လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံရေး အကျဉ်းသား ပါဝင်မှုနည်းလို့ ဝေဖန်ခံနေရ

ဝေမာထွန်း
2020.04.18

သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ နှစ်ဆန်း တစ်ရက်နေ့က ပြန်လွှတ်ပေးလိုက်သူ ၂၄၀၀၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသား ၁၈ ဦးသာ ပါဝင်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အစီအစဉ်ဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုကြပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ လွတ်မြောက်ခွင့်ရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် နည်းတဲ့အပြင် ဘယ်လိုသတ်မှတ်ချက်တွေနဲ့ အကျဉ်းသားတွေကို ပြန်လွှတ် ပေးတယ်ဆိုတာကို အစိုးရက တိတိကျကျ မထုတ်ပြန်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှုနည်းတဲ့အတွက် မနေ့က လွတ်ငြိမ်းသက်သာခွင့်ကို အားမရဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်မှုကတော့ အလွန်နည်းပါးတဲ့ အရေအတွက်နဲ့ကို လွတ်တာ ဖြစ်တယ်။ အင်မတန်မှ ကြီးမားတဲ့ လူသတ်မှု၊ မုဒိမ်းမှုတွေတောင် သေဒဏ်ကနေ ထောင်တစ်သက် လွတ်ရက်မရှိ ပြောင်းလဲပေးနိုင်တဲ့အချိန်မှာ ကိုနေမျိုးဇင်တို့လိုလူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကျ မလွှတ်ဘူး။ အဲ့တော့ ဒီအမိန့်ကို ဖတ်ရတာ အားမရဘူး။”

၂၀၂၀ ပြည့်နှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မနေ့က သမ္မတက အကျဉ်းသား ၂၄၈၉၆ ဦးကို ပြန်လွှတ်ပေးခဲ့တာပါ။

အဲဒီထဲမှာ စစ်တွေ၊ ကျောက်ဖြူ၊ မန္တလေး၊ ရွှေဘို၊ မုံရွာ၊ ခန္တီး ထောင်တွေကနေ နိုင်ကျဉ်း ၁၈ ယောက် ပြန်လွတ်လာပါတယ်။

မနေ့က ပြန်လွတ်လာတဲ့  နိုင်ငံရေး အကျဉ်းသား ၁၈ ဦးလုံးဟာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ကျခံခဲ့ရသူတွေ ဖြစ်ပါတယ်။

လွတ်လာတဲ့ နိုင်ကျဉ်း ၁၈ ဦးမှာ ၁၁ ဦးက နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ ဖြစ်ပြီး ကျန် ခုနှစ်ဦးကတော့ ရခိုင်က အရပ်သားတွေ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်ခဲ့တယ်ဆိုပြီး တရားစွဲ ထောင်ချခံခဲ့ရသူတွေ ဖြစ်ပါတယ်။

သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်ရာမှာ သေဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ် တစ်သက်ကျခံဖို့၊ ထောင်ဒဏ် တစ်သက်ကျခံနေရသူတွေ၊ နှစ်အကန့်အသတ်မရှိ ကျခံနေရသူတွေနဲ့ နှစ် ၄၀ အထက် ကျခံနေရသူကို နှစ် ၄၀ သတ်မှတ်ဖို့၊ ထောင်ဒဏ် နှစ် ၄၀ နဲ့ အောက် ကျခံနေရသူတွေကို ထောင်ဒဏ်ရဲ့ လေးပုံ တစ်ပုံကို လျော့ပေါ့ ခံစားစေမယ်လို့ ပါရှိပါတယ်။

အစိုးရက ဘယ်လိုသတ်မှတ်ချက်တွေနဲ့ လွှတ်ပေးတယ်ဆိုတာ တိတိကျကျ ရှင်းပြဖို့လိုတယ်လို့  နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

