အရေးပေါ်အမိန့် ဖောက်ဖျက်မှု အရေးယူမှု ပြစ်ဒဏ် မညီမျှမှုများ ဝေဖန်ခံနေရ

နေမျိုးထွန်း၊ ခေမဏီဝင်း
2020.05.08

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က အစ္စလာမ်ဘာသာဝင်တစ်ချို့ဟာ နေအိမ်မှာ လူစုပြီး ဘာသာရေး ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) နဲ့ မေလ ၇ ရက် မနေ့က ချမ်းမြသာစည်မြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့ပါတယ်။

(ဒီသတင်းတင်ပြချက် မူရင်းမှာ သတင်းပါ အမှုနဲ့ မသက်ဆိုင်တဲ့ ဘာသာရေးဆိုင်ရာ ရုပ်သံပြကွက်တချို့ ပါဝင်ခဲ့တဲ့အတွက် ပြန်လည်ပြင်ဆင်တည်းဖြတ်ထားပါတယ်။ မူရင်းတင်ပြချက်မှာ ပါသွားတဲ့ ဘာသာရေးအဖွဲ့ဟာ အစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီသာ ဆောင်ရွက်နေတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးကာလမှာ လူစုလူဝေး မဖြစ်အောင် ဆောင်ရွက်နေသူတွေဖြစ်ပါတယ်။)

လူ ၁၄ ယောက် စုဝေးပြီး ဘာသာရေး ဝတ်ပြုဆုတောင်းခဲ့တာဖြစ်ပေမယ့် ၁၂ ယောက်ကိုသာ ထောင်ဒဏ် သုံးလ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ကျန်တဲ့ ၂ ယောက်ကတော့ အသက်မပြည့်သေးတဲ့အတွက် ကလေးသူငယ်တရားရုံးမှာ သီးခြားတရားစွဲဆိုထားပါတယ်။

ဒီဖြစ်စဉ်ဟာ ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ပြီး မနေ့က တရားရုံးမှာ တရားစွဲတင်ပြီး နေ့ချင်းပြီး အမိန့်ချခဲ့တာလို့ ချမ်းမြသာစည်မြို့နယ်တရားရုံး တရားသူကြီး တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောပါတယ်။

“သင်္ကြန်မတိုင်ခင်မှာ ဖြစ်တယ်။ ရဲက အမှုတည်ဆောက်တယ်။ မြို့နယ် ဥပဒေရုံးရဲ့ အကြံပြုချက်နဲ့အညီ ၇ ရက်နေ့က တရားစွဲတင်ပို့တယ်။ အဲဒီနေ့မှာပဲ အဓိကကျတဲ့သူတွေကို စစ်တယ်။ ညှိစွန်းမှုရှိတာ တွေ့ရလို့ စွဲချက်တင်တယ်။ စွပ်စွဲခံရသူတွေက ဝန်ခံတယ်။ အမိန့်ချလိုက်တယ်"

လူစုလူဝေးပြုလုပ်နေတာကို သတင်းရရှိတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တာဖြစ်ပြီး  ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ခဲ့တာပါ။

ဒီကာလမှာ လူစုလူဝေးတွေ မလုပ်ဖို့၊ ညမထွက်ဖို့ ဆိုတဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားပြီး မလိုက်နာသူတွေကို အမှုဖွင့်တရားစွဲဆိုတာတွေ၊ ထောင်ဒဏ်ချမှတ်တာတွေ ရှိပါတယ်။

လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတဲ့ကာလမှာ အခုလို အရေးယူ ပြစ်ဒဏ်ချမှတ်မှုတွေမှာ တစ်ပြေးညီ မဖြစ်ဘဲ ထောင်ဒဏ် ၃ လ၊ ၆ လ ချမှတ်သလို ငွေဒဏ်နဲ့ ပြီးဆုံးသွားတာတွေလည်း ရှိပါတယ်။

