အာဏာသိမ်းပြီးနောက် အမျိုးသမီး ခြောက်ရာကျော် အသတ်ခံရ

RFA Burmese
2023.12.05
အာဏာသိမ်းပြီးနောက် အမျိုးသမီး ခြောက်ရာကျော် အသတ်ခံရ ၂၀၂၁ ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး အမျိုးသမီးသပိတ်စစ်ကြောင်း ဆန္ဒပြခဲ့စဉ်။
Citizen Journalist
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့အထိ စစ်တပ် အာဏာ သိမ်းထားတဲ့ သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၆၆၄ ဦး သေဆုံးပြီး၊ ၂၄၄၁ ဦး ဖမ်းဆီးခံထားရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလထိ သေဆုံးသူ အမျိုးသမီး ၆၂၈ ဦးသာ ရှိခဲ့တာကြောင့် နိုဝင်ဘာလ အတွင်း အမျိုးသမီး ၃၆ ဦး သေဆုံးခဲ့တာပါ။
 
အဲဒီ အမျိုးသမီးတွေဟာ လက်နက်ကြီး ပေါက်ကွဲမှု၊ လေကြောင်း တိုက်ခိုက်မှု၊ ပစ်သတ်ခံရမှု၊ ရိုက်နှက်မှု၊ အရှင်လတ်လတ် မီးရှို့မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ အဓမ္မကျင့် သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတာလို့ ဆိုပါတယ်။

“ကျေးလက်နေ အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့  ပစ်မှတ်ထား အဓမ္မကျင့် သတ်ဖြတ်တာကို ခံနေရတယ်”

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က ရန်ကုန် စမ်းချောင်းမြို့နယ်က သူနာပြုဆရာမ ဒေါ်ခင်ခင်ကြွယ်ဟာ နိုင်ငံရေးလှုပ်ရှားသူ သုံးဦးနဲ့အတူ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။
 
အဲဒီလို မတရား အသတ်ခံရပြီးနောက်မှာတောင် ဒေါ်ခင်ခင်ကြွယ်ကို လူမှုရေးကိစ္စ ရှုပ်ထွေး တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးနဲ့ စစ်ကောင်စီဘက်က ဂုဏ်သိက္ခာကျအောင် လုပ်ခဲ့တယ်လို့ သေဆုံးသူရဲ့  မိတ်ဆွေတစ်ဦးဖြစ်တဲ့ ရို့စ်က ပြောပါတယ်။
 
“သေဆုံးသွားတဲ့ အမျိုးသမီးတွေ အားလုံးရဲ့ကိုယ်စား ကျွန်မတို့အပေါ်မှာ ပိုပြီးတော့ တာဝန်ကြီးတယ်လို့ ခံစားရတယ်။ သွေးကြွေးကို တစ်နေ့မှာ အကြမ်းဖက် စစ်တပ်ဆီက ပြန်ယူရမှာ ဖြစ်တယ်။ ဆရာမ ခင်ခင်ကြွယ်ရဲ့ ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် သေဆုံးပြီးတဲ့ နောက်ပိုင်းမှာတောင် ဂုဏ်သိက္ခာမရှိတဲ့ အမျိုးတစ်ယောက် ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး မီးမောင်းထိုးပြီး ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်တဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်”
 
အာဏာသိမ်းစကာလ ဆန္ဒပြပွဲတွေ စတင်ကတည်းက စစ်ကောင်စီတပ်ကြောင့် အမျိုးသမီးတွေ သေဆုံးရမှုဟာ ဒီနေ့ထိ ရပ်မသွားသလို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေကိုပါ ကြုံတွေ့နေရဆဲလို့လည်း  ရို့စ်က ပြောပါတယ်။

အမျိုးသမီးတွေကို အကြောက်တရား ရိုက်သွင်းပြီး ဖိနှိပ်နေပေမယ့်လည်း ဒါကိုလက်မခံဘဲ ဆက်လက် တိုက်ပွဲဝင်သွားမယ်

လက်နက်ကိုင် တော်လှန်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှု အများဆုံးရှိတဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် ကျေးလက်နေ အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့  ပစ်မှတ်ထား အဓမ္မကျင့် သတ်ဖြတ်တာကို ခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီးမြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
 
