မြောက်ပိုင်းသုံးဖွဲ့ အပစ်ရပ်ကမ်းလှမ်းချက်ကို တပ်က လက်ခံရခက်နေ

သီဟထွန်း
2020.06.02

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ ရက္ခိုင့်တပ်တော် AA အပါအဝင် တအာင်းပလောင် TNLA နဲ့ ကိုးကန့် MNDAA တို့ က တပ်မတော်နဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲဖို့နဲ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ဇွန်လ ၁ ရက်နေ့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ စတင်ဖို့နဲ့ တပ်မတော်နဲ့ မြောက်ပိုင်းသုံးဖွဲ့တို့ နှစ်ဖက်အပစ်အခတ် ပ်စဲရေးကို အတူတကွ ပူးတွဲကြေညာဖို့ ကမ်းလှမ်းတာဖြစ်ပြီး တဖက်သတ် အပစ်ရပ်တာကိုလဲ ဇွန်လ ၁ ရက်နေ့ ကနေ သြဂုတ်လ ၃၁ ရက်နေ့ထိ ထပ်ပြီးတိုးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီကတော့  တဖက်က အကြမ်းဖက် လုပ်ရပ်တွေလုပ်နေပြီး တဖက်က ဆွေးနွေးမယ်ဆိုတဲ့ မီးစတဖက် ရေမှုတ်တဖက် လုပ်ရပ်မျိုးကိုတော့ လက်မခံနိုင်ဘူးလို့ RFA ကို ဒီနေ့ မနက်ပိုင်းက ပြောပါတယ်။

အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီးဖြစ်လို့ အကြမ်းဖက်လုပ်ငန်းစဉ်တွေကို စွန့်လွှတ်မယ်ဆိုတဲ့ သဘောထားမျိုးရှိရင်တော့ အစိုးရတာဝန်ရှိတဲ့သူတွေက စဉ်းစားဆုံးဖြတ်မှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တဆက်တည်းမှာပဲ မြောက်ပိုင်းအဖွဲ့တွေဘက်က ကြေညာချက်တွေ ထုတ်ပြန်နေပေမယ့် သူတို့ ဆက်သွယ် ဆောင်ရွက်မယ့် အခြေအနေနဲ့ လုပ်ရပ်အပေါ်မှာပဲ မူတည်ကြောင်း၊ သမ္မတရုံးက ဦးဇော်ဌေးတို့ ပြောထားပြီး ဖြစ်သလို ငြိမ်းချမ်းရေးလမ်းကြောင်းက ခုမှမဟုတ်ဘဲ လမ်းဖွင့်ထားတာကြာပြီဖြစ်ပြီး၊ နိုင်ငံရေးလမ်းကြောင်း ဖွင့်ထားတဲ့ အချိန်မှာ တွေ့ဆုံဆွေးနွေးရေး မလုပ်ဘဲ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်တာတွေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဒုက္ခပေးတာတွေလုပ်နေတယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက တုံ့ပြန်ပါတယ်။

မြောက်ပိုင်းအဖွဲ့  သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ်  အစိုးရရဲ့ သဘောထားကို သိနိုင်ဖို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အွန်လိုင်းကတဆင့် မေးမြန်းထားပေမယ့် တစ်စုံတစ်ရာ ဖြေကြားတာ မရှိသေးပါဘူး။

တချိန်တည်းမှာပဲ မြောက်ပိုင်းအဖွဲ့တွေဘက်က အခုလို တဖက်သတ်အပစ်ရပ်ရေး ကြေညာထားပေမယ့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အဝင်မှာ တပ်မတော်စစ်ကြောင်းကို မြောက်ပိုင်းအဖွဲ့ဝင်ဖြစ်တဲ့ အေအေအဖွဲ့က ဒီနေ့ ဇွန် ၂ ရက်နေ့လယ်ပိုင်းက မိုင်း နှစ်လုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားအရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ရေးပြင်းထန်နေချိန် အပြန်အလှန် ယုံကြည်မှုကင်းမဲ့နေတဲ့ ဒီအချိန်မှာ တွေ့ဆုံဆွေးနွေးဖို့က အောင်မြင်မှာ မဟုတ်သေးဘူးလို့ သုံးသပ်ပါတယ်။

"လက်တွေ့ စစ်ရှိန်တွေလျော့ချပြီးတော့ တစ်စုံတစ်ရာ စစ်ရပ်စဲတဲ့ အနေအထားတစ်ခုရောက်အောင် အရင်ဆုံးကြိုးပမ်းပြီးတော့မှ ဒီတွေ့ဆုံဆွေးနွေးမှုဆိုတာဖြစ်နိုင်မယ်လို့ယူဆတယ်။ အခုလက်ရှိ အခြေ အနေအတိုင်းကတော့ ဘယ်ဘက်ကမှ ဒီကိစ္စနဲ့ပတ်သက်ပြီး အလျော့ပေးမယ့် သဘောလည်းမရှိဘူး။ ရပ်ဆိုင်းမယ့် သဘောလည်းမရှိဘူး။ အပြန်အလှန်ယုံကြည်မှုမရှိဘဲနဲ့ကတော့ ဒီငြိမ်းချမ်းရေး တည်ဆောက် မှုတွေကတော့ ငြိမ်းချမ်းရေးအတွက် စစ်ရပ်စဲရေးအတွက် စကားပြောဖို့ဆိုတာ ချက်ချင်းဖြစ်လာမှာ မဟုတ်ဘူး။ လက်တွေ့ တကယ်တမ်း စစ်ရေးလှုပ်ရှားမူတွေ ရပ်ဆိုင်းပေးမှသာလျှင် အချိန်ကာလတစ်ခု ရောက်မှ ဒါဖြစ်လာမယ်လို့ ထင်ပါတယ်။"

