ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာသတင်းတွေအပေါ် ပြည်ပအစိုးရတွေရဲ့ ထုတ်ပြန်မှုနဲ့ နှိုင်းယှဉ်ချက်

နန္ဒာချမ်း
2020.04.19

မြန်မာနိုင်ငံမှာ Covid-19 ကပ်ရောဂါ (ခေါ်) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာချိန်မှာ ဒီရောဂါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အစိုးရရဲ့ သတင်းထုတ်ပြန်မှု၊ မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းလွန်းတယ်လို့ သတင်းစာဆရာတွေက ထောက်ပြဝေဖန်တာတွေ ရှိလာပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စပြီးဖြစ်တဲ့အချိန် သတင်းမီဒီယာတွေနဲ့ ပြည်သူတွေက အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ခြင်း မရှိတဲ့အပေါ် ဝေဖန်တာတွေ ရှိလာပါတယ်။

ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးအောင်ဇော်ကတော့

“မြန်မာအစိုးရအနေနဲ့ဆိုရင်တော့ လုံလောက်မှုမရှိဘူး။ အားရစရာမရှိဘူးလို့ ကျနော်တို့ ပြောနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ခင်ကာလမှာရော၊ စတွေ့တဲ့အချိန်ကရော၊ အခုထိရော၊ အားရစရာ သိပ်မရှိဘူးပေါ့လေ။”

Facebook လို လူမှုကွန်ရက်တွေပေါ်က သတင်းအမှားတွေ ပြည်သူတွေလက်ထဲ မရောက်အောင်၊ ပြီးတော့ ဒီရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကို ပြည်သူတွေဆီ အချိန်မီရောက်နိုင်အောင်လို့ အခုလို အချိန်မျိုးမှာ အစိုးရက သတင်းမီဒီယာတွေနဲ့ အရင်ကထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့လည်း မီဒီယာလောကက ထောက်ပြနေတာပါ။ ဒေသတွင်းနိုင်ငံတွေမှာ အစိုးရတွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ သတင်းထုတ်ပြန်မှုတွေကို နမူနာယူသင့်တယ်လို့လည်း ဆိုကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးအောင်ဇော်ကတော့

“ကျနော်တို့နဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းလို နိုင်ငံတောင်မှ ထိုင်းနိုင်ငံဆိုတာ အခုအချိန်မှာ စစ်တပ်က အာဏာသိမ်းထားပြီး သူ့ကိုယ်သူ အရပ်သားအစိုးရလို့ ကြွေးကြော်နေတဲ့အစိုးရ၊ အဲလိုနိုင်ငံမျိုးကတောင် ကျန်းမာရေးဝန်ကြီးဌာနနဲ့ သတင်းထုတ်ပြန်တဲ့အခါမှာ သေသေချာချာ တစ်နေ့ကို သုံးကြိမ်၊ ငါးကြိမ်ထက်မနည်း၊ အချိန်မီ သတင်းကို ထုတ်ပြန်ပေးတဲ့အပြင် ဒီရောဂါကုသကာကွယ်ရေး၊ ထိန်းသိမ်းရေးကိစ္စတွေကအစ ဆရာဝန်တွေကိုယ်တိုင်က ဝင်ပြီးတော့ ၁၅ မိနစ်၊ နာရီဝက် အသေအချာရှင်းပြပြီးတော့ လူတွေကြားမှာ အကြောက်တရားနည်းအောင်၊ ဒီဟာကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ အသိတရားရှိအောင် ပညာပေးတာတွေ လှုံ့ဆော်တာတွေ၊ သေချာလုပ်ပေးတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေက သန်းနဲ့ချီပြီး မကုန်ကျပါဘူး။”