“မြေပြင်မှာ အများဆုံးက စစ်ကြောင်းထိုးလို့ ဝင်ရောက်ပြီး အသတ်ခံရတဲ့ အမျိုးသမီး များတယ်။ အမျိုးသမီးတွေဆိုရင် စစ်တပ်က လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ သားကောင်တစ်ခုလိုပဲ မြင်တယ်။ အမျိုးသမီး မြင်တိုင်းကို သူတို့ အလွတ်မပေးဘူး။ တစ်အုပ်စုလုံးတောင် အဓမ္မပြုကျင့်တာတွေအထိ ကြားသိရတယ်”
 
အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတွေကို အကြောက်တရား ရိုက်သွင်းပြီး ဖိနှိပ်နေပေမယ့်လည်း ဒါကိုလက်မခံဘဲ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ တနင်္သာရီတိုင်းမှာ သပိတ်လှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ နှင်းဆီရောင် အမျိုးသမီးသမဂ္ဂရဲ့  အဖွဲ့ဝင် ရဲဘော် ခရုက ပြောပါတယ်။
 
“စစ်အာဏာရှင်ကို တော်လှန်တဲ့အခါမှာ အမျိုးသမီးတွေက ထဲထဲဝင်ဝင်ပါတဲ့ အနေအထားကို သူတို့က (စစ်ကောင်စီ) လုံးဝ သဘောမကျတဲ့ အနေအထား ဖြစ်တယ်။ ဖိုဝါဒကြီးစိုးမှုကို စစ်အာဏာရှင် ခေတ်အဆက်ဆက်က လက်ကိုင် ကျင့်သုံးခဲ့တယ်။ အကောင်အထည်လည်း ဖော်တယ်။ အဲဒီပုံစံခွက်ထဲမှာ ရှိနေခဲ့ကြတယ်။ ညီမတို့ အမျိုးသမီးတွေက ဒါကို လက်မခံဘူး။ ဒါကြောင့်လည်း တိုက်ပွဲဝင်နေတာပဲ ဖြစ်တယ်”
 
ထားဝယ်မြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးသမီးလှုပ်ရှားမှု သပိတ်စစ်ကြောင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ကတွေ့ရစဉ်။ (Photo: Rosy Women's Union - Dawei)
ထားဝယ်မြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးသမီးလှုပ်ရှားမှု သပိတ်စစ်ကြောင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ကတွေ့ရစဉ်။ (Photo: Rosy Women's Union - Dawei)
အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေးမှာ အထောက်အကူ ဖြစ်စေဖို့အတွက် အမျိုးသမီးတွေအပေါ်  တစ်နေ့တခြား ပိုပြီး ရက်စက်ကြမ်းကြုတ်စွာ ဦးတည်တိုက်ခိုက် လာမှုတွေကို စနစ်တကျ မှတ်တမ်းပြုစုနေတာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့တွေနဲ့လည်း ချိတ်ဆက် လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) ရဲ့  တွဲဖက် အထွေထွေ အတွင်းရေးမှူး မဝေဝေက RFA ကို ပြောပါတယ်။
 
“အုပ်စုလိုက် မုဒိမ်းကျင့်တာ။ သေနတ်နဲ့ ခြိမ်းခြောက်ပြီး မုဒိမ်းကျင့်ပြီးတော့မှ သတ်ဖြတ် တာတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှု ကြိုးပမ်းစဉ်နောက်ပိုင်းမှာ ပိုပိုပြီးတော့ များပြားလာတယ်။ သူတို့ရဲ့  လုပ်ရပ်တွေဟာ ပိုပြီးတော့ ရက်စက် ကြမ်းကြုတ်လာ တာကို တွေ့ရတယ်။  အဲဒါတွေကို နိုင်ငံတကာကို စည်းရုံးလှုံ့ဆော်တဲ့ နေရာတွေမှာ အသုံးပြုတာရှိသလို တစ်ချိန်ချိန်မှာ Transitional Justice ကို အကောင်အထည် ဖော်တဲ့အချိန်မှာ အထောက်အကူဖြစ်အောင် အချက်အလက်တွေကို စုဆောင်း သိမ်းဆည်းထားတာ ဖြစ်ပါတယ်”
 
ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်တဲ့ သေဆုံး၊ ဖမ်းဆီးခံရသူ အမျိုးသမီး စာရင်းဟာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့  ထုတ်ပြန်ချက်တွေနဲ့ သတင်းမီဒီယာ တွေက ရရှိတဲ့ အချက်အလက်တွေကို အခြေခံ ပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက် ပိုများနိုင်တယ်လို့ BWU အဖွဲ့က ဆိုပါတယ်။
 
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက် သိနိုင်ဖို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။ 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။