တရုတ်ရဲ့အကျိုးဖြစ်ထွန်းမှုက မြန်မာနဲ့ပတ်သက်လို့ အမေရိကန်ကို စိတ်ပြောင်းစေသလား
2019.09.14
တရုတ်ရဲ့ မြန်မာပြည်ထဲက အကျိုးအမြတ်တွေဟာ၊ မြန်မာပြည်နဲ့ပတ်သက်လို့ လူ့အခွင့်အရေးကိစ္စတွေကို အာရုံစိုက်ဦးစားပေးနေတဲ့ အမေရိကန်ရဲ့အမြင်ကို လမ်းကြောင်းပြောင်းပေးနေတယ်လို့ ဂျပန်နိုင်ငံထုတ် Nikkei Asian Review သတင်းစာမှာ သုံးသပ်ချက်ဆောင်းပါးတစ်စောင် မနေ့ကဖော်ပြထားပါတယ်။
အဲဒီဆောင်းပါးရဲ့အစမှာတော့ အမေရိကန်ဟာ မြန်မာကို တစ်ဘက်က လက်ဆွဲနှုတ်ဆက်နေချိန်မှာ၊ ကျန်တဲ့လက် တစ်ဘက်က ရိုက်နေဟန်ပေါက်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက လွန်ခဲ့တဲ့ တစ်လခွဲသာသာလောက်ကမှ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ အရေးယူတာဆောင်ရွက်ခဲ့ပေမယ့်၊ တစ်ဘက်မှာတော့ ပြီးခဲ့တဲ့လဆန်းက ငါးရက်ကြာပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံစစ်ရေးပူးတွဲ လေ့ကျင့်မှုမှာ မြန်မာစစ်တပ်ကိုလည်း ပါဝင်ခွင့် ပေးခဲ့တယ်လို့ ဆောင်းပါးက ထောက်ပြပါတယ်။
ဒါဟာ အမေရိကန်အနေနဲ့ မြန်မာနဲ့ပတ်သက်လို့ မူဝါဒ တစ်သမတ်တည်းမရှိတဲ့ သဘောလားဆိုပြီးတော့ မေးခွန်းထုတ်ပါတယ်။ အဖြေကတော့ တရုတ်ကြောင့်ပါတဲ့။
အမေရိကန်ဟာ မြန်မာစစ်အစိုးရရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြုမူဆောင်ရွက်ချက်တွေကို တောက်လျှောက် ဆန့်ကျင်ခဲ့ပြီး၊ မြန်မာပြည်မှာ အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ပိတ်ပင် တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ တက်လာပြီးတဲ့နောက် မြန်မာ့ ဒီမိုကရေစီပြောင်းလဲမှုကို အထောက်အကူ ပြုနိုင်ဖို့အတွက် အမေရိကန်ဟာ သူအရေးယူထားတာတွေ ကို တစ်ရစ်ချင်း လျှော့ချပေးခဲ့ပါတယ်တဲ့။
ဒီလိုကနေ အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခွင့်ရလာတဲ့ ၂၀၁၆ ခုနှစ်မှာတော့ စီးပွားရေးပိတ်ဆို့မှု အားလုံးကို အမေရိကန်က ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထဲအာဏာရောက်လာလို့မှ မကြာခင်မှာပဲ နောက်ထပ် လူသားချင်းစာနာမှုဆိုင်ရာ အငြင်းပွားဖွယ် ပြဿနာကြီးက ပေါ်ပေါက်လာပါတော့တယ်။ အဲဒါကတော့ ၂၀၁၇ ခုနှစ်မှာဖြစ်သွားတဲ့ ရိုဟင်ဂျာပြဿနာပါပဲတဲ့။ ဒါကြောင့် ဒီအမှုမှာ ကာကွယ်ရေးဦးစီးချုပ် ပတ်သက်ခဲ့တယ်လို့ အမေရိကန်ကလည်း ကောက်ချက်ချပြီး အရေးယူပိတ်ဆို့မှုအသစ် ဆောင်ရွက်ခဲ့ပါတယ်။
အခုလို အရေးယူပိတ်ဆို့ခဲ့ပေမယ့် တစ်ဘက်မှာတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ဟောပြောပွဲတစ်ခုကို အမေရိကန်က ဂျပန်နဲ့ပေါင်းပြီး ရန်ကုန်မြို့မှာ သြဂုတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေပါတယ်လို့ အမေရိကန်သံအမတ်ကြီး စကော့မာဆီရယ်က ပြောခဲ့ပါတယ်။
ဒါဟာဘာကိုပြလဲဆိုရင်၊ အမေရိကန်ဟာ မြန်မာပြည်အတွက် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စိုးရိမ်ပေမယ့်၊ တစ်ဘက်မှာတော့ မြန်မာကို သူ့ရဲ့အသိုင်းအဝိုင်းထဲ ဆွဲခေါ်ချင်နေတာလို့ ဆောင်းပါးရှင်က ဆိုပါတယ်။
အနောက်နိုင်ငံတွေက မြန်မာကို အနှစ်နှစ်ဆယ်နီးပါး ပိတ်ဆို့အရေးယူထားတဲ့အချိန်မှာ တရုတ်က မြန်မာဘက်ကနေ ရပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေအားလုံးဟာ မြန်မာအပေါ် တရုတ်ရဲ့ သြဇာပိုပြီးကြီးထွားလာစေတယ်လို့ သတိပြုမိခဲ့ပေမယ့်၊ အမေရိကန်ဟာ မြန်မာကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုသာ ဦးစားပေးနေဆဲပါတဲ့။
