ဗန်းမော်နဲ့ မိုးမောက်မှာ နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဆယ်ဦး သေဆုံး

ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ထဲက တိုက်ပွဲမရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့တာကြောင့် လူ ဆယ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မိုးမောက်မြို့နယ် နှင်းအီ၊ ဝက်ငင်း၊ အောင်မြင်သာရွာ၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဗန်းမော်မြို့နယ် မြစေတီရွာတွေ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
"သူအုပ်ချုပ်လို့မရတဲ့ ဆုံးရှုံးတဲ့နေရာတွေမှာ နည်းမျိုးစုံနဲ့ နှောင့်ယှက်မယ်၊ ဟန့်တားမယ်၊ ဖျက်ဆီးမယ်ဆိုတဲ့ဟာမျိုး လုပ်နေတယ်လို့ မြင်ပါတယ်”
မိုးမောက်မြို့နယ် ဝက်ငင်းရွာမှာ အသက်ဆယ်နှစ်အောက် ကလေးသုံးဦး အပါအဝင် မိသားစုဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး ဗန်းမော်မြို့မှာလည်း သုံးဦး သေဆုံးခဲ့တယ်လို့ မိုးမောက်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဝက်ငင်းကျေးရွာမှာရော၊ နှင်းဆီကျေးရွာမှာရော ၁၉ ရက်နေ့ မနက်အစောပိုင်းက လေယာဉ်နဲ့ လာကြဲသွားတယ်ပေါ့နော်၊ အဲမှာ ဝက်ငင်းကျေးရွာက မိသားစုတစ်ခုလုံး အသက်ဆုံးရှုံးရတယ်ပေါ့နော်။ ဗန်းမော်တစ်ဖက်ကမ်း မြစေတီကျေးရွာမှာလည်း ၁၈ ရက်နေ့က လေယာဉ်နဲ့ လာကြဲသွားလို့ ပြည်သူ သုံးဦး အသက်ဆုံးရှုံးတယ်။ ဒီနှစ်ရက်အတွင်းမှာ ဆယ်ဦး လောက်ရှိသွားမယ်။ အဲနေရာတွေကလည်း တကယ်တော့ တိုက်ပွဲဖြစ်တဲ့နေရာတွေ မဟုတ်ဘူး”
မိုမောက်မြို့နယ်မှာ သေဆုံးသွားသူတွေက အသက် ၅၆ နှစ်အရွယ်တွေဖြစ်တဲ့ ဦးမောင်ဦးနဲ့ ဇနီး ဒေါ်အိုက်ဆော၊ သားဖြစ်သူ ၂၅ နှစ်အရွယ် ကိုဆိုင်းလျဲန်၊ ချွေးမဖြစ်သူ ၂၂ နှစ်အရွယ် မချယ်ရီထွေး၊ သုံးနှစ်အရွယ် မကာလိယ၊ ဆယ်နှစ်အရွယ် မယွန်းမီမီဆားနဲ့ ကိုးနှစ်အရွယ် မောင်အောင်လင်းထက်တို့ဖြစ်ပြီး ဗန်းမော်မြို့နယ် မြစေတီရွာမှာတော့ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား နှစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု တစ်ရက်အတွင်း လူ ၁၂ ဦး သေဆုံး
ဗန်းမော်က စစ်ကောင်စီ လက်ကျန်တပ်ရင်းတွေကို KIA ပိတ်ဆို့ တိုက်ခိုက်နေ
ဗန်းမော်လေဆိပ်ကို KIA ထိန်းချုပ်
စစ်ဘေးဒုက္ခသည်တွေနေတဲ့နေရာကို လေယာဉ်နဲ့လာပစ်ခတ်တာ ပိုများလာတာကြောင့် စိုးရိမ်နေရတယ်လို့ ဗန်းမော်ကနေ ဧရာဝတီမြစ်အနောက်ဘက်ထွက်ပြေးနေတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။
“စိုးရိမ်စိတ်က ဘာမှန်းတောင် မသိတော့ဘူး။ စစ်ပြေးကလည်း ဖြစ်နေတယ်။ စားရေးသောက်ရေးကလည်းခက် ပြီးတော့ ဒီလေယာဉ်ဗုံးက လိုက်ကြဲတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ ပြောစရာစကားက ဘာပြောရမှန်းတောင် မသိတော့တဲ့ အခြေအနေဖြစ်ပါတယ်။ ညဆိုလည်း ညသန်းခေါင်အချိန်အခါမှာမှ လာလာကြဲတဲ့အခါမှာတော့ ညလည်း အိပ်လို့မရ၊ နေ့ဆိုလည်း သွားလာရစားဖို့အတွက် ပြန်ကြိုးစားကြတဲ့အခါကျတော့ အများကြီး အခက်အခဲဖြစ်ပါတယ်”
ဖေဖော်ရီလ ၁၄ ရက်နေ့ကလည်း ဗန်းမော်မြို့နယ် စင်းခန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA ရဲ့ စာရင်းအရ အခုနှစ်ဆန်းပိုင်းစပြီး ဒီနေ့အထိ ဖားကန့်၊ မိုးမောက်၊ ဗန်းမော်၊ ဝိုင်းမော်နဲ့ တနိုင်းမြို့နယ်မှာ လေကြောင်းက ဆယ်ကြိမ်လောက်တိုက်ခိုက်ခဲ့ပြီး ဒေသခံ ၄၃ ဦး သေဆုံးခဲ့ပါတယ်။