ဒီနေ့ မေ ၈ ရက် မနက်အထိ ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာ ၁၇၆ယောက်ထဲမှာ လူနာ ၁၀၀ ဝန်းကျင်ဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က လူစုလူဝေးနဲ့ ဘာသာရေးဆုတောင်းပွဲ တစ်ခုကြောင့်ပါ။ အဲဒီဆုတောင်းပွဲကြောင့် ရန်ကုန်က သင်းအုပ်ဆရာ၊ အမှုတော်ဆောင်နဲ့ တရားဟောဆရာတွေကို သက်ဆိုင်ရာ ရဲစခန်းတွေက အမှုဖွင့်ထားပေမယ့် ဘာတွေ ဆက်လက်လုပ်ဆောင်နေလဲဆိုတာကို အသိပေးပြောဆိုတာမျိုး မရှိတဲ့အတွက် ဝေဖန်နေပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က အမျိုးသားတစ်ဦးဟာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာလို့ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပေမယ့် မြိတ်မြို့မှာ ဒေသန္တရအမိန့်ကို မလိုက်နာဘဲ ဖွင့်လှစ်ခဲ့တဲ့ KTV ဆိုင်ပိုင်ရှင်တွေကိုတော့ ငွေဒဏ်ပဲချမှတ်ခဲ့တဲ့အပေါ်  ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဒေသန္တရအမိန့် ဖောက်ဖျက်လို့ အရေးယူအပြစ်ပေးတာတွေဟာ သက်ဆိုင်ရာ ဒေသအလိုက် ပေးချင်သလို ပေးနေတာတွေ တွေ့ရပြီး အဲဒီလို အပြစ်ပေးတဲ့ပုံစံ မတူညီတာဟာ လူအခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ Fortify Rights အဖွဲ့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“အစိုးရက ဒီ ကိုဗစ်အခြေအနေကို အကြောင်းပြုပြီးတော့ လူတွေကို ပိုပြီးဖိနှိပ်လာတာမျိုးတွေ ပိုပြီးတွေ့လာရတယ်။ ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ လူတွေကို အပြစ်ပေးတဲ့နေရာမှာ နေရာဒေသအလိုက် အပြစ်ပေးချင်သလို ပေးနေတာတွေ့ရတယ်။ တချို့ကျ ဒဏ်ရိုက်တာနဲ့ ပြီးသွားပြီးတော့ တချို့ကျတော့လည်း ထောင် သုံးလ ချတယ်ဆိုတာမျိုးတွေ လုပ်တယ်ပေါ့။ ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီးတော့ အရေးယူချင်သလို အရေးယူမယ်၊ ခွဲခြားဆက်ဆံမှုတွေ ရှိနေမယ်ဆိုရင် ဒီဟာက တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူ လုံဝမဖြစ်ဘူး။ လူ့အခွင့်အရေး ရှုထောင့်ကကြည့်မယ်ဆိုရင်လည်း အပြစ်ပေးတဲ့ပုံစံ မတူညီတာကိုက လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။”

ဒီလို ပြစ်ဒဏ်မညီမျှတာဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

“တရားရုံးရဲ့ ဆင်ခြင်တုံတရား ဆိုတာက ခံနေတယ်ဗျ။ အနည်းဆုံး ဘယ်လောက် မချမနေရဆိုတာ မပါတဲ့အတွက်ကြောင့် အဲလိုတွေဖြစ်နေတာဗျ။ အဲဒါက ဥပဒေရဲ့ အားနည်းချက်ပဲဗျ။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဆိုရင် ၁၀ နှစ် မချမနေရ အဲဒါတွေပါတယ်။ အခုဥပဒေမှာ အဲဒါတွေမပါတော့ အဲဒီလိုတွေ ဖြစ်နေတာ ဥပဒေရဲ့ အားနည်းချက်ပါ ခင်ဗျ။”

သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ဒဏ်ငွေဖြစ်စေ၊ အများဆုံး ထောင်ဒဏ် တစ်နှစ်ဖြစ်စေ ပြစ်ဒဏ် နှစ်ခုလုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် အနည်းဆုံးပြစ်ဒဏ် အတိအကျ ဖော်ပြမထားတဲ့အတွက် သက်ဆိုင်ရာ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။