသေသတိုင်း အက်ဥပဒေမှာ ခေတ်နဲ့ လျော်ညီခြင်းမရှိတော့တဲ့အချက်တချို့ အထူးသဖြင့် အမွေ ဆက်ခံခြင်းနဲ့ ပတ်သက်ပြီး အမျိုးသမီးများ နစ်နာစေတဲ့ အချက်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ လှုံ့ဆော်နေတယ်လို့ မိုင်လဲင်နိုင်ကျဲရ်က ပြောပါတယ်။
ချင်း ဓလေ့၊ ထုံးစံအရ မိသားစုထဲမှာ အကြီးဆုံးသားဖြစ်သူက မိဘအမွေ ဆက်ခံခွင့်ရှိပါတယ်။ တချို့က အငယ်ဆုံးသားကို ပေးလေ့ရှိပါတယ်။ အမျိုးသမီးတွေကတော့ အမွေခံစားခွင့်မရှိတဲ့အပြင် တောင်းပိုင်ခွင့်လည်း မရှိခဲ့ပါဘူး။ အမျိုးသမီးတွေ အိမ်ထောင်ကျရင် အိမ်ထောင်ဘက်ဖြစ်သူရဲ့အိမ်မှာပဲ တစ်သက်လုံးနေရပါတယ်။ သား၊ သမီး မွေးတဲ့ အခါမှာလည်း ယောကျ်ားလေး မမွေးခဲ့ရင်လည်း မျိုးဆက်ပျောက်တယ်လို့လည်း ဆိုကြပါတယ်။
ခင်ပွန်းသည်ဟာ ဇနီး ကွယ်လွန်သွားရင် ခယ်မဖြစ်သူကို လက်ထပ်ခွင့်ရှိပါတယ်။ ဒီဓလေ့ကြောင့် ခယ်မဖြစ်သူဟာ ခဲအိုဖြစ်သူကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ထပ်ရတာမျိုးလည်း ရှိပါတယ်။
တခြားဒေသတွေလိုပဲ ချင်းတောင်တန်းဒေသမှာလည်း အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ အရင်ကတည်းက အမျိုးသားတွေပဲဖြစ်ခဲ့ပြီး နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်မှု အားနည်းခဲ့တာပါ။
အဲလိုဟာမျိုးကြောင့် လူတွေရဲ့ စိတ်ထဲမှာ နိုင်ငံရေးဟာ အမျိုးသမီးတွေနဲ့ မဆိုင်ဘူး အမျိုးသားတွေအလုပ် ဖြစ်တယ်လို့ ယူဆကြတာကြောင့် ချင်းပြည်နယ် နိုင်ငံရေးမှာ အမျိုးသမီးတွေမပါဝင်နိုင်တဲ့ အကြောင်းရင်း ဖြစ်တယ်လို့ ပြောကြပါတယ်။
အမျိုးသမီးတွေ လုပ်ပိုင်ခွင့်ရှိတာကို ပိုပြီးနားလည်လာ၊ အမြင်ကျယ်လာကြတဲ့ ဒီနေ့ ခေတ်မှာ ရှေးအယူအဆက အားကောင်းခဲ့တာကြောင့် အမျိုးသမီးတွေကို တန်းတူထားဖို့ ဆိုတဲ့ အယူအဆဟာ သိပ်ပြီး အရေးမပါသလို ဖြစ်နေသေးတယ်လို့ တီးတိန် မြို့မှာ နေထိုင်တဲ့ ချင်းပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပြုရေး အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဒေါ်ကမ်းခန့်ဒိမ်းက ပြောပါတယ်။
