ပစ်ခတ်မှုကြောင့် ကျောက်တော်မှာ နှစ်ဦးသေ၊ တပ်မတော်လက်ချက်ဟု ဒေသခံတွေပြော


2020.08.27

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဩဂုတ်လ ၂၇ ရက် ဒီနေ့မနက်က တပ်မတော်က ပစ်ခတ်တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးသွားသလို နောက်ဖြစ်စဉ်တစ်ခုမှာလည်း ပစ်ခတ်ခံရလို့ အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ကိုမောင်နိုင်ဝင်းဟာ ဒီနေ့မနက် ၁ နာရီ ကျော်လောက်က ပစ်ခတ်ခံရလို့သေဆုံးသွားတာပါ။ တပ်မတော်စစ်ကြောင်းက ပစ်ခတ်သွားတာဖြစ်ပြီး မနက် ၅ နာရီလောက်မှာ အလောင်းကို ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ကိုမောင်နိုင်ဝင်းရဲ့ အစ်မဖြစ်သူ ဒေါ်ဦးသန်းဝင်းက RFA ကိုပြောပါတယ်။

“စစ်သားတွေက ည ၁ နာရီကျော်မှာ ဝင်လာတာပါ။ အဲဒီအချိန်မှာပဲ ကျွန်မရဲ့မောင်လေးဟာ အိမ်မှာ အိမ်သာ မရှိတော့ အပြင်ကိုထွက်သွားတာ။ အဲဒီမှာ စစ်သားတွေလာတာနဲ့ ပက်ပင်းတိုးမိပြီး ပစ်သတ်လိုက်တာ။ အဲလို ပစ်ပြီးတော့ စစ်သားတွေဟာ အဲဒီနားက ကျွန်မညီမအိမ်ကိုဝင်ပြီးတော့ ထမင်းအိုးတွေ ဖွင့်စားပြီး အိပ်လို့နေခဲ့ သေးတယ်။ အိမ်သားတွေကိုလည်း ဘာမှမကြောက်နဲ့ ငါတို့ဘာမှမလုပ်ဘူးလို့ ပြောတယ်။  အိမ်သားတွေ အကုန်လုံးက ကြောက်ပြီးတော့ မိုးလင်းတဲ့အထိ မအိပ်ဘဲထိုင်နေကြရတယ်။ အလောင်းကိုတော့ အနားက ထော်လာဂျီကိုအုပ်ထားတဲ့ တာပေါ်လင်စနဲ့ လိပ်ပြီးတော့ ရင်ခွဲရုံထဲကို သွင်းပစ်ခဲ့ကြတယ်”

ကိုမောင်နိုင်ဝင်းဟာ ဖုန်းဆိုင်မှာ အလုပ်ဝင်လုပ်ပြီး အမေအိုကို လုပ်ကျွေးနေတာဖြစ်သလို ဘာလက်နက်ကိုင်အဖွဲ့ နဲ့မှလည်း ပတ်သက်မှုမရှိဘူးလို့ မိသားစုနဲ့ ရပ်ကွက်လူကြီးတွေက ပြောဆိုကြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ထုတ်ပြန်ခဲ့ရာမှာ တပ်မတော်လှည့် ကင်းလှုပ်ရှားစစ်ကြောင်းဟာ ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ ကျောက်တော်-ဝါးကင်းကျေးရွာသွား လမ်းကြောင်း ပေါ်မှာ မသင်္ကာဖွယ်ရာ အပြန်အလှန်မီးအချက်ပြမှု ပြုလုပ်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။ ဒါကို စစ်ဆေးဖို့ ခေါ်ယူရာမှာ မလာရောက်ဘဲ ထွက်ပြေးသလို လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ထွက်မပြေးဖို့ ပြောပေမယ့် မရပ်တန့် တဲ့အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ အလောင်းကိုတော့ နယ်မြေရဲစခန်းကို လွှဲပြောင်း ပေးခဲ့တယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီနေ့မနက်က ရုပ်အလောင်းကို သွားကြည့်ခဲ့တဲ့သူအချို့က ကိုမောင်နိုင်ဝင်းရဲ့  ဦးခေါင်းနဲ့ခန္ဓာကိုယ်တွေမှာ ဒဏ်ရာတွေတွေ့ရပြီး ဘယ်ဒဏ်ရာအမျိုးအစားလဲဆိုတာကို မသိဘူးလို့ပြောကြပါတယ်။

ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်တဲ့နေရာရဲ့ တောင်ဘက် ၇ မိုင်ကျော်အကွာမှာရှိတဲ့ အပေါက်ဝကျေးရွာမှာလည်း ဒီနေ့မနက် ၁၀ နာရီလောက်က ပစ်ခတ်ခံရလို့ အမျိုးသမီး တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို အကူအညီပေးခဲ့တဲ့ ဒေသခံကျေးရွာသားတစ်ဦးက ရွာထဲမှာရှိနေတဲ့ တပ်မတော် စစ်ကြောင်းက ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။

“အပေါက်ဝရဲစခန်းမှာရှိတဲ့ တပ်မတော်သားတွေပေါ့။ မနက်ရဲစခန်းဝင်းထဲကနေ ထွက်လာတော့ ရွာသားတွေ က ပြေးကြတာပေါ့။ အဲဒီအချိန်မှာ သူတို့က ကားလမ်းပေါ်ရောက်လာတယ်။ သူတို့ ဘူတာနားရောက်လာတော့ သေနတ်ပစ်တယ်ဗျ။ သေနတ်ပစ်တော့ လယ်ကွင်းပြင်မှာ ကောက်စိုက်နေတဲ့လူတွေရှိတယ်။ သေနတ်က တရစပ်ပစ်တော့ သူတို့ကရွာထဲကို ပြေးဝင်တာပေါ့နော။ ပြေးဝင်တော့ သူတို့အာပီဂျီနဲ့ လှမ်းထုတာ။ အာပီဂျီနဲ့ လှမ်းထုတဲ့အခါ သူတို့ဆီမှာ ထိသွားကြတာ”

ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၅၄ နှစ်အရွယ် ဒေါ်မဲကြည်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်အေးသိန်းကျော့၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မကျော့စိန် တို့ဖြစ်ပါတယ်။

သူတို့ သုံးဦးစလုံးကို ကျောက်တော်ဆေးရုံကို တင်ထားရပြီး နောက်ထပ် အသက် ၄၂ နှစ်အရွယ် ဒေါ်ပုမကတော့ ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ဖို့ ပြင်ဆင်နေစဉ်မှာပဲ သေဆုံးသွားတာ လို့ အကူအညီပေးနေသူတွေကပြောပါတယ်။

ဒီနေ့မနက်က ပစ်ခတ်မှုဟာ မိုင်းခွဲခံရတာတွေမရှိဘဲ ပစ်ခတ်ခဲ့တာဖြစ်လို့ ဘာကြောင့်ပစ်တယ်ဆိုတာကို နားမလည်နိုင်ဖြစ်ရတယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက အခုလို အရပ်သားတွေပစ်ခတ်ခံရတဲ့ကိစ္စဟာ လူမဆန်တဲ့လုပ်ရပ်လို့ ဝေဖန်ပါတယ်။

“အခုလိုကပ်ဘေးရင်ဆိုင်နေရတဲ့အချိန်မှာ ပိုပြီးတော့ ရခိုင်ပြည်သူတွေကို ကူညီပြီးလုပ်ရမယ့်အစား ဒီလိုမျိုး ပစ်သတ်နေတယ်ဆိုတော့ ဒါကို တဖက်ကကြည့်မယ်ဆိုရင် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူး လွန်တယ်။ လူ့အခွင့်အရေးချိုးဖောက်တာပဲလို့ ကျွန်တော်ကပြောချင်တယ်။”

တပ်မတော်ရဲ့ထုတ်ပြန်ချက်ထဲမှာ သေဆုံးသူအမျိုးသားဆီက စကားပြောစက်တလုံး သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားတာကြောင့် အဲဒီအမျိုးသားဟာ AA နဲ့ဆက်စပ်မှုရှိ မရှိ သိနိုင်ဖို့နဲ့ ဒီရက်ပိုင်းတွေအတွင်း ကျောက်တော် မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာရှိမရှိ  AA ကိုဆက်သွယ်ရာမှာ AA ပြောခွင့်ရသူ ခိုင်သုခက သေဆုံးသူ မောင်နိုင်ဝင်း ဟာ  ဒေသခံ ပရဟိတသမားတစ်ယောက်ဖြစ်ကြောင်း၊ ဒီသေဆုံးသူဆီက စကားပြောစက်ကို ဖမ်းဆီးရမိတယ် ဆိုတာ တပ်မတော်ရဲ့ လုပ်ကြံမှုသာဖြစ်တယ်လို့ ပြောပါတယ်။

အခုတလော ကျောက်တော်ဘက်မှာ တိုက်ပွဲတွေဖြစ်တာရှိသလားဆိုတဲ့ RFA ရဲ့မေးခွန်းကို ခိုင်သုခက မနေ့က ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်ထဲကို အစိုးရတပ်မတော်အင်အား ၆၀ လောက် ဝင်ရောက်လာပြီး အကြောင်းမဲ့ ပစ်ခတ်ခဲ့တာရှိခဲ့ကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်းမှာ မြန်မာစစ်တပ်ဘက်ကသာ စတင်ပစ်ခတ် တာတွေ လုပ်နေကြောင်း ပြောပါတယ်။

ရခိုင်တပ်တော် AA ရဲ့ပြောဆိုချက်တွေ ဒီကနေ့ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ကို RFA က အခု သတင်းထုတ်လွှင့်ချိန်ထိ ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

သြဂုတ်လ ၂၄ ရက်နေ့က တပ်မတော်ရဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ အခုအချိန်ဟာ ကပ်ရောဂါကာလ ဖြစ်တာမို့  နိုင်ငံတော်က အကြမ်းဖက်လို့ သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းများရှိတဲ့ နေရာတွေကလွဲလို့ ကျန်တဲ့နယ်မြေတွေမှာ  စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၂၀၂၀ ပြည့်နှစ် ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာအစိုးရက ရခိုင့်တပ်တော် AA ဟာ အကြမ်းဖက်အဖွဲ့ ဖြစ်တယ်လို့ ကြေညာထားတာပါ။

ရခိုင်ပြည်နယ်မှာ ကိုရိုနာကမ္ဘာ့ကပ်ရောဂါဖြစ်ပွားသူဦးရေ နေ့စဉ်နဲ့အမျှတိုးလာနေပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကနေ ဒီနေ့သြဂုတ်လ ၂၇ ရက် မနက်ပိုင်းအထိ ၁၈၄ ဦးရှိနေပြီဖြစ်ပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့ သြဂုတ်လ ၂၇ ရက်နေ့အထိ စစ်ရေးကာလအတွင်း အရပ်သား သေဆုံးသူ ၂၈၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၁၈ ဦးအထိ ရှိနေပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။