ကလေးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး၊ ၃၀ နီးပါး ဒဏ်ရာရ
2025.04.30

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာခြောက်ရွာကို ဧပြီလ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးခုနစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ၂၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
နတ်ချောင်း၊ နတ်မြောင်း၊ ငါးဖား၊ သန်ပို၊ ချောင်းဂွနဲ့ အောင်ချမ်းသာ ရွာတွေကို Y-12 လေယာဉ် နဲ့ ဂျက်တိုက် လေယာဉ်တွေသုံးပြီး ဗုံးသီး ၄၇ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် နတ်ချောင်းရွာက အမျိုးသမီးနှစ်ဦး၊ ငါးဖားရွာက အမျိုးသမီးနှစ်ဦး၊ သန်ပိုရွာက အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး၊ အောင်ချမ်းသာရွာက အမျိုးသမီးတစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ပါတယ်။
ဒီအပြင် နတ်ချောင်းရွာက၂၀ ဦး၊ ငါးဖားရွာက သုံးဦး၊ သန်ပိုရွာက လေးဦးနဲ့ အောင်ချမ်းသာရွာက တစ်ဦး စုစုပေါင်း ၂၈ ဦးဒဏ်ရာရခဲ့တာပါ။
ကျန်တဲ့ ရွာသူရွာသားတွေလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူတွေ ဗုံးခိုကျင်းတွေရော၊ လေကြောင်းအကာအကွယ်တွေရော အားလုံးစီမံထားတာ ဖြစ်တဲ့အတွက်ဒီလောက် ထိခိုက်တာဟာ နည်းတယ်လို့တောင်ပြောရမယ်။ ဗုံးအရေအတွက် ချပုံနဲ့ ဒီထက်အများကြီး သေသွားနိုင်တယ်။ ဒီထက်အများကြီး ထိခိုက်ဒဏ်ရာတွေရနိုင်တယ်။ အခုလည်း ကျွန်တော်တို့ ပြည့်ပြည့်စုံစုံစာရင်းကောက်လို့ မရတာတွေရှိသေးတယ်။ ဘာလို့လဲဆိုရင် အဲ့ဒီရွာတွေကဗျာ လေကြောင်း ဘေးလွတ်ရာတွေ ရှောင်တိမ်းပြေးလွှားနေရတာတွေ ရှိသေးတယ်”
ထိခိုက်သေဆုံးသူတွေဟာ အရပ်သားတွေချည်းဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အသက်လုပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားက တစ်သောင်းနီးပါးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့် ခေါ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်တော် (MNDAA)နဲ့ အပစ်ရပ်သဘောတူညီချက်ယူပြီးနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေထိန်းချုပ်တဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုပြီးလုပ်ဆောင်လာတာပါ။
တစ်ဖက်မှာ အပစ်ရပ်ပြီး ကျန်တစ်ဖက်ကို တိုက်ခိုက်မှုတွေတိုးမြှင့်တာက စစ်ကောင်စီရဲ့ ဗျူဟာတစ်ခုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က ထောက်ပြပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား သဘောတူညီချက်ယူတာက တော်လှန်ရေးအတွက် အန္တရာယ်ကြီးတယ်လို့လည်း သူက ပြောပါတယ်။
“ဒါကတော့ စစ်တပ်ရဲ့ဗျူဟာပဲ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျွန်တော်တို့ မစုစည်းထားနိုင်ဘဲနဲ့ ဖိအားအမျိုးမျိုးကြောင့် စစ်တပ်ဘက်ကို ပါသွားတာ၊ စစ်တပ်နဲ့ တစ်စုံတစ်ရာ သဘောတူညီမှုတွေ ရရသွားတယ်ဆိုရင် ဒါ ကျွန်တော်တို့ အတွက် အန္တရာယ်ကြီးတယ်၊ တော်လှန်ရေးအတွက် အန္တရာယ်ကြီးတဲ့အနေအထားပေါ့။ ဒီအခြေအနေကို အားလုံးနားလည်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က စုစည်းညီညွတ်မှုတစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်”
ငလျင်လှုပ်ခတ်တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၂၅ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လေ့လာပြုစုထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ စာရင်းတွေအရ တစ်လနီးပါးအတွင်း နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၂၂၅ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ဆက်နွှယ်သော သတင်းများ
ငလျင်ကာလ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ၂၄၀ ကျော်သေဆုံးကြောင်း NUG ထုတ်ပြန်
လားရှိုးမြို့ကနေ MNDAA ဆုတ်ခွာပြီးနောက် စစ်ကောင်စီတပ် ဝင်ရောက် နေရာယူ
အပစ်ရပ်ကာ ဗုံးကြဲမှုနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၆၀ ကျော်သေဆုံး
လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့တာပါ။ စစ်ကိုင်းတိုင်းမှာ ၅၂ ကြိမ်နဲ့ မန္တလေးတိုင်းမှာ ၄၈ ကြိမ်ရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကလေး ၂၉ ဦးအပါအဝင် ၂၄၂ ဦးသေဆုံးပြီး၊ ၃၉၁ ဦးဒဏ်ရာရခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ ၈၀ ဦးသေဆုံးပြီး ၁၂၁ ဦးဒဏ်ရာရခဲ့သလို မန္တလေးတိုင်းမှာတော့ ၅၇ ဦးသေဆုံးပြီး ၉၇ ဦးဒဏ်ရာရခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစာရင်းအရ စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝန်း ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးကို စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ ပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကလည်း ဒီဒေသနှစ်ခုအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။