“တိတိကျကျ ရှင်းရှင်းလင်းလင်း လူတွေကို အသိပေးသင့်တယ်။ ဘယ်လိုလူမျိုးတွေကို လွှတ်ပေးတယ်ဆိုတာ ကိုလည်း တိတိကျကျ ရှင်းပြသင့်တယ်။ လေးပုံ တစ်ပုံဆိုတဲ့ အခါကျတော့ တချို့လူတွေကလည်း လေးပုံ တစ်ပုံ မပြည့်ဘဲ လွတ်လာတဲ့သူတွေလည်း ရှိနေတယ်။ နိုင်ငံရေး အကျဉ်းသားတွေက လူ့အဖွဲ့အစည်း အတွက်ကို တစ်စုံတစ်ရာကို တကယ်ကို လုပ်ပေးချင်စိတ်ရှိတဲ့သူတွေ ဖြစ်ပါတယ်။ ဥပမာ ကေခိုင်ထွန်းဆို သူက သူနာပြုသင်တန်းဆင်း။ သူသာ အပြင်မှာရှိမယ်ဆိုရင် ကိုဗစ် တိုက်ဖျက်ရေးမှာ တစ်တပ်တအား ပါဝင်မယ့်သူဖြစ်တယ်။ အဲ့လိုပဲ တခြားလူငယ်လေးတွေကလည်း ပရဟိတ အဖြစ်နဲ့ ကြိုးစားပမ်းစား အသက်စွန့်ပြီး လုပ်ပေးမယ့် သူတွေဖြစ်တယ်။ ဒီလိုလူတွေကို ထောင်ထဲထည့်ထားတာ နိုင်ငံတော်အတွက် လုပ်အားဆုံးရှုံးတယ်။”

AAPP က ကောက်ယူထားတဲ့ စာရင်းတွေကို အခြေခံပြီး တွက်ကြည့်မယ်ဆိုရင် အခုပြန်လွတ်လာတဲ့ နိုင်ကျဉ်း ၁၈ ဦးထဲမှာ ထောင်ဒဏ် လေးပုံတစ်ပုံကို လျော့ပေါ့ ခံစားစေတာကြောင့် လွတ်မြောက်လာသူ ငါးဦးခန့် ပါဝင်နေပါတယ်။

ကျန်သူတွေကတော့ ဒီသတ်မှတ်ချက်အရဆိုရင် လွတ်ရက်စေ့ဖို့ ကျန်နေသေးပေမယ့် ပြန်လွတ်လာတာပါ။

ကျန် အထွေထွေအကျဉ်းသားတွေထဲမှာလည်း လျော့ပေါ့ခံစားခွင့်ကြောင့် မဟုတ်ဘဲ လွတ်လာသူတွေ ရှိတာကြောင့် ဘယ်လိုသတ်မှတ်ချက်နဲ့ ပြန်လွှတ်ပေးသလဲဆိုတာကို မေးခွန်း ထုတ်နေကြတာပါ။

သမ္မတရုံးရဲ့ အမိန့်ညွှန်ကြားချက်အတိုင်း လွှတ်ပေးတာဖြစ်ပြီး အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား မရှိဘဲ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေ ချိုးဖောက်လို့ အကျဉ်းထောင်တွေထဲ ရောက်လာသူတွေသာ ရှိတယ်လို့ အကျဉ်းဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွန်ကြားရေးမှူး ဦးရဲရင့်နိုင် ကပြောပါတယ်။

