သတင်းသမားတွေ ပစ်မှတ်ထား ဖမ်းဆီးခံနေရ

ချမ်းမြေ့အောင် (ဝါရှင်တန် ဒီစီ)
2021.09.12
သတင်းသမားတွေ ပစ်မှတ်ထား ဖမ်းဆီးခံနေရ ၂၀၂၁၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသူတွေကို သတင်းယူနေတဲ့ သတင်းသမားတစ်ဦးကို တွေ့ရစဉ်
Photo: RFA

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြတဲ့သတင်းတွေ၊ CDM ဝန်ထမ်းတွေရဲ့ အခက်အခဲသတင်းတွေကို ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ အလွတ်သတင်းထောက် မသူဇာ ဟာ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ အဆက်အသွယ်မရတော့ဘူးလို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။

ခုလိုသတင်းတွေ တင်ဆက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မတ်လ လောက်တုန်းက သူ့နေအိမ်ကို ဝင်ရောက်ဖမ်းဆီးတဲ့အချိန်ကစပြီး မသူဇာဟာ အိမ်မှာမနေတော့ဘဲ ရန်ကုန်မြို့တွင်းမှာပဲ ရှောင်ပုန်းနေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ နေ့လယ် ၃ နာရီလောက်စပြီး သူနဲ့အဆက်အသွယ် မရတော့ဘူးလို့ မသူဇာ ရဲ့ခင်ပွန်း ကိုရဲကိုက ပြောပါတယ်။

"သူ့ဆီက တစ်စုံတစ်ရာ မဆက်သွယ်ဘူးဆိုရင် ကျန်ခဲ့တဲ့သူတွေဆီမှာ ဘယ်လောက်ထိ မီးတွေ တောက်နေမယ် ဆိုတာ သူသိတယ်။ ဖုန်းတွေ ခါးပိုက်နှိုက်ခံရတာပဲဖြစ်ဖြစ်၊ ကျပျောက်လို့ပဲဖြစ်ဖြစ် တခြားဖုန်းနဲ့ ကျွန်တော့်ကို ဆက်လို့မရရင်တောင် မက်ဆေ့ ပို့လို့ရတယ်။ ကျွန်တော်တို့မှာ အရေးကြီးရင် ဆက်သွယ်လို့ရတဲ့ မိသားစုတွေရဲ့ဖုန်းတွေရှိတယ်။ အခုလိုဆက်သွယ်လို့မရတော့ဘူးဆို ရှေ့နေနဲ့ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာတွေလုပ်တာ ကျိန်းသေသလောက် ဖြစ်နေပြီ။ သတင်းထောက်တွေကို သူတို့ ဖမ်းနေတယ်။ တိုင်းပြည်မှာ ဘာပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲတက်တက်၊ ကောင်းတာ၊ ဆိုးတာ သတင်းသမားက ဖော်ပြနေမှာပဲ"

ခုချိန်အထိ မသူဇာကို ဘယ်သူတွေက ဖမ်းထားတယ်၊ ဘယ်မှာရှိနေတယ်ဆိုတာ မသိရဘူးလို့လည်း ပြောပါတယ်။

အရင်က သတင်းထောက်လုပ်ခဲ့ဖူးတဲ့ ကိုမှူးအိမ်ဇော်ဟာလည်း လက်ရှိ ပရဟိတ စေတနာ့ဝန်ထမ်း လုပ်ကိုင်နေပေမယ့် သူ့ရဲ့ဇနီးနဲ့အတူ စက်တင်ဘာ ၆ ရက်နေ့ က အဖမ်းခံလိုက်ရပါတယ်။ သူ့ဇနီးဟာ NLD အစိုးရလက်ထက်က ရန်ကုန်တိုင်း လွှတ်တော်ဝန်ထမ်းဖြစ်လို့ ဝန်ထမ်းအိမ်ယာမှာ နေထိုင်ရင်းကနေ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ကလည်း ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ သတင်းထောက် မထက်ထက်ခိုင် တို့ ဖမ်းဆီးခံရပြီးတဲ့နောက် နှစ်ယောက်စလုံးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တရားရုံးမှာ စစ်ကောင်စီက တရားစွဲထားသလို၊ မထက်ထက်ခိုင်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ပါ ထပ်တိုး တရားစွဲထားပါတယ်။

ဒါကြောင့် စစ်တပ် အာဏာသိမ်းပြီးနောက် အဖမ်းခံရတဲ့ သတင်းသမား ၈၇ ဦး အထိရှိခဲ့ပြီး၊ ဇွန်လ ၃၀ ရက်နေ့က အကျဉ်းသား ၂၀၀ ကျော် ပြန်လွှတ်တဲ့အထဲမှာ သတင်းသမား ၁၄ ယောက်သာ ပါဝင်ခဲ့ပါတယ်။

အခုလည်း သတင်းမီဒီယာသမားတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးမှုတွေ လျော့မသွားသေးဘူးလို့ သတင်းစာဆရာ ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

