အကြမ်းဖက်သူတွေ အပြစ်လွတ်နေတာ တားဆီးဖို့ AI တိုက်တွန်း
2021.10.07
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ အကြမ်းဖက်သူတွေ အပြစ်လွတ်နေတဲ့အခြေအနေကို အဆုံးသတ် ဖို့ အရေးပေါ်လိုအပ်နေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က အိတ်ဖွင့်ပေးစာတစောင် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရေး အတွက်၊ နိုင်ငံပေါင်း ၁၆၁ နိုင်ငံက ပြည်သူ ၇ သောင်းကျော်က၊ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြ တာပါ။ အထူးသဖြင့် အစိုးရတွေကို တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။
အဲဒီထဲမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဆိုင်းရေးအတွက်၊ သံတမန်ရေးဖိအား တွေ တိုးမြှင့်ဖို့၊ ကျူးလွန်သူတွေကို အရေးယူဖို့၊ အကြမ်းဖက်မှုတွေအတွက် မြန်မာစစ်တပ် သုံးစွဲနေတဲ့ လက်နက်အားလုံးနဲ့ တခြားအရင်းအမြစ်တွေ အားလုံး ရရှိသုံးစွဲနေတာတွေကို ရပ်တန့်ပစ်ဖို့၊ အာဆီယံရဲ့အချက်ငါးချက်ပါ သဘောတူညီချက်ကို ပြတ်သားရှင်းလင်းတဲ့ အချိန်ဇယားနဲ့အတူ အကောင်အထည်ဖော်ဖို့၊ ထင်သလို ဖမ်းဆီးထိန်းသိမ်းခံနေရသူ အားလုံးကို ပြန်လွှတ်ဖို့နဲ့ ကုလသမဂ္ဂရဲ့ဆောင်ရွက်ချက်တွေကို ထောက်ခံကူညီဖို့၊ လူသားချင်း စာနာကူညီမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ ဒေသတွင်းနဲ့ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းတွေမှာ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ရှစ်လကျော် ကြာခဲ့ပါပြီ။ အဲဒီကာလအတွင်း ပြည်သူ ၁၁၀၀ ကျော် အသတ်ခံခဲ့ရပြီး၊ မရေတွက်နိုင်တဲ့ ဆန္ဒပြသူတွေ၊ ဝန်းရံအားပေးသူတွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ အခုထိ လူ ၇၀၀၀ ကျော် ထိန်းသိမ်းခံနေရဆဲပါ။ ဒါ့အပြင် သတင်းမီဒီယာသမားတွေ၊ အင်တာနက် ဝက်ဆိုက် စာမျက်နှာတွေ၊ ဂြိုလ်တုစလောင်းတွေ ဆက်လက် တိုက်ခိုက် ပိတ်ပင်ခံနေရဆဲ ဖြစ်ပါတယ်။ ပြည်သူတွေအပေါ် လက်နက်နဲ့ အကြမ်းဖက်မှုတွေ မြင့်မားလာတာနဲ့အမျှ၊ ဒဏ်ရာရ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ သေဆုံးရသူတွေ များပြားလာနေပြီး၊ ဒေသခံ နှစ်သိန်း လေးသောင်းနီးပါး အိုးအိမ်စွန့်ခွာခဲ့ကြရပါတယ်။
ကမ္ဘာ့ကိုဗစ်ကပ်ရောဂါအတွင်း မြန်မာ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်လည်း ပြိုကွဲသွားခဲ့ရတဲ့ အပြင်၊ ကျန်းမာရေးဝန်ထမ်းတွေလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာ ခံခဲ့ကြရတာပါ။ နိုင်ငံ့ စီးပွားရေး ဆက်လက်ပြိုကျ နေ ပြီး၊ အမျိုးသမီးတွေအပါအဝင် ပြည်သူ သန်းနဲ့ချီ အလုပ်အကိုင်တွေ ဆုံးရှုံးသွားခဲ့ကြပါတယ်။ လာမယ့်လတွေအတွင်း အငတ်ဘေးနဲ့ရင်ဆိုင်ကြရဖွယ်ရှိကြောင်းလည်း AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သတိပေးပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ကလည်း စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာခဲ့တဲ့ ရာဇဝတ်မှုတွေဟာ စနစ်တကျနဲ့ ကျယ်ပြန့်တဲ့ သဘောကို ဆောင်နေတယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ မြန်မာမှာ ၂၀၁၁ ခုနှစ်ကတည်းကပေါ်ပေါက်ခဲ့တဲ့ အကြီးမားဆုံး နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို ထိန်းသိမ်းစိစစ်ဖို့ ဖြစ်ပါတယ်။
မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကတော့ မြန်မာမှာ စစ်တပ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေဟာ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း ပြောဆိုသလို၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးကလည်း၊ ဩဇာကြီးတဲ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ရပ်တန်းက ရပ်အောင် ဖိအားပေးဖို့ လိုကြောင်းလည်း တိုက်တွန်းလိုက်ပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံမှာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းပေါင်း အနည်းဆုံး ၁၀၆ ခု ၊ အနီးကပ် ဆက်စပ် မှုရှိ တဲ့ စီးပွားရေး လုပ်ငန်းပေါင်း ( ၂၇) ခု ရှိကြောင်း UN Fact Finding Mission ကုလသမဂ္ဂ အချက်အလက် စုံစမ်းဖော်ထုတ်ရေးအဖွဲ့က ဖော်ပြပါတယ်။ ဆောက်လုပ်ရေး၊ ကျောက်မျက်ရတနာ ထုတ်ယူရေး၊ သစ်ထုတ်လုပ်ရေး စတဲ့ နိုင်ငံ့သယံဇာတတွေ ထုတ်ယူရောင်းချတာ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း စတာတွေမှာလည်း စစ်တပ်ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။
အကျိုးအမြတ် အလွန်များတဲ့ ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်းတွေမှာလည်း ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ ဆက်နွယ် ပတ်သက်နေတဲ့ ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်ထားပြီး၊ ရရှိတဲ့ အကျိုးအမြတ် စာရင်းစစ်ရလဒ်တွေ ကို အများ ပြည်သူ မသိရှိရဘဲ အမြတ်ငွေတွေ ဘယ်ကိုသွားသလဲ...။ ပြည်တွင်းဘဏ်ကနေ တဆင့် နိုင်ငံခြားဘဏ်တွေဆီကိုကော ငွေစီးဆင်းမှု ရှိ နေသလားဆိုတာ ရှင်းလင်းမြင်သာ ဖော်ပြလေ့မရှိဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။