“နိုင်ငံတော် သမ္မတရဲ့ အမိန့်ညွှန်ကြားချက်အတိုင်းပဲ။ လေးပုံတစ်ပုံဆိုတာ နှစ်လေးဆယ် ကျတဲ့သူတွေက ဆယ်နှစ် ရမှာပေါ့။ ဒါပေမဲ့လို့ သူကလည်း ထောင်ထဲမှာ နေတဲ့အချိန်မှာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာလို့ အကျဉ်းထောင်က ပေးတဲ့ လျော့ရက်တွေလည်း ရှိတယ်။ အဲ့လျှော့ရက်တွေနဲ့ ပေါင်းရင် သူလွတ်လာတာလည်း ဖြစ်မှာပေါ့။ အကျဉ်းထောင်စခန်းတွေမှာ နိုင်ငံရေး အကျဉ်းသားဆိုပြီး လာပြီး အပ်တာ တစ်ယောက်မှမရှိပါဘူး။ နိုင်ငံတော်က ချမှတ်ထားတဲ့ ပြစ်မှုပြစ်ဒဏ်တွေ ချမှတ်ထားလို့ အကျဉ်းထောင်တွေ ထဲ ရောက်လာတဲ့ အဖွဲ့တွေပဲ ရှိပါတယ်။”

AAPP ရဲ့ စာရင်းမှာ အမှုရင်ဆိုင်နေရဆဲ  နိုင်ငံရေးအကျဉ်းသား အများအပြား ပါဝင်နေသလို ထောင်ဒဏ် ချမှတ်ခံရပြီးသူ အရေအတွက် ၅၈ ဦး ရှိနေပါတယ်။ သူတို့တွေဟာ စစ်တွေ၊ သံတွဲ၊ အင်းစိန်၊ မြစ်ကြီးနား၊ လားရှိုး၊ ပခုက္ကူ၊ မအူပင်၊ ပုသိမ်၊ အိုးဘို၊ ကော့သောင်း၊ မော်လမြိုင် ထောင်တွေမှာ ရှိနေဆဲပါ။

အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကို စိတ်အားထက်သန်မယ်ဆိုရင် နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို လွှတ်ပေးသင့်တယ်လို့ ဦးဘိုကြည်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလ၊ မေလတို့မှာ  အကျဉ်းသား နှစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့် ပေးရာမှာလည်း ဒီနှစ်ဦး ကျန်နေခဲ့ပါတယ်။

မနေ့က သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ ထောင်ဒဏ် နှစ်နှစ်၊ နှစ်နှစ်ခွဲ၊ သုံးနှစ် စသဖြင့် အသီးသီး ကျခဲ့နေရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က လူငယ် ခြောက်ဦးလည်း ပါဝင်မလာခဲ့ပါဘူး။

စစ်ဘက်- အရပ်ဘက် ဆက်ဆံရေးမှာ တစ်စုံတစ်ရာ အခက်အခဲရှိတာကြောင့် ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် တွေ မလွတ်တာ ဖြစ်နိုင်တယ်လို့ သံချပ်အဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။

“စစ်ဘက် အရပ်ဘက် ဆက်ဆံရေးနဲ့များ ပတ်သက်နေမလားလို့ ကျွန်တော်က ယူဆမိတယ်။ ဒေါင်းတို့မျိုးဆက်က တပ်မတော်က တရားစွဲထားတဲ့ ကိစ္စဖြစ်တာကိုး။ တစ်စုံတစ်ခု အခက်အခဲရှိနေလို့များ ဒေါင်းတို့မျိုးဆက် အပါအဝင် တခြားကိစ္စတွေမှာ လွှတ်ပေးဖို့ နှောင့်နှေးသွားသလားပေါ့။ လူတိုင်းက လွတ်ချင်ပါတယ်။ မလွတ်တော့လည်း ဆက်နေရုံပေါ့။ ဒီဟာကို ဆက်တိုက်ပွဲဝင်ရုံပါပဲ။ သူတို့ ခြောက်ယောက် လုံးမှာလည်း အဲဒီ အနေအထားရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်ခင်ဗျ။"

လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်သူတွေကို အခုလို ဆက်ပြီး အကျဉ်းချထားတာဟာ တုန်လှုပ်ချောက်ချားစရာ ဖြစ်တယ်လို့ Amnesty International လို့ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ပြောဆိုလိုက်ပြီး သူတို့အားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။