အမေရိကန်ပိတ်ဆို့မှုအသစ်ကို တပ်မတော် ဝေဖန်
2019.12.11

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင် တို့ကို အမေရိကန်ပြည်ထောင်စုက ရခိုင် ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်းက လူနည်းစု တိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်တွေအတွက် အခုလို အရေးယူလိုက်တာလို့ မနေ့က ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အရပ်သား ဦးဆောင်တဲ့ စီးပွားရေးပြု ပြင်ပြောင်းရေးနဲ့၊ စစ်တပ်ကို အရပ်သားအစိုးရက ထိန်းချုပ်နိုင်ရေးတို့အတွက် အမေရိကန်ရဲ့ ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်စေမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာဌာန (Office of Foreign Assets Control) က ဆိုပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ပစ်မှတ်ထား ဖိအားပေးမှုလို့ မြင်ကြောင်းနဲ့ မြန်မာအစိုးရနဲ့ တပ်မတော်တို့ဟာ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။
“အဓိကတော့ ကျနော်တို့ ဒီဟာသည် ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးအရ ပစ်မှတ်ထားဖိအားပေးမှုလို့ မြင်ပါတယ်။ စွပ်စွဲတာကတော့ စွတ်စွဲသူတွေရဲ့ အာဘော်ပေါ့ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်အနေနဲ့ကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီအစိုးရအဖြစ် ဒီမိုကရေစီစနစ်အဖြစ် ပြုပြင်ပြောင်းလဲတဲ့အနေရာမှာ ကျနော်တို့ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။ တပ်မတော်အနေနဲ့ကတော့ ဒီမိုကရေစီစနစ်ကို လျှောက်လမ်းတဲ့နေရာမှာ လိုအပ်တဲ့ စံချိန်စံညွန်းတစ်ခုဖြစ်တဲ့ လူ့အခွင့်အရေးပတ်သက်ပြီး အသိပေးမှုတွေ၊ သတိပေးမှုတွေ၊ ပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပါတယ်။”
ဒါ့အပြင် အခုနောက်ပိုင်း စွပ်စွဲမှုတွေ လုပ်ဆောင်လာတာတွေရှိကြောင်း၊ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ဓာတုလက်နက်နဲ့ပတ်သက်ပြီးလည်း စွပ်စွဲခဲ့ကြောင်းနဲ့ လုပ်ကိုင်နေတာ မရှိကြောင်းကိုလည်း မီဒီယာတွေကို ပြောကြားထားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ICJ မှာ တရားစွဲခံရမှုနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်ရဲ့ အရေးယူမှု ပေါ်ပေါက်လာတာပါ။
အခုလို အရေးယူပိတ်ဆို့တာဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူ မပြုကြောင်း၊ အမေရိကန်အနေနဲ့ မြန်မာစစ်သားတွေကို သင်တန်းပေးပြီး အဲဒီသင်တန်းဆင်းတွေ တဖြည်းဖြည်းနဲ့ စစ်ဦးစီးချုပ်အဆင့် ရောက်သွားရင် တပ်မတော်က အလိုလို အရပ်ဖက်အုပ်ချုပ်မှုအောက်ကို သူ့ဟာသူ ရောက်သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့က တပ်မတော် အငြိမ်းစားအရာရှိ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက ပြောပါတယ်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဘာတို့ ကျူးလွန်တယ်ဆိုတာ ရေရေရာရာလည်း မသိရသေးဘဲနဲ့ သံသယအကျိုးကိုတောင်မှ ခံစားခွင့်မပေးဘဲနဲ့ ဒီလို လုပ်လုပ်နေတာတွေဟာ စစ်တပ်ထဲမှာ အမေရိကန် အိုင်ဒီယာတွေနဲ့ ပတ်သက်လို့ ကျနော်တို့က ဝေးသထက် ဝေးနေတယ်ဆိုတာကိုတော့ ပြောချင်တယ်။ အဲဒါမျိုး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက်ကိုလည်း ဘာမှ အထောက်အကူ မဖြစ်ဘူးလို့လည်း ပြောချင်တယ်။ ဖြစ်စေချင်လို့ရှိရင် ဒီစစ်သားတွေကိုသာဗျာ အဲဒီမှာ သင်တန်းပေးလိုက်ပါ။ အမေရိကန် Staff ကောလိပ်ပေါ့နော် အဲဒီကနေ ဆင်းလာတဲ့သူတွေ သင်တန်းတက်ဖူးတဲ့သူတွေ တဖြေးဖြေးနဲ့ စစ်ဦးချုပ်အဆင့်ထိ ရောက်သွားလို့ရှိရင် တပ်မတော်က အရပ်ဖက်အုပ်ချုပ်မှုအောက်ကို သူဟာသူ ရောက်သွားမှာပါ။ အခုလုပ်နဲ့ ပတ်သက်လို့ကတော့ မှားတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။”
ဒီလိုအရေးယူမှုတွေကြောင့် အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး အပြောင်းအလဲ ရှိလာနိုင်တယ်လို့ တချို့က ယူဆသလို တချို့ကလည်း ဒီပိတ်ဆို့မှုကြောင့် မြန်မာ တရုတ်ဆက်ဆံရေးအပေါ်လည်း သက်ရောက်လာနိုင်တယ်လို့ ယူဆကြပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာတရားရုံး ICJ မှာ သွားရောက်မကြားနာခင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီ မြန်မာနိုင်ငံကို လာရောက်ပြီး တွေ့ဆုံခဲ့တာပါ။
တရုတ်က ဒီလို ရပ်တည်နေတဲ့အချိန်မှာ အမေရိကန်က အခုလိုအမျိုးမလုပ်သင့်ဘူးလို့လည်း ဒေါက်တာ အောင်မျိုးက ပြောပါတယ်။
ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ် တရုတ်မြန်မာနယ်စပ်မှာ လှုပ်ရှားခဲ့ပြီး ယခု ရန်ကုန်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တပ်မတော်နဲ့ပတ်သက်ပြီး တာဝန်အရှိဆုံး စစ်ခေါင်းဆောင်တွေကို အရေးယူတဲ့ သဘောဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ၊ စီးပွားရေးအရ ထိခိုက်တဲ့အလုပ်တွေ မလုပ်ဘူးလို့ ယူဆကြောင်း ပြောပါတယ်။
“အရင်တုန်းကလည်း လုပ်ပြီးသားပါ။ အခုလဲ ဒီသဘောပါပဲ။ ဒါပေမဲ့ အမေရိကန်က မြန်မာပြည်ကို လက်လွတ်စပယ် လုပ်တာလို့ ကျနော်ကတော့ မယူဆပါဘူး။ အခုကတော့ အစီအစဉ်ရှိရှိ ဒီစစ်တပ်နဲ့ပတ်သက်ပြီး တာဝန်အရှိဆုံး စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ သဘောထားပဲရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ဘာမှ တိုက်ရိုက် နိုင်ငံရေးအရ၊ စီးပွားရေးအရ ထိခိုက်တဲ့အလုပ်တွေ မလုပ်ဘူးဆိုတာကို ဖော်ပြလိုက်တာလို့ ကျနော်ယူဆပါတယ်ခင်ဗျ။”
လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အမှန်တရားကိုဖော်ထုတ်နိုင်ဖို့၊ တရားဥပဒေတွေကို ဖော်ဆောင်ဖို့နဲ့ ချိုးဖောက်တဲ့သူတွေကို တတ်နိုင်သလောက် အရေးယူဖို့အတွက် သတိပေးတဲ့အရာတွေဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Equality Myanmar ကို တည်ထောင်သူ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“နိုင်ငံတစ်ခုက နောက်တစ်ခုကို အရေးယူဖို့အတွက် လုပ်ဆောင်တဲ့ကိစ္စတွေ နောက်ဆိုလို့ရှိရင် နိုင်ငံတကာကနေ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ အစဉ်အလာအထိ ဖြစ်လာနိုင်တယ်။ ဒါတွေကို တားဆီးဖို့အတွက်ကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အမှန်တရားကို ဖော်ထုတ်ဖို့၊ တရားဥပဒေတွေကို ဖော်ဆောင်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေကို ကျွန်တော်တို့ အမြန်ဆုံး ကုစားမှုတွေ ပြုလုပ်ပြီးတော့ ချိုးဖောက်တဲ့လူတွေကို တတ်နိုင်သလောက် အရေးယူဖို့အတွက် သတိပေးတဲ့ အရာတွေပဲဖြစ်ပါတယ်။”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူပေါင်းငါးသိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ရက်စက်ကြမ်းကြုပ်တဲ့ စစ်ဆင်ရေးတွေမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အဓိက တာဝန်ရှိသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူပဲ တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ် သန်းဦး၊ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ် အောင်အောင် တို့ဟာလည်း ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အသီးသီး တာဝန်ရှိသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ဒီစစ်တပ်ခေါင်းဆောင် လေးဦးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အမေရိကန် လာရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။