DKBA ထိပ်တန်းခေါင်းဆောင်နေအိမ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းရွာမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ကို ဇန်နဝါရီ ၂၁ ရက် မနက် ၁ နာရီမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီး စောအေဝမ်း နေအိမ်အပါအဝင် ဧည့်ရိပ်သာ၊ အလုပ်သမားတန်းလျား နှစ်ဆောင်နဲ့ ကလိုထူးဖောအထက်တန်းကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး DKBA တပ်သား တစ်ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရစဉ်က ဗိုလ်မှူးကြီး စောအေဝမ်းနဲ့ မိသားစုဝင်တွေဟာ နေအိမ်မှာမရှိတာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ တိုက်ရိုက်ပြောနိုင်ဖို့ ပြင်ဆင် ထားတယ်လို့ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက RFA ကို ပြောပါတယ်။
"တစ်ဖက်သတ် ဖောက်ဖျက်တယ်လို့လည်း မပြောချင်ဘူး။ ဒါမျိုးက ယုံကြည်မှု တည်ဆောက်ရတယ်။ သတင်းအမှားပေးတဲ့ အခင်းအကျင်းမျိုးမှာ တစ်ခုခုက စုဖွဲ့မိလို့ သူတို့ဘက်က လုပ်တာလည်းဖြစ်မယ်။ လောလောဆယ်က ကျနော်တို့က ဘယ်သူ့ အပြစ်ပါလို့ မစွပ်စွဲချင်ဘူး။ အဓိကကတော့ ကျနော်တို့ စစ်ကောင်စီလူကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှပဲ သူတို့ဘာပြောမလဲဆိုတာကို နားထောင်မယ်"
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို DKBA စစ်ဦးစီးချုပ် စောစတီး ကိုယ်တိုင် တက်ရောက်ခဲ့ပြီး စစ်တပ်နဲ့ လက်တွဲဆောင်ရွက်မယ့် အခြေအနေတွေအပြင် ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို လည်း ဆွေးနွေးခဲ့ကြတာပါ။
အခုတိုက်ခိုက်မှုဟာ စစ်ကောင်စီနဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့အကြား ငြိမ်းချမ်းရေး တစ်ဖက်သတ် ချိုးဖောက်မှုဖြစ်တယ်လို့လည်း လေ့လာသူတွေက ထောက်ပြကြပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုဟာ ၁၅ မိနစ်နီးပါး ကြာမြင့်ခဲ့ပြီး ပေါင်တစ်ထောင်ပြင်းအားရှိတဲ့ ဗုံးသီးတွေအပြင် တိုက်လေယာဉ်ပေါ်ကနေ ပွိုင့်ဖိုက် စက်လက်နက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုသူ DKBA နဲ့ နီးစပ်တဲ့ မျက်မြင် ကြုံခဲ့ရသူတစ်ဦးက RFA ကို ပြောပါတယ်။
"မြင်ရတာ မီးအလောင်းရောင်လောက်ပဲ မြင်ရတာ၊ လေယာဉ်ကို မမြင်ရဘူး။ လေယာဉ်အသံတောင် မကြားရဘူး။ ဗုံးသီးစတွေ့တာက နှစ်လုံး၊ ကျင်းတွေက သုံးခုလောက် တွေ့တယ်။ အဆောက်အဦအနေနဲ့ဆိုရင် သူ့ရဲ့ အိမ်ဘေး ပေတစ်ရာ အကွာလောက်မှာရှိတဲ့ ဧည့်ရိပ်သာနှစ်ဆောင် ပြိုကျ ပျက်စီးသွားတယ်။ အိမ်ကို တိုက်ရိုက် ဗုံးထိတာတော့ မဟုတ်ဘူး။ အစမှန်တာတောင် လှေကား လက်တန်းတွေ ထက်ပိုင်းပြတ်သွားတယ်။ အိမ်ထဲက ပရိဘောဂပစ္စည်းတွေ အကုန်ရစရာမရှိအောင် ပျက်စီးတယ်။ အလုပ်သမား တန်းလျားကတော့ လုံးဝမီးလောင်သွားတယ်။ လူထိခိုက် မိတာက ရဲဘော်တစ်ဦး ထိခိုက်တယ်၊ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး"
အဲဒီတိုက်ခိုက်ရေး လေယာဉ်တွေဟာ နေပြည်တော်နဲ့ ပုသိမ်က ထွက်ခွာလာတဲ့ တရုတ်ထုတ် Su-30 အမျိုးအစားဖြစ်တယ်လို့ သူက ပြောပါတယ်။