"ဇွန်လ ၃၀ ရက်မှာ တစ်သုတ်လွှတ်တယ် ၁၄ ယောက်ပေါ့နော်။ အဲလိုလွှတ်လိုက်လို့ သတင်းသမားတွေ ထပ်အဖမ်းမခံရတော့ဘူးလားလို့ ယူဆခဲ့တာပေါ့နော်။ သို့ပေမဲ့ အခုနောက်ပိုင်း ဇူလိုင်လကုန် သြဂုတ်လ နှောင်းပိုင်းလောက်မှာ ပြန်အဖမ်းခံရတာတွေ ကြည့်လိုက်တော့ မီဒီယာသမားတွေ ပစ်မှတ်ထား အဖမ်းခံရတာက လျော့မသွားဘူးလို့ ကျွန်တော်တို့ မြင်တယ်။ မီဒီယာသမားတွေကို ပစ်မှတ်ထားခြင်းက သတင်းဖော်ပြမှုတွေ လျော့သွားအောင် ရည်ရွယ်ချက်ထားတယ်လို့ မြင်တယ်ပေါ့နော်။ သတင်းသမားတွေ အနေနဲ့တော့ ပိုပြီး သတိထားနေရမယ်လို့တော့ ကျွန်တော်မြင်ပါတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီကို စတင်တော်လှန်ဖို့ စက်တင်ဘာ ၇ ရက်နေ့မှာ သတ်မှတ်လိုက်တဲ့အတွက် ရခိုင်ပြည်နယ်ထဲ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံခဲ့ရသလို အခုလည်း နေရာဒေသတွေအလိုက် လုပ်လာနိုင်တယ်လို့ ဦးမြင့်ကျော် က ပြောပါတယ်။

CRPH၊ NUG ၊ PDF စတဲ့အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီက သတ်မှတ်ထားပြီး ပတ်သက်ဆက်နွယ်သူတွေကိုလည်း အရေးယူနိုင်အောင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေထဲမှာ ထပ်မံဖြည့် စွက်ပြီး ပြဌာန်းလိုက်ပါတယ်။

အဲဒီလိုဖြည့်စွက်ထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကြောင့် သတင်း မီဒီယာသမားတွေကို ဦး တည်လာတယ်လို့ ဖမ်းဆီးခံသတင်းထောက်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့် က သုံးသပ်ပါတယ်။

"နစက ကနေ ပြင်လိုက်တဲ့ ဥပဒေ တစ်ခု ရှိတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၂) (က) မှာ ထပ်ဖြည့်ပြဌာန်းထားတာတွေ ရှိတယ်။ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့အဖွဲ့အစည်းကို ဝါဒဖြန့်ချီပေးတဲ့သူ၊ လှူံ့ဆော်ပေးတဲ့သူတွေလည်းပဲ ဒါ အားပေးကူညီတဲ့အတွက် သူ့တို့ကိုလည်းပဲ တူညီတဲ့ ပြစ်ဒဏ် ချမှတ်မယ်ဆိုတဲ့အတွက် ဒီ NUG၊ CRPH နဲ့ PDF တို့ကို နှိမ်နင်းဖို့ ဖော်ထုတ်ဖမ်းဆီးမယ် ဆိုပေမယ့် သူနဲ့ ဆက်နွယ်နေတဲ့၊ သူ့ကို ထောက်ပံ့နေတဲ့ တစ်နည်းအားဖြင့် သူတို့ရဲ့ သတင်းတွေကို ထုတ်လွှင့်ပြီးတော့ ပြည်သူတွေကို အသိပေးမယ့် သတင်းသမားတွေဘက်ကိုလည်းပဲ ဦးတည်လာတယ်လို့ သုံးသပ်မိပါတယ်"

စစ်ကောင်စီရဲ့ ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဇူလိုင် ၁၂ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့ပါတယ်။

"လူငယ်တွေနဲ့ ပြည်သူတွေကို ခုခေတ်စကားနဲ့ ပြောရရင်တော့ ဂျင်းထည့်နေတာ။ ဘာတွေလဲဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ အဲလို ဂျင်း ထည့်နေတဲ့သူတွေက နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အန္တရာယ်တွေဖြစ်ပါတယ်။ လူငယ်တွေ၊ ပြည်သူတွေ သတင်းအမှား၊ အတွေးအမှားတွေ ဖြစ်ပေါ် လာဖို့ လုပ်ဆောင်လာတဲ့ အဖွဲ့တွေပြီးရင် မီဒီယာတွေကမှ ပြည်သူ့အန္တရာယ်တွေ၊ ဒလန်တွေ ဖြစ်ပါတယ်။ တိုင်းပြည်ကို ပျက်အောင်မွှေမယ့် ပြည်သူလူထု လူမှုစီးပွားပျက်အောင်လုပ်မယ့် တိုင်းဖျက်ပြည်ဖျက် ဒလက်တွေ ဖြစ်ပါတယ်။ ဒါတွေကို သတိရှိကြဖို့ ပြောကြားလိုပါတယ်"

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်း လွတ်လပ်မှု အညွှန်းကိန်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရကာလ အတွင်း ၂ဝ၁၇ မှာ အဆင့် ၁၃၁ နေရာမှာ ဖော်ပြခံခဲ့ရာကနေ အခု ၂၀၂၁ စစ်ကောင်စီ လက်ထက်မှာတော့ အဆင့် ၁၄၀ အထိ ကျဆင်းသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။