ဒီလ ၂၀ မနက်ပိုင်းမှာ ဗန်းမော်မြို့က စစ်ကောင်စီရဲ့ ခလရ (၂၃၆) တပ်ကို သိမ်းယူထားပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ဒီနေ့ ၈ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပါပြီ။ တိုက်ပွဲကတော့ ဆက်ဖြစ်မှာပါ။ သိမ်းတော့ သိမ်းလိုက်ပါပြီ၊ ဒါပေမဲ့ အများကြီးကျန်သေးတယ် အဓိကကျတဲ့ စကခ (၂၁) လည်း ကျန်နေသေးတယ်။ မိုးမောက်မြို့နယ်ဘက်မှာလည်း လေယာဉ်နဲ့ဗုံးကြဲပြီး ပြည်သူလူထုတွေ သေဆုံးတာတွေရှိပါတယ်”
ခလရ (၂၃၆) တပ်ဟာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ရဲ့ လုံခြုံရေးအတွက် အရေးကြီးတဲ့ တပ်စခန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဗန်းမော်မြို့က ခလရ (၂၃၆) အပြင် အမှတ် (၃၆၆) အမြောက်တပ်၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း၊ (၅၀၁၄) တင့်ကားတပ်ရင်းနဲ့ ဗန်းမော်လေယာဉ်ကွင်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူထားပါတယ်။
နောက်ထပ် စကစ (၂၁)၊ ခလရ (၄၇)၊ အမှတ် (၉၁၄) စစ်အင်ဂျင်နီယာတပ်၊ အမှတ် (၉၄၄) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်၊ အမှတ် (၉၃၃) ထောက်ပံ့ပို့ဆောင်ရေးတပ်နဲ့ စစ်လက်နက် ပစ္စည်းတပ်ခွဲ (စစန-၆၄၁) တို့ ကျန်နေတယ်လို့ ဆိုပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီးဇင်ယော်က ဗန်းမော်တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်နေပြီး စကခ (၂၁) ကို ဝင်တိုက်နေတဲ့ အခြေအနေဖြစ်ပြီလို့ RFA ကို ပြောပါတယ်။
“ဗန်းမော်က ဒီနေ့ အပြင်းထန်ဆုံးလို့တောင် ပြောရမယ်။ KIA နဲ့ ပူးပေါင်းတပ်တွေကလည်း အင်အားတော်တော်များလာတဲ့ အနေအထားတွေ့ရတယ်။ ခလရ (၂၃၆) ကိုလည်း သိမ်းလိုက်နိုင်ပြီ။ အခုအချိန်မှာ ဗန်းမော်ထောင်ဘက်ကိုလည်း တိုက်နေတာရှိတယ်။ စကခ (၂၁) ဘက်လည်း တိုက်နေပြီပေါ့နော်။ ဗန်းမော်ရဲ့ ခံစစ်အားက လေကြောင်းနဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုလောက်နဲ့ပဲ ထိန်းထားနိုင်တဲ့အနေအထား စစ်ကူဆိုလည်း လုံးဝမလာနိုင်တဲ့ အနေအထားဖြစ်သွားပြီလေ အဲတော့ သူတို့က ခံစစ်အသေဖြစ်သွားပြီ”
KIA နဲ့ နီးစပ်သူ တစ်ဦးကလည်း ဒီနေ့မနက်ကစပြီး စကခ (၂၁) အတွင်း စည်းအထိဝင်ပစ်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ပြန်လည်ပစ်ခတ်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဆုံးရှုံးသွားတဲ့ နယ်မြေများလာတာကြောင့် လေကြောင်းနဲ့ ဖိအားပေးတာတွေ ပိုများလာတာလို့ ကချင်လူအခွင့်အရေး လုပ်ရှားသူတစ်ဦးက RFA ကို ပြောပါတယ်။
“အာဏာတည်မြဲဖို့အတွက် စစ်ခေါင်းဆောင်က ဘာမဆိုလုပ်မဲ့ အဖွဲ့အစည်းဟုတ်တယ်။ အဲဒါကြောင့်မို့ အရပ်သားအဖွဲ့အစည်း ပြည်သူလူထုဆိုတာ သူ့အနေနဲ့ သိပ်ပြီးကြည့်တဲ့အနေအထား မဟုတ်ဘူးလို့ မြင်ပါတယ်။ ဆိုလိုတာကတော့ သူအုပ်ချုပ်လို့မရတဲ့ ဆုံးရှုံးတဲ့နေရာတွေမှာ နည်းမျိုးစုံနဲ့ နှောင့်ယှက်မယ်၊ ဟန့်တားမယ်၊ ဖျက်ဆီးမယ်ဆိုတဲ့ဟာမျိုး လုပ်နေတယ်လို့ မြင်ပါတယ်”
လေကြောင်းတိုက်ခိုက်မှုအပေါ် တုံ့ပြန်မှုရဖို့ ကချင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း မိုးမောက်မြို့နယ် ကုန်းလောရွာက ခရစ်ယာန်ဘုရားကျောင်း အထဲမှာရှိတဲ့ ဒုက္ခသည်စခန်းကို လေကြောင်းနဲ့ ပစ်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ကိုးဦး သေဆုံးပြီး ဆယ်ဦး ကျော် ဒဏ်ရာရခဲ့ပါတယ်။
RFA ရဲ့ စာရင်းအရ ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁၇၂ ဦး သေဆုံးခဲ့ပါတယ်။
(မှတ်ချက် - ဤသတင်းတွင် စစ်ဘေးဒုက္ခသည်တစ်ဦး၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၊ CDM ဗိုလ်ကြီးဇင်ယော်၊ ကချင်လူ့အခွင့်အရေးလုပ်ရှားသူ တို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)