"အိမ်ကို တိုက်ရိုက် ဗုံးထိတာတော့မဟုတ်ဘူး။ အစမှန်တာတောင် လှေကားလက်တန်းတွေ ထက်ပိုင်းပြတ်သွားတယ်။ အိမ်ထဲက ပရိဘောဂပစ္စည်းတွေအကုန် ရစရာမရှိအောင်ပျက်စီးတယ်"
ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံ ဆင်ဖြူစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောစလုံးကတော့ DKBA ဟာ စစ်ဆင်ရေးအချို့မှာ ပါဝင်နေတဲ့အတွက် စစ်ကောင်စီက အခုလိုတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
"ဒီစစ်ဆင်ရေး ကော့ကရိတ် ကြာအင်း စစ်ဆင်ရေးကိစ္စပေါ့နော်၊ သူတို့ရော ပါဝင်တယ်။ ဝိုင်းတိုက်တယ်ဆိုတော့ BGF ရော ထိခိုက်တာပါတယ်။ အဲဒါတော့ စကစ အာဏာရှင် ဘက်က မကျေနပ်တာ သူ့အိမ်ကို လေယာဉ်နဲ့ ဗုံးကြဲတာ ဖြစ်မယ်"
DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်းကတော့ DKBA အနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ကူညီတာမရှိဘဲ ကြားနေအဖြစ်သာ ရပ်တည်တယ်လို့ RFA ကို ပြောပါတယ်။ DKBA အပေါ် စစ်ကောင်စီက အထင်အမြင်မှားအောင် (DKBA) ခွဲထွက်အဖွဲ့တချို့က လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်ဌာချုပ်ရှိရာ နေရာတွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေရှိရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေတာပါ။
အခု NCA မှာ လက်မှတ်ရေးထိုးထားတဲ့ DKBA ထိပ်တန်းအရာရှိတစ်ဦးရဲ့ နေအိမ်ကိုပါ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုအတွက် စစ်ကောင်စီဘက်မှာ ရည်ရွယ်ချက်တစ်ခုခု ရှိပုံရတယ်လို့ ပြောပါတယ်။
"စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပြန်လည်တုံ့ပြန် ဝိုင်းဝန်းတိုက်ခိုက်နေတဲ့ ကာလမှာ သူတို့အနေနဲ့ စစ်ကောင်စီရဲ့နောက်ကို မလိုက်ချင်တဲ့ သဘောထားတွေ၊ စစ်ကောင်စီကို မနာခံချင်တဲ့ သဘောထားတွေ ပေါ်ပေါက်လာတာ ရှိနိုင်ပါတယ်။ အဲလိုရှိလာနိုင်တဲ့အတွက်လည်း ဗျူဟာမှူးကြီးရဲ့ အိမ်ကို ရည်ရွယ်ချက်ရှိစွာ စစ်တပ် ကနေ တိုက်ခိုက်ခဲ့တာ၊ သတ်ဖြတ်ဖို့ ကြိုးစားတာလို့ ကျနော် မြင်ပါတယ်။ စစ်တပ်ရဲ့ သဘောထားက ခင်ဗျားတို့ လက်နက်ကိုင်ချင်ရင် တပ်မတော်ရဲ့ အောက်မှာ၊ စစ်တပ်ရဲ့ အောက်မှာ ပြည်သူစစ်လုပ်။ နိုင်ငံရေး လုပ်ချင်တယ်ဆိုရင် လက်နက်ချ၊ နိုင်ငံရေး ပါတီအဖြစ် ထူထောင်လှုပ်ရှားလို့ရတယ်ဆိုတဲ့ သဘောထားနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို စစ်တပ်က ဒီနည်းနဲ့ ဖြေရှင်းတာပါ"
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဟာ အာဏာသိမ်းမှုကို မဆန့်ကျင်တဲ့ အဖွဲ့ဖြစ်သလို၊ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားတွေကို တိုက်ခိုက်ချိန်က လွဲလို့ တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်စဲမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာစစ်တပ်ဟာ NCA လက်မှတ်ရေးထိုးတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU-KNLA/PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU ) ၇ ဖွဲ့ အပြင် လက်မှတ်မရေးထိုးရသေးတဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) စတဲ့ ၁၀ ဖွဲ့နဲ့လည်း အပစ်အခတ်ရပ်စဲထားတာ ဖြစ်ပါတယ်။