ဒါပေမဲ့ တရုတ်က အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက် ရခိုင်ပြည်နယ် ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်း တည်ဆောက်လာတာက အမေရိကန်စိုးရိမ်တကြီး စောင့်ကြည့်ရတဲ့ အနေအထားရောက် လာတယ်လု့ိဆိုပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို သီရိလင်္ကာနိုင်ငံက ဟမ်ဘန်တိုတာ ဆိပ်ကမ်းလိုဖြစ်လာမှာကို အမေရိကန်က စိုးရိမ်လာပုံရတယ်လို့ အာဆီယံသံ အမတ်တစ်ဦးက ပြောတယ်လို့ ဆောင်းပါးကဆိုပါတယ်။ "တရုတ်ဟာ အဲဒီဆိပ်ကမ်းကို စစ်ရေးအရ အသုံးပြုလာနိုင် တယ်လို့ အကြီးအကျယ် သံသယရှိထားတယ်" လို့လည်း သံတမန်တစ်ဦးက ပြောပါတယ်။ ပါကစ္စတန်မှာလည်း အနောက်တောင်ဘက်က ဂွာဒါဆိပ်ကမ်းကို တရုတ်က ၄၃ နှစ် ငှားလိုက်ပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းကလည်း မကြာခင်မှာ တရုတ်ရဲ့လက်ထဲ ရောက်တော့မှာဖြစ်တဲ့အတွက် ကျောက်ဖြူဆိပ်ကမ်း၊ သီရိလင်္ကာဆိပ်ကမ်းနဲ့ ပါကစ္စတန်ဆိပ်ကမ်းဆိုတဲ့ ဆိပ်ကမ်း သုံးခုဟာ အိန္ဒိယသမုဒ္ဒရာမှာ မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းတွေဖြစ်လာတော့မှာလို့ ဆိုပါတယ်။
ဒီအခြေအနေက ဟောမုတ်ရေလက်ကြား လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အီရန်နဲ့ အဆင်ပြေအောင် အမေရိကန်က ကြိုးစားဖို့ဖြစ်လာရပါတော့တယ်။ ရေနံတင်သင်္ဘောတွေဟာ အဲဒီ ဟောမုတ်ရေလက်ကြားမှာ လုံလုံခြုံခြုံ သွားလာနိုင်တယ်ဆိုရင်တောင် အိန္ဒိယသမုဒ္ဒရာမှာရှိနေမယ့် တရုတ်ရေငုတ်သင်္ဘောတွေရဲ့ ခြိမ်းခြောက်မှုအောက် ရောက်သွားနိုင်ချေရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာပြဿနာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကစခဲ့လို့ အမေရိကန်နဲ့ ဥရောပက မြန်မာနဲ့ အတိုက်အခံဖြစ်ခဲ့ပေမယ့် တရုတ်ကတော့ ဆက်ပြေလည်နေတဲ့အပြင် သြဇာတောင် ပိုကြီးလာနေပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံတကာ ကူညီရေးအဖွဲ့ အရာရှိတစ်ယောက်က "တရုတ်ဟာ ရိုဟင်ဂျာ ပြဿနာ ဖြေရှင်းရေးမှာ ကူညီဖို့ထက် မြန်မာကို နောက်ကနေပံ့ပိုးပြီး အထီးကျန်အောင် လုပ်ထားသလားဆိုတာ စိတ်ထဲဖြစ်မိတယ်" လို့ဆိုပါတယ်။ ဒီအခြေအနေဟာ အမေရိကန်အတွက် ရိုဟင်ဂျာကိစ္စမှာ မြန်မာကိုပိုပြီး ဖိအားပေးဖို့ မလိုလားတော့တာမျိုး ဖြစ်စေတယ်လို့ ဆိုပါတယ်။
အခုဆိုရင် အမေရိကန်ကာကွယ်ရေးဌာနဲ့ ဗဟိုထောက်လှမ်းရေး အေဂျင်စီက အရာရှိတွေဟာ မြန်မာပြည်ကို ပိုပြီးဝင်ထွက်သွားလာတာတွေ ရှိနေပြီလို့ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန် မဟာဗျူဟာ သမားတွေအတွက် သီရိလင်္ကာနဲ့ ပါကစ္စတန်လို မြန်မာနိုင်ငံဟာ ပိုပြီးခေါင်းခြောက်စေတဲ့ နိုင်ငံဖြစ်နေတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ အခုချိန်ထိလည်း အမေရိကန်ဟာ မြန်မာနဲ့သံတမန် ဆက်ဆံရေး ခိုင်ခိုင်ခံ့ခံ့မရှိခဲ့သလို မြန်မာကို အမှောင်ထဲမှာ ထားထားတုန်းပဲလို့ ဆိုပါတယ်။
တစ်ဘက်မှာတော့ ဂျပန်အတွက် ရှင်းလင်းတဲ့အမြင်ရှိတယ်လို့ ဆိုပါတယ်။ ဂျပန်ဟာ မြန်မာနဲ့ဆက်ဆံရေးကို ထိန်းထားတယ်။ အရပ်သားအစိုးရလက်ထဲ အာဏာပြန်ရောက်လာတာနဲ့ ဂျပန်က ငွေတွေထုတ်ချေးခဲ့တယ် လို့ ဆိုပါတယ်။
ဒါကြောင့် ဂျပန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်အနေနဲ့လည်း အလင်းပြခေါ်ဆောင်နိုင်တဲ့ အနေအထားရှိတယ်လို့ မျှော်လင့်ရတဲ့အကြောင်း နစ်ကိုင်းရီဗျူးသတင်းစာဆောင်းပါးမှာ ရေးသားထားပါတယ်။
(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နုတ်တင်ပြသည်)