“ဟိုတုန်းကဆိုရင် အမျိုးသာမီးတွေကို ပညာတတ် စရာမလိုဘူး၊ အိမ်မှုကိစ္စ လုပ်နိုင်ရင်ပြီးရော၊ သားသမီးမွေးဖို့ အဓိကပဲ၊ ဆင့်ပွားဖို့လောက်ပဲ တွေးတယ်။ အခု ဒီခေတ်ပိုင်းကျတော့ နည်းနည်းပါးပါး ပေါ့နော် ကျောင်းတော့ တက်လာကြတယ်၊ သို့သော် မိဘတွေကိုယ်နှိုက်က ကျမတို့ အမျိုးသမီးတွေရဲ့ ဓလေ့အရ မှတ်ယူစွဲမြဲနေတဲ့ အရာက အိမ်ထောင်ပြုရမယ်၊ သားသမီးမွေးရမယ် ဆိုတဲ့ အယူအဆတွေ တအား စွဲလမ်းနေတဲ့ အတွက်ကြောင့် မို့လို့ လွှတ်တော်လို နေရာမျိုးဟာ ကိုယ့်ရဲ့ အခန်း ကဏ္ဍမဟုတ်ဘူး ဆိုပြီး တွေးတာ များတယ်။ ရုံးဝန်ထမ်း အတွက်ပဲ ဆယ်တန်းအောင်မယ်၊ ကျောင်းဆရာမလုပ်မယ်၊ ကိုယ့်ဒေသမှာ လုပ်မယ်။ အစိုးရရဲ့ လခနဲ့ သူတို့ ဝမ်းစာကို ဖြည့်မယ် ဆိုတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ တည်ငြိမ်နေတဲ့ အပိုင်းတွေပဲ သူတို့က စွဲနေတယ်”
ချင်းရိုးရာအရ အမျိုးသမီးတွေကို နစ်နာစေတဲ့ ချင်းအက်ဥပဒေကို ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
အမျိုးသမီးတွေအတွက် အသိပညာ မြှင့်တင်ရေး သင်တန်းတချို့ ပြုလုပ်ခဲ့အပြီး လေ့လာချက်အရ အားကောင်းတဲ့ ဓလေ့ကို ကျော်ဖြတ်နိုင်ဖို့ အချိန်ယူရဦးမယ်ဆိုတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကျမတို့က အမျိုးသမီးတွေခေါ် ပြီး သင်တန်းပေးတယ်။ အသိပညာ ပေးတယ်။ သို့သော်လည်း သူတို့ လက်သာ လက်ခံတာလေ၊ လက်ခံသလိုလိုနဲ့ သူတို့အိမ်ရောက်သွားရင် အမျိုသားတွေရှိတဲ့ ချိန်မှာ သူတို့မှာ ဘာမှ ပြန်ပြီးတော့ ပြောနိုင်တဲ့ အားမရှိတော့ဘူး ဆိုတော့ ဓလေ့က တအား လွှမ်းမိုးနေသေးတဲ့ အတွက်ကြောင့် ကျမတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့လေ အမျိုးသမီးများ ကိုယ်တိုင်ရှိဖို့က အဓိကဖြစ်မယ်၊ တကယ် စိန်ခေါ်မှုကြီးလည်း ဖြစ်တယ်။ ဒီမှာဆိုရင် အမျိုးသမီး လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ သင်တန်းပေးတာလည်း နည်းတယ်”
ခေတ်နဲ့ စနစ်တွေ ပြောင်းလဲနေပေမယ့် ချင်းဒေသမှာ တိုးတက်ပြောင်းလဲမှု နှေးကွေးတာဟာ အသိပညာ အားနည်းခြင်းဆိုတဲ့ အချက်ကလည်း အဓိကအချက်အနေနဲ့ ပါဝင်တယ်လို့ သူက ထောက်ပြပါတယ်။
ဒါကြောင့် ချင်းပြည်နယ်အရေး ဆောင်ရွက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတချို့က အမျိုးသမီးတွေကို ချန်မထားတဲ့၊ အကာအကွယ်ပေးတဲ့ဥပဒေ ဖြစ်ပေါ်ရေးအတွက် အမျိုးသမီးတွေ ကိုယ်တိုင် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာပိုမို ပါဝင်ဖို့ လိုအပ်တယ်လို့ ယူဆပြီး ဒေသအတွင်း ကဏ္ဍအသီးသီးမှာ ချင်းအမျိုးသမီးတွေ ရှေ့တန်းရောက်ရေးအတွက် တွန်းအား ပေးနေကြပါတယ်။