သိန္နီ၊ ကွတ်ခိုင်တိုက်ပွဲ ဒဏ်ရာရသူ ၁၂ ဦးထဲ လသားကလေး ပါဝင်
2019.10.13
ရှမ်းပြည်မြောက်ပိုင်း သိန္နီနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တပ်မတော်နဲ့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တို့ တိုက်ခိုက်ကြရာမှာ လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
အောက်တိုဘာ ၉ ရက်နေ့ မနက်ခြောက်နာရီခွဲအချိန် သိန္နီမြို့အဝင်မှာ တပ်မတော်ယာဉ်တန်းနဲ့ TNLA တပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ပါတယ်။
TNLA က RPG နဲ့ပစ်ခတ်ခဲ့တာမှာ တပ်မတော်ဘက်က သုံးဦးကျဆုံးသလို သုံးဦးဒဏ်ရာရခဲ့ပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေမှာ လက်နက်ကြီးကျည်တွေဟာ အရပ်သားနေအိမ်တွေကို ကျရောက်ခဲ့လို သိန္နီမြို့ရပ်ကွက် ၁၊ ၂၊ ၃ က အရပ်သား ခုနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ သိန္နီမြို့အတွင်း လက်နက်ကြီးပစ်ခတ်သံတွေကို ထပ်မံကြားခဲ့ရပြီး သိန္နီမြို့ ရပ်ကွက် ၃ မှာနေထိုင်တဲ့ လင်မယား နှစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားဖြစ်သူကို လားရှိုးဆေးရုံ ပို့ဆောင်ခဲ့ရပါတယ်။
အောက်တိုဘာ ၉ ရက်နေ့တိုက်ပွဲအတွင်းမှာလည်း အရပ်သားငါးဦးထဲက နှစ်ဦးကို လားရှိုးဆေးရုံကို ပို့ဆောင် ကုသခဲ့ရတာပါ။
ပစ်ခတ်မှုတွေကြောင့် သိန္နီမြို့နယ်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့နေအိမ်တွေ အပါအဝင် ရပ်ကွက် ၁၊ ၂၊ ၃ အတွင်းက နေအိမ်ဆယ်လုံးမှာ အမိုးသွပ်တွေ တံခါးမှန်တွေ ထိခိုက်ပျက်စီးခဲ့ပြီး မှန်လုံကားတစ်စီး အပါအဝင် ကားသုံးစီးလည်း မိုင်းစတွေ ထိမှန်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ အောက်တိုဘာလ ၁၁ ရက်နေ့ညနေပိုင်းမှာ ကွတ်ခိုင်မြို့နယ် လွယ်ပယ်စုစည်းရွာထဲကို လက်နက်ကြီးကျလို့ လသားအရွယ် ကလေးငယ် အပါအဝင် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနေ့ညနေပိုင်းမှာ ကွတ်ခိုင်မြို့ တပ်မတော်စခန်းကုန်းကနေ လက်နက်ကြီး သုံးချက်လောက် ပစ်ခတ်သံကို ကြားရတယ်လို့ဒေသခံတွေကို ပြောပါတယ်။
လွယ်ပယ်စုစည်းရွာတဝိုက် လက်နက်ကြီးကျရောက်လို့ နေအိမ်အချို့ ပျက်စီးသလို ရွာသားသုံးဦး ထိခိုက်ခဲ့ပြီး ကွတ်ခိုင်ဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့သွားရောက်ကူညီခဲ့တဲ့ ကွတ်ခိုင် ဒေသခံ ဒေါ်ခမ်းမတ် က ပြောပါတယ်။
အဲဒီနေ့မနက်ပိုင်းမှာ ကွတ်ခိုင်မြို့နယ်အတွင်းက နမ့်ကွတ်ရွာတောင် ကုန်းတွေမှာ တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိပြီးတော့ လက်နက်ကြီးကျတဲ့ လွယ်ပယ်စုစည်းရွာနဲ့ဝေးတယ်လို့TNLA ပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၉ ရက် သိန္နီဖြစ်စဉ်မှာလည်း သူတို့ တပ်ဖွဲ့ဝင်တွေ လမ်းဖြတ်ကူးချိန် တပ်မတော်ယာဉ်တန်းနဲ့ထိပ်တိုက်တွေ့လို့တိုက်ပွဲဖြစ်ပြီးနောက်မှာ ပြန်လည်ဆုတ်ခွာခဲ့ပြီး ထပ်မံတိုက်ပွဲဖြစ်တာမရှိဘူးလို့ TNLA သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲကို တပ်မတော်ဘက်က လက်နက်ကြီးပစ်ခတ် တာတွေမရှိဘူးလို့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့အပစ်ရပ်မယ်လို့ ထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက်မှာ တိုက်ပွဲတွေ အနည်း ငယ်လျော့ခဲ့ပေမယ့် တပ်မတော်နဲ့တိုက်ပွဲဖြစ်ပွားမှုတော့ ဆယ်ကြိမ်လောက်ရှိခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
ဒေသခံတွေကြားမှာတော့ ကျေးရွာတွေအနီးတိုက်ပွဲဖြစ်ပွားတာ လက်နက်ကြီးတွေကြောင့် ထိခိုက်မှာကို အရင်ထက်ပိုစိုးရိမ်နေကြတယ်လို့ကွတ်ခိုင်ဒေသခံ ဒေးခမ်းမတ်က ပြောပါတယ်။
သိန္နှီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးကတော့ သိန္နီမြို့အတွင်းမှာ ဒေသဖွံ့ဖြိုးရေးတွေကို ကြိုးစားလုပ်ဆောင်နေရချိန် တိုက်ပွဲတွေမဖြစ်ဖို့ဝိုင်းဝန်းကူညီစေချင်တယ်လို့ပြောပါတယ်။
လက်ရှိမှာ ရှမ်းမြောက်ဒေသ ကွတ်ခိုင် မူဆယ်လမ်းတလျှောက် တပ်မတော်က လုံခြုံရေးတွေ ယူထားသလို စစ်အင်အားတွေလည်း ဖြန့်ကျက်ထားတဲ့ အခြေအနေကို တွေ့ရပါတယ်။ ဒေသအတွင်း နှစ်ဖက်တပ်တွေကြားမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေကြားမှာတော့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြပါတယ်။
(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်။)