“မြန်မာနိုင်ငံမှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရော၊ ကျန်းမာရေးဝန်ကြီးကရော ဒီလောက်ငွေကြေးကို ကောင်းကောင်းသုံးနိုင်ပါတယ်။ ကျနော်တို့ဆီမှာ တကယ်တော်တဲ့ ဆရာဝန်တွေပဲဖြစ်ဖြစ်၊ ပြန်ကြားရေးမှာပဲ ဖြစ်ဖြစ်၊ အရည်အချင်းရှိတဲ့သူတွေကို ခန့်အပ်ထားတယ်။သူတို့ ဒါကို လုပ်နိုင်ပါတယ်။ မလုပ်နိုင်စရာမရှိပါဘူး။ ဆိုတော့ ဘာကြောင့် ဒီဟာကို ပျက်ကွက်ရသလဲဆိုတာကို ကျနော်တို့ မေးခွန်းထုတ်ရလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ အခုချိန်ထိ တကယ့်ကို သေရေးရှင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှု နှောင့်နှေးတဲ့ကိစ္စတွေ၊ ပြည်သူတွေကို သတင်းမှန် မလုပ်ပေးနိုင်တဲ့ကိစ္စတွေမှာ ကျနော်တို့က ဘယ်သူ့ကို ပြန်ပြီး ပြောရမှာလဲ၊ တိုင်တည်ရမလဲဆိုတာ ပြည်သူတွေဘက်ကနေ ပြန်ပြီး စဉ်းစားဖို့ လိုပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိလာပြီလို့ ကြေညာပြီးနောက်ပိုင်းမှာ အစိုးရကနေ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ဆောင်တာ မတွေ့ရတော့ပါဘူး။

ဒါနဲ့ပတ်သက်ပြီး - ဝါရင့် သတင်းစာဆရာ ဦးခင်မောင်ညိန်း က

“သတင်းစာရှင်းလင်းပွဲ လုပ်ပေးလို့ရှိရင် သတင်းထောက်တွေအနေနဲ့က အများကြီးပဲ ပွင့်ပွင့်လင်းလင်းနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို မေးလို့ရတယ်။ ဥပမာ ကျနော်တို့ နိုင်ငံရပ်ခြားမှာ တွေ့နေရတယ်။ ကျနော်တို့က အမေရိကားမှာနေနေတော့ အမေရိကားကဟာတွေကိုပဲ အများဆုံး မြင်နေရတာပေ့ါလေ။ သမ္မတက နေ့စဉ် နေ့တိုင်း သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ သတင်းစာရှင်းလင်းပွဲ လုပ်တယ်ဆိုရင် သူက သတင်းစာရှင်းလင်းပွဲမှာ ပြောမယ့်ဆိုမယ့် ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ ဝန်ကြီးတွေကို ခေါ်လာပြီးတော့ ဥပမာ - ဒီနေ့ပြောမယ့်ထဲမှာ ကျန်းမာရေးကိစ္စ အဓိကဖြစ်မယ်ဆိုရင် ကျန်းမာရေးဝန်ကြီးပါလာမယ်။ ဒီရောဂါကြောင့်မို့ သယ်ယူပို့ဆောင်ရေး၊ မီးရထားတွေ၊ မော်တော်ကားတွေနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် သယ်ယူပို့ဆောင်ရေး ဝန်ကြီးကို ခေါ်လာတယ်။ ဒီတော့ သမ္မတက ပြောစရာရှိတာပြောပြီးလို့ သတင်းထောက်တွေက မေးကြမြန်းကြတဲ့အခါမျိုးမှာ သက်ဆိုင်ရာ ဝန်ကြီးကနေ ကျေကျေလည်လည် ပြန်ပြီး ပြောဆိုသွားတာ တွေ့ရတယ်။ အဲလို ပြောပြတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့က သို့လောသို့လော ဖြစ်နေတဲ့ကိစ္စတွေ၊ မရှင်းမရှင်းဖြစ်နေတဲ့ ကိစ္စတွေဟာ သိသွားတယ်ပေ့ါ။ အခု မြန်မာနိုင်ငံမှာကတော့ သတင်းစာရှင်းလင်းပွဲလည်း သိပ်ပြီးတော့ လုပ်တာ မရှိဘူး။ ဒီလိုဖြစ်နေတာကတော့ မဖြစ်သင့်တဲ့ကိစ္စလို့ပဲ ပြောချင်ပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းကသာ သတင်းအချက်အလက်တွေကို ပုံမှန်ထုတ်ပြန်ပေးနေတာဖြစ်ပြီး၊ ပြောခွင့်ရပုဂ္ဂိုလ်ကိုလည်း တစ်ဦးတည်းသာ တာဝန်ပေးထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။