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ Peace Creation Group (PCG ) က တဆင့် ကြိုးစားနေပြီး အဲဒီအဖွဲ့တွေ ဘက်က တုံ့ပြန်မှုကတော့ အားရစရာမရှိဘူးလို့ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ မျက်နှာချင်းဆိုင် မတွေ့ဆုံနိုင်သေးပေမယ့် အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ကမ်းလှမ်းထားတယ်လို့ ဦးဇော်ဌေး က ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု MIPS အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦးက ရှမ်းမြောက်က နှစ်ဖွဲ့နဲ့ ဆွေးနွေးရေး အခြေအနေ ကောင်းနိုင်ပေမယ့် ရခိုင်မှာတော့ တိုက်ပွဲ ပြင်းထန်နိုင်ခြေရှိတယ်လို့ ပြော ပါတယ်။

"ရှမ်းမြောက်ဘက်မှာတော့ ကျတော်တို့အမြင် တပ်မတော်ဘက်က TNLA နဲ့ အပစ်အခတ်ရပ်စဲရေး၊ MNDAA နဲ့ အပစ်အခတ်ရပ်စဲရေးအတွက်က အာသီသရှိပုံရတယ်ဆိုတော့ အကယ်လို့ နှစ်ဖက်လုံးက စစ်ဆင်ရေးကြီး မလုပ်ဘူး ခုနက ambush တွေ ဘာတွေမလုပ်ဘူးဆိုရင်တော့ အခြေအနေက ကောင်းနိုင်ပါတယ်၊ တိုက်ပွဲတွေ လျော့ချနိုင်ပါတယ်။ ဒါပေမဲ့ ရခိုင်ဘက်မှာတော့ တိုက်ပွဲတွေကတော့ ဒီပုံစံအတိုင်းဆိုရင် ဆက် ပြီးတော့ဖြစ်နေဦးမယ့် အနေအထားရှိတယ်။ ကျနော် ထင်တာတော့ တိုက်ရင်းဆွေးနွေးဖြစ်သွားမယ်လို့တော့ ထင်ပါတယ်။ ခုပုံစံအတိုင်းဆိုလို့ရှိရင်တော့ ဆွေးနွေးပွဲတံခါးက ဖွင့်ထားတယ် ဆက်ဆွေးနွေးမယ်၊ ဒါပေမဲ့ တိုက်တဲ့ကိစ္စကတော့ ဆက်တိုက်နေဦးမယ်ဆိုတဲ့ သဘောလို့ပဲမှတ်ရမှာပေါ့။"

မိုးတွင်းကာလရောက်နေပြီဖြစ်ပေမယ့် ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က စစ်ရေးထိုးစစ်တွေ လျော့ချသွားမယ့် အခြေအနေမရှိပဲ ဆက်ပြီးတိုက်နေဦးမယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

မေလ ၂၉ ရက်စွဲနဲ့ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့  အစိုးရနဲ့ တပ်မတော်ဘက်က မျှော်လင့်စရာ ဘာမှမရှိတော့ တာကြောင့် အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ရခိုင်ပြည်နယ်ကနေ အမြန်ဆုံး ထွက်ခွာသွားဖို့ ဖော်ပြခဲ့ပါတယ်။

မနေ့က မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ တပ်မတော်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အဆင်ပြေအောင်လုပ်နိုင်ဖို့၊ ပြည်သူတွေကို ကာကွယ်နိုင်ဖို့၊ နှစ်ဖက်အပစ်ရပ်ရေး အမှန်တကယ်ဆောင်ရွက်ပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးကို အထောက်အကူပြုဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တအာင်းပလောင် TNLA အဖွဲ့ကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအထိ လက်ခံဖြေကြားခြင်းမရှိပါဘူး။

ပြည်တွင်းနဲ့ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းတည်ငြိမ်ဖို့ တဖက်သတ်အပစ်ရပ်တာကို ငါးကြိမ်ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ဘက်ကလည်း မေလ ၁၀ ရက်နေ့ကနေ သြဂုတ်လကုန်ထိ တဖက်သတ် အပစ်ရပ်စဲရေး ကြေညာ ခဲ့ပေမယ့်  အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ AA အဖွဲ့ရှိတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ အပစ်ရပ်အကျုံးမဝင်